နေပြည်တော်  ၁၇  ဇန်နဝါရီ

 

 ကျောင်းကျန်းမာရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀) ကို ယနေ့တွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

 

mdn

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုအစည်းအဝေးတွင် လက်တွေ့ အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် လုပ်ငန်းစဉ်များချမှတ်ခြင်း၊ လုပ်ငန်းစဉ်များကို ဦးစားပေးအဆင့် သတ်မှတ်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်မည့် အချိန်ကာလ အစီအစဉ် (timeline) ရေးဆွဲချမှတ်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် လုပ်ငန်းစဉ်များဖော်ထုတ်ချမှတ်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နှီးနွှယ်ဌာနနှင့် အဖွဲ့အစည်းများ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

 

ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှုများ အားကောင်းစေရေးအတွက် ဌာန၊ အဖွဲ့အစည်းအလိုက် လုပ်ငန်းကဏ္ဍ တာဝန်များကို တိကျစွာ ချမှတ်ထားရှိရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများကို ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် မိဘဆရာအသင်းဝင်များ ကိုယ်တိုင်ပါဝင်ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ပါကြောင်း၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများအတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများ လမ်းညွှန်နှင့် စံလုပ်ထုံးလုပ်နည်းများဆိုင်ရာ စာအုပ်များ ပြုစုဖြန့်ဝေပေးသွားရမည်ဖြစ်ပါကြောင်း။

 

ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် သက်ဆိုင်ရာကျောင်းအလိုက် ကျောင်းကျန်းမာရေးကော်မတီများတွင် ပါဝင်စေခြင်း၊ ကျောင်းသား၊ ကျောင်းသူများအချင်းချင်း သက်ရွယ်ဆင့်တူပညာပေးခြင်း (peer education) လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမှ ကျောင်းကျန်းမာရေးလုပ်ငန်းများကို တက်ကြွစွာဦးဆောင်ဆောင်ရွက်နိုင်ရန် လက်တွဲခေါ်ယူသွားရမည် ဖြစ်ပါကြောင်း။

 

တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လုပ်ငန်းများဆောင်ရွက်အောင်မြင်မှုနှင့် စွမ်းဆောင်မှုများကို စံသတ်မှတ်ချက်များနှင့်အညီဆန်းစစ်၍ စွမ်းဆောင်ရည်မြင့်မားသည့် ကျောင်းများကိုရွေးချယ်၍ အသိအမှတ်ပြုဆုများ ချီးမြှင့်စေလိုပါကြောင်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းများသည် ပြည်သူ့ကျန်းမာရေး လုပ်ငန်းတစ်ခုဖြစ်သည်နှင့်အညီ အကျိုးကျေးဇူးများကို အဆင့်ဆင့် အချိန်ကာလအတိုင်းအတာ တစ်ခုကြာမှသာ မြင်သာနိုင်မည်ဖြစ်သော်လည်းအဆိုပါ အကျိုးကျေးဇူးများသည် ရေရှည်တည်တံ့ခိုင်မြဲသွားမည် ဖြစ်ပါကြောင်းပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းရှိကျောင်းများတွင် ဆောင်ရွက်ရမည့် ကျောင်းကျန်းမာရေး လုပ်ငန်းစဉ်များအတွက် လိုအပ်ချက်၊ အားနည်းချက်နှင့်စိန်ခေါ်မှုများကို စာရင်းပြုစုမှုနှင့် ဆန်းစစ်ဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် စစ်တမ်းနှင့် သုတေသန တွေ့ရှိချက်များမှ အချက်အလက်များအပေါ်မူတည်၍ လုပ်ငန်းများကို လိုအပ်သလို အားဖြည့်ဆောင်ရွက်ခြင်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။

 

ထို့နောက် ကျောင်းကျန်းမာရေးဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး (ပညာ) ဒေါက်တာ တင်ယုယုအေးက ကျောင်းကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သော အကြောင်းအရာများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြသည်။

 

ယင်းနောက် ကျောင်းကျန်းမာရေး ဗဟိုကော်မတီအတွင်းရေးမှူး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (ကျောင်းကျန်းမာ) ဒေါက်တာဖြူဖြူအေးက ပထမအကြိမ်အစည်းအဝေး၏ အကြံပြုချက်များအပေါ် ဆောင်ရွက်ထားရှိမှုများ၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် လုပ်ငန်းစီမံချက် အလုပ်ရုံ အစည်းအဝေးများမှ ထွက်ပေါ်လာသော ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်သော အကြောင်းအရာများနှင့် ရှေ့လုပ်ငန်းစဉ်များအားဆွေးနွေးတင်ပြသည်။

 

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကျောင်းကျန်းမာရေး ဗဟိုကော်မတီဝင်များနှင့် ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများက ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးခြင်း၊ ဌာနအသီးသီးတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ဆွေးနွေးတင်ပြခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များအား အကြံပြု ဆွေးနွေးခြင်းများ ဆောင်ရွက်သည်။

 

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မိခင်၊ ကလေးကျန်းမာရေး) ဒေါက်တာမြင့်မြင့်သန်းက အစည်းအဝေး ဆွေးနွေးချက်များအရ ဦးစားပေးဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဒေါက်တာမြင့်ထွေး တို့က အစည်းအဝေး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်