နေပြည်တော် ၁၂ ဇန်နဝါရီ
လူ့လောကတွင်ဂုဏ်လိုချင်ပါက ဝန်ထမ်းလုပ်ရမည်။ ချမ်းသာလိုပါကကုန်သည် လုပ်ရမည်။ ဂုဏ်လည်းလိုချင်၊ ချမ်းလည်းချမ်းသာချင်မည်ဆိုပါက လူ့ဘဝလောကတစ်ခုလုံး မသာယာနိုင်ဟူ၍ သီဟိုဠ် ဆရာတော်ကြီး ဦးဝိနေယျက ဟောကြားခဲ့ဖူးကြောင်း မှတ်သားခဲ့ရဖူးသည်။
ဝန်ထမ်းတစ်ယောက်၏ ဂုဏ်ရည်သည် တာဝန်ကျေပွန်ခြင်း၊ကျင့်ဝတ်စောင့်ထိန်းခြင်းနှင့် စည်းကမ်းလိုက်နာခြင်းတို့၏ အရည်အသွေးပင်ဖြစ်သည်ဟု ဆိုရပါမည်။ ထို့အပြင် နိုင်ငံ့ဝန်ထမ်းတစ်ဦးသည် အကြားအမြင် ဗဟုသုတရှိခြင်း၊ ကိုယ်နှုတ်အမူအရာယဉ်ကျေး၍ တင့်တယ်သော ရုပ်ဆင်းအင်္ဂါနှင့် ပြည့်စုံခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်သူဖြစ်ခြင်း၊ ရဲစွမ်းသတ္တိရှိသူ ဖြစ်ခြင်း၊ ဇွဲလုံ့လဝီရိယရှိခြင်း၊ ကာယဗလ ဉာဏဗလဖွံ့ဖြိုးခိုင်မာခြင်း၊ ဥစ္စာကို မမက်မောခြင်းဟူသည့် အင်္ဂါရပ်များနှင့်ပြည့်စုံမည်ဆိုပါက ပြည်သူကချစ်ခင်လေးစားသော ယုံကြည်အားကိုးသောဝန်ထမ်းဖြစ်လာမည်မှာ ဧကန်မလွဲဟု ဆိုချင်ပါသည်။
ဇန်နဝါရီ ၉ ရက်က ကချင်ပြည်နယ် ပူတာအိုမြို့ အထက်နမ့်ထွမ်ရေအားလျှပ်စစ် စကရုံဖွင့်ပွဲအခမ်းအနား၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားရာတွင်လည်း နိုင်ငံ့ ဝန်ထမ်းများနှင့်စပ်လျဉ်း၍ အထက်တွင် ဖော်ပြခဲ့သည့် သီဟိုဠ် ဆရာတော်ကြီးနည်းတူပင် ဩဝါဒစကားထည့်သွင်း ပြောကြားခဲ့သည်ကို ကောက်နုတ်ဖော်ပြလိုပါသည်။
“ဝန်ထမ်းတွေကို ပြည်သူပြည်သားတွေကနေ ယုံကြည်ရမယ်၊ စိတ်ချရမယ်၊ ဝန်ထမ်းတွေဆိုတာ ငါတို့အတွက် လုပ်နေတယ်ဆိုတဲ့ ခိုင်မာတဲ့စိတ်ဓာတ်ဖြစ်အောင် လုပ်ပေးရမှာ လူတိုင်းလူတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ ဝန်ထမ်းလုပ်တယ်ဆိုတာ သူဌေးဖြစ်ဖို့ လုပ်တာမဟုတ်ဘူး၊ သူဌေးဖြစ်ချင်ရင်တော့ စီးပွားရေးလုပ်ဖို့ပဲရှိတယ်။ အဲဒီတော့ ဝန်ထမ်းတွေဟာသူဌေးဖြစ်ချင်လို့ အစိုးရအဖွဲ့ထဲဝင်တာ၊ အစိုးရဝန်ထမ်းလုပ်တာ လုံးဝမသင့်တော်ပါဘူး၊ ဒါကို ဘာဖြစ်လို့ ကျွန်မသတိပေးရတာလဲဆိုတော့ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေဟာ ဝန်ထမ်းတွေအပေါ်မှာ အခုထက်ထိ၁၀ဝ ရာခိုင်နှုန်းယုံကြည်မှုရှိတယ်လို့ ပြောလို့မရသေးပါဘူး၊ ၁၀ဝရာခိုင်နှုန်း ယုံကြည်မှုရှိအောင် ကျွန်မတို့ကြိုးစားရမယ်။ ဒီလိုကြိုးစားပြီးတော့ ပြည်သူပြည်သားတွေက နိုင်ငံ့ဝန်ထမ်းတွေအပေါ်မှာ ယုံကြည်မှုရှိ်နေမှ ကျွန်မတို့နိုင်ငံဟာ အမှန်တကယ်တိုးတက်တဲ့ နိုင်ငံလို့ ခေါ်နိုင်မှာပါ”ဟူ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်းပြောကြား ခဲ့ခြင်းပင်ဖြစ်သည်။
ဝန်ထမ်းဟူသည် နိုင်ငံတော်၏ ရသုံးမှန်းခြေငွေစာရင်းမှ ကျခံထုတ်ပေးသည့် လစာနှင့် စရိတ်များကို ခံစားနေကြသူများဖြစ်သည်။သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ကိုက်ညီပြည့်စုံပါက ရာထူး အဆင့်ဆင့်ကို တက်လှမ်းခွင့်ရှိပြီး လစာ၊ စရိတ်နှင့် အခြားခံစားခွင့်တို့ကိုဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရယူခံစားနိုင်ခွင့်ရှိသည်မှတစ်ပါးဝန်ထမ်းတစ်ယောက်အဖြစ်နှင့် သူဌေးသူကြွယ်မဖြစ်နိုင်သည်မှာ အမှန်တရားတစ်ခုပင် ဖြစ်သည်။ တာဝန်အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံး၍ ကိုယ်ကျိုးရှာခြင်း၊ လာဘ်ပေးလာဘ်ယူပြုခြင်းတို့ကိုရှောင်ကြဉ်ရန်၊ တရားသဖြင့် ရရှိအပ်သော ဝင်ငွေမှတစ်ပါး မရိုးသား သောနည်းဖြင့် အခြားဝင်ငွေရှာခြင်းကို ရှောင်ကြဉ်ရန်တို့ကို နိုင်ငံ့ဝန်ထမ်းများက လိုက်နာစောင့်ထိန်းကြရသည့်အလျောက် ဝန်ထမ်းလုပ်ရင်းနှင့်ချမ်းသာသည့် သူဌေးသူကြွယ်မဖြစ်နိုင်ဟု ဆိုခြင်းဖြစ်သည်။ ဝန်ထမ်းဘဝလစာခံစားခွင့်များထက် အဆပေါင်းများစွာ ကျိကျိတက်ချမ်းသာနေပြီဆိုပါက သဘာဝမကျ၊ တစ်စုံတစ်ရာမှားယွင်းနေပြီဟု ဆိုရမည်ဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းဟူသည် နိုင်ငံတည်ဆောက်ရေးတွင် လက်တွေ့ပါဝင် အကောင်အထည်ဖော်ထမ်းဆောင်နေကြသူများဖြစ်သည့်အလျောက်ဂုဏ်ရှိပြီးသူများ ဖြစ်သည်။ မိမိတို့ကျရာနေရာတွင် ထမ်းဆောင်ကြရသည့်လုပ်ငန်းတာဝန်များကို ကျွမ်းကျွမ်းကျင်ကျင်နှင့် ကျေပွန်စွာ ထမ်းဆောင်ခြင်း၊ စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်ခြင်း၊ ဝန်ထမ်းကျင့်ဝတ်များကိုတိကျစွာ လိုက်နာကျင့်သုံးခြင်းအားဖြင့် ပြည်သူတို့၏ ၁၀ဝ ရာခိုင်နှုန်းယုံကြည်မှုကို ရယူနိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း