၂၉ ဇွန်
အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများသည် တိုင်းပြည်စီးပွားရေး၏ ပင်မကျောရိုးဖြစ်ပါသည်။ ဤအသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသော လိုအပ်ချက် တစ်ရပ်မှာ ချေးငွေပံ့ပိုးမှုရရှိရေး ဖြစ်ပါသည်။ သို့သော်တိုင်းပြည်၏ ဖြတ်သန်းခဲ့ရသော သမိုင်းကြောင်းအရ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းသည် နိုင်ငံတကာ ဘဏ်လုပ်ငန်းနှင့် နှစ်ပေါင်းများစွာ မဆိုစလောက် ချိတ်ဆက်မှုသာ ရှိခဲ့ပါသည်။ ဤသည်၏ အကျိုးဆက်မှာ ပုဂ္ဂလိကဘဏ်များအပါအဝင် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းများသည် ချေးငွေပံ့ပိုးမှုဆိုင်ရာ နည်းပညာပိုင်း၌ သိသိသာသာ အားနည်းခဲ့ပါသည်။
ဤသို့သော နောက်ခံအခြေအနေ၌ ချေးငွေစိစစ်ခြင်းဆိုင်ရာ နည်းပညာအထောက်အကူဖြစ်စေရန် ဂျပန်နိုင်ငံ၏ မူဝါဒသုတေသနဌာန (Policy Research Institute -PRI)၊ ဂျပန်ဘဏ္ဍာရေး ကော်ပိုရေးရှင်း (Japan Finance Corporation-JFC)နှင့် မြန်မာ့စီးပွားရေးဘဏ်တို့အကြား နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ခြင်း စီမံကိန်းကို ၂၀၁၅ ခုနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ချေးငွေစိစစ်ခြင်းဆိုင်ရာ နည်းပညာ အထောက်အကူပေးရေး အစီအစဉ်၏ ဒုတိယအကျော့ (Second Phase)၊ ပထမအကြိမ်အလုပ်ရုံ ဆွေးနွေးပွဲတို့ကို နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်မြို့တို့တွင် ကျင်းပခဲ့ပါသည်။ ဤအလုပ်ရုံဆွေးနွေးပွဲများ၌ မြန်မာ့စီးပွားရေးဘဏ် အရာထမ်း အမှုထမ်းစုစုပေါင်း ၁၄၀တို့ကို ဆွေးနွေး ပို့ချပေးခဲ့ပါသည်။
ဂျပန်ဘဏ္ဍာရေးကော်ပိုရေးရှင်း (JFC) သည် အများပိုင်ဘဏ္ဍာရေးဆိုင်ရာ ကော်ပိုရေးရှင်းတစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံနှင့် နိုင်ငံတကာ၌ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုတို့ကို ဖော်ဆောင်လျက်ရှိပါသည်။ ဂျပန်ဘဏ္ဍာရေး ကော်ပိုရေးရှင်း (JFC) ၏ အဓိကလုပ်ငန်းကဏ္ဍကြီးသုံးရပ်တွင် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်း ကဏ္ဍသည် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဤကဏ္ဍက အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းများသည် ဂျပန်နိုင်ငံစီးပွားရေး၏ အခရာကျသော ကဏ္ဍတစ်ရပ်အဖြစ် ခံယူသတ်မှတ်ပြီး အဆိုပါ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေပံ့ပိုးခြင်းနှင့် ချေးငွေအာမခံတို့ကို စီစဉ်ဆောင်ရွက်ပေး ပါသည်။ ဂျပန်နိုင်ငံ၏ မူဝါဒသုတေသနဌာနသည် ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါသည်။ ဤဌာနသည် ကာလလတ်နှင့် ကာလရှည် သုတေသနလုပ်ငန်းတို့ကို အဓိကအာရုံစိုက်ဆောင်ရွက်လျက်ရှိပါသည်။
အထက်၌ တင်ပြခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတို့၌ ချေးငွေစိစစ်ခြင်းဆိုင်ရာ နည်းစနစ်များ၊ အာမခံမဲ့ ချေးငွေများအတွက် အရည်အသွေးပိုင်းဆိုင်ရာ စိစစ်ခြင်း၊ အရေအတွက်ပိုင်းဆိုင်ရာ စိစစ်ခြင်း၊ ချေးငွေ အသုံးပြုမည့် နည်းလမ်းစိစစ်ခြင်း၊ ချေးငွေစိစစ်ခွင့်ပြုခြင်း နည်းလမ်းများ ဆွေးနွေးပို့ချခဲ့သောကြောင့် ဤဆွေးနွေးပို့ချမှုတို့သည် တိုင်းပြည်၏အရေးကြီးသော လစ်ဟာချက်တစ်ရပ်ကို ဖြည့်ဆည်းပေးမည်မှာ သေချာနေပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဤအလုပ်ရုံဆွေးနွေးပွဲများ ဖြစ်မြောက်စေရန် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဂျပန်နိုင်ငံ၏ မူဝါဒသုတေသနဌာန၊ ဂျပန်ဘဏ္ဍာရေးကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဘဏ်တို့အား ကြိုဆို ဂုဏ်ပြုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။