နေပြည်တော်   ၁၆    ဇန်နဝါရီ

 

စိုက်ပျိုးရေးတက္ကသိုလ်ဘွဲ့ရများအသင်းက ကြီးမှူးကျင်းပသည့် “ကျန်းမာရေးနှင့် သင့်လျော်ပြီး ဘေးအန္တရာယ်ကင်းရှင်း လုံခြုံစိတ်ချရသည့် စိုက်ပျိုးသီးနှံများဆိုင်ရာ စာတမ်းများ” ခေါင်းစဉ်ဖြင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ (၁၃)ကြိမ်မြောက် သုတေသန စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 

စာတမ်းဖတ်ပွဲတွင် ပြည်‌ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အဆင့်မြင့် စိုက်ပျိုးရေးပညာရှင်များ မွေးထုတ်ပေးခြင်း၊ အရည်အသွေးပြည့်ဝသည့် မျိုးဆက်သစ်စိုက်ပျိုးရေး ပညာရှင်များ‌ ပေါ်ထွက်လာရေးအတွက် ပြုစုပျိုးထောင်စီစဉ်ဆောင်ရွက်ပေးခြင်း အပါအဝင် စိုက်ပျိုးရေးဘွဲ့ရ ပညာရှင်များ၏ အသိပညာဗဟုသုတများ ဖြန့်ဝေပေးနိုင်မှုစွမ်းအားသည် နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ  တိုးတက်မြင့်မားလာရေးအတွက် အဓိက ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကို အခြေခံပြီး စက်မှုလယ်ယာစနစ် အသွင်ကူးပြောင်းကာ နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့် ကာလတွင် ယခုကဲ့သို့ တက္ကသိုလ်ရှိ စိုက်ပျိုးရေး ပညာရှင်များနှင့် သီးနှံဆိုင်ရာသုတေသနပညာရှင်များ၏ လယ်ယာစိုက်ပျိုးသီးနှံများအပေါ် သုတေသနရလဒ်များဆိုင်ရာ စာတမ်းများ ပြုစုဖတ်ကြားတင်ပြနိုင်ခြင်းအတွက် များစွာ ဂုဏ်ယူပါကြောင်း။

 

စိုက်ပျိုးရေးသွင်းအားစုများ အလွန်အကျွံသုံးစွဲမှုနှင့် နည်းစနစ်လိုက်နာမှုအားနည်း ခြင်းတို့ကြောင့် လယ်ယာလုပ်ငန်းခွင်တွင် လုပ်ဆောင်နေကြသည့် တောင်သူများ၊ လယ်ယာ လုပ်သားများနှင့် ၎င်းတို့၏ မိသားစုများကို ဘေးအန္တရာယ် ဖြစ်စေရုံမျှမကပဲ စားသုံးသူများ၏ ကျန်းမာရေးထိခိုက်မှု ပြဿနာများအထိ ဆိုးကျိုးများ ကြီးမားစွာသက်ရောက်နေမှုကို ပိုမိုသိမြင်လာကြစေရန် အသိပညာပေးလုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်နေပါကြောင်း၊ ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသော စိုက်ပျိုးရေးထွက်ကုန် များကို ပြည်တွင်း၌ ဖူလုံစွာစားသုံးနိုင်ရေးနှင့် နိုင်ငံတကာစျေးကွက်သို့ ဝင်ရောက် ယှဉ်ပြိုင် ရောင်းချနိုင်ရန်အတွက် အနိမ့်ဆုံးအဆင့် GAP စနစ်ကျင့်သုံးခြင်းမှ အမြင့်ဆုံးအဆင့် Organic Farming စနစ်အထိ မျှော်မှန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယင်းလိုအပ်ချက် များအပေါ် ယနေ့ကျင်းပသည့်  သုတေသနစာတမ်းများတင်သွင်း ဖတ်ကြားခြင်းများမှ တဆင့် ဖြည့်ဆည်းပြောင်းလဲပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် သုတေသနစာတမ်းဖတ်ပွဲကိုကျင်းပရာ ဂျပန်နိုင်ငံနှင့်မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော လယ်ယာစိုက်ပျိုးရေးအခြေအနေများစာတမ်း၊ မွှားပင့်ကူစား သားရဲ လိပ်ခုံးကျိုင်းအပေါ် အပူချိန်အမျိုးမျိုးနှင့် သားကောင်အရေအတွက် အနည်းအများအလိုက် အကျိုးသက်ရောက်မှုကို လေ့လာခြင်းစာတမ်း၊ ထိန်းချုပ်ထားသော ပတ်ဝန်းကျင်၌ ပဲရိုးထဲ တွင်ပါဝင်သည့် အာဟာရဓါတ်များ၏ ကစော်ဖောက်နိုင်ခြင်းအပေါ် အကျိုးသက်ရောက်မှုကို လေ့လာခြင်းစာတမ်း၊ ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ လယ်ယာစိုက်ပျိုးရေးနည်းစနစ်များကို ဆန်းစစ်လေ့လာခြင်းစာတမ်း၊ မလေးရှားနိုင်ငံတွင် စားအုံးဆီစိုက်ပျိုးထုတ်လုပ်မှု အတွက် လုံခြုံစိတ်ချမှုရှိသော နည်းပညာများကို လေ့လာခြင်းစာတမ်း၊ မြန်မာနိုင်ငံတွင် ငမြောင်တောင်ကျရောက်မှုကို မော်လီကျူလာနည်းအရ ခွဲခြမ်းစိတ်ဖြာခြင်းစာတမ်း၊ မြေဆီလွှာစီမံခန့်ခွဲမှုနည်းလမ်းများစာတမ်း၊ ခရမ်းချဉ်ပင်ညိုးရောဂါကို ဖြစ်စေသော ရေစတိုးနီးယား ဆိုလာနေဆီရမ် ဘက်တီးရီးယားကျရောက်မှု လေ့လာခြင်းစာတမ်း၊ ပျော့ရွာမြစ်ရေတင်စီမံကိန်းတွင် ရေစီမံခန့်ခွဲမှုနည်းလမ်းများ၏ စပါးအထွက်နှုန်းနှင့် ရေကို အကျိုးရှိစွာအသုံးပြုမှုအပေါ်တွင်အကျိုးသက်ရောက်မှုအားလေ့လာခြင်းစာတမ်း၊ ကြက်သွန် နီဂျိုလိမ်ရောဂါကို ဖြစ်စေသော Colletotrichum Gloeosporioides ကျရောက်မှု အခြေအနေကို လေ့လာခြင်းစာတမ်း၊ မြန်မာနိုင်ငံတွင်ရှိသော ဒန်ဒရုံဘီယမ်သစ်ခွများ၏ မျိုးရိုးဗီဇဆက်နွယ်မှုများကို လေ့လာခြင်းစာတမ်း၊ မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် တက္ကသိုလ်များ၏ အခန်းကဏ္ဍများကို လေ့လာခြင်းစာတမ်း၊ မြန်မာနိုင်ငံ၏ စိန်ကွက်ပလံနှင့် ၎င်း၏ ကပ်ပါးသားလောင်းများ၏ ဘဝစက်ဝန်းကိုလေ့လာခြင်း စာတမ်း၊ ငရုတ်ပင်၏ အထွက်နှုန်းနှင့် အထွက်နှုန်းမိတ်ဖက်များအပေါ်တွင် ရေသွင်းနည်း စနစ်များ၏ အကျိုးသက်ရောက်မှုကို လေ့လာခြင်းစာတမ်း၊ ချင်းပြည်နယ် ဟားခါးမြို့နယ် အတွင်းရှိ ပေါင်းစည်းလယ်ယာစနစ်၏ ကျေးလက်လူနေမှုနှင့် အာဟာရဖူလုံမှုအပေါ် သက်ရောက်မှုကို လေ့လာခြင်းစာတမ်း၊ ပဲပုပ်သီးနှံ၏ မျိုးစေ့ဆောင်ရောဂါများအား Incubation နည်းလမ်းအမျိုးမျိုးအသုံးပြု၍ စမ်းသပ်လေ့လာခြင်းစာတမ်း၊ ရောစပ်ထားသည့် ပိုးသတ်ဆေးများ၏ ပေါင်းစပ်မှုအာနိသင်နှင့် ရွေးချယ်ပိုးသတ်ဆေးများ၏ ဖြုတ်ညိုပိုး အပေါ် ထိရောက်သည့် အချိုးများကို လေ့လာခြင်းစာတမ်းများကို ဖတ်ကြားတင်ပြကြပြီး  ဒုတိယဝန်ကြီး ဦးလှကျော်နှင့် တက်ရောက်လာကြသူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်