နေပြည်တော် ၂၁ ဇန်နဝါရီ

ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ စခန်းများကို ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ ပိတ်သိမ်းနိုင်ရန်နှင့် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်မည့် ကျောက်ဖြူ၊ ကျောက်တစ်လုံး ယာယီခိုလှုံရာစခန်း ပိတ်သိမ်းရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိုင်ငံတော်အစိုးရအနေဖြင့် စတင်တာဝန်ယူစဉ်ကပင် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးပြီး အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ အညွှန်းကိန်းများအရ ဖွံ့ဖြိုးမှုနိမ့်ကျသည့် ပြည်နယ်များကို ဦးစားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ကာလကြာရှည်စွာ ဖြစ်ပွားခဲ့သော ပဋိပက္ခများ၏ ဒဏ်များကို ခံစားနေကြရပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရပါကြောင်း၊ ထို့ကြောင့် ၂၀၁၆ ခုနှစ်မှစ၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု၊ တိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် လုပ်ငန်းကော်မတီ(၄)ခုဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီကို  ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း။

ကော်မတီကို စတင်တာဝန်ယူစဉ်ကပင် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးကို စတင်ကြိုးစားခဲ့ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရာတွင် အားလုံးသာတူညီမျှ ခံစားရရှိရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များ ချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ မစ္စတာကိုဖီအာနန် ဦးဆောင်သော အကြံပေးကော်မရှင်၏ အကြုံပြုချက်ထဲတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာပါဝင်၍ စနစ်တကျနှင့် ရေရှည်တည်တံ့နိုင်ရေးအတွက် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာကို ၂၀၁၈ ခုနှစ်တွင် စတင်ရေးဆွဲ ဖော်ဆောင်ခဲ့ပါကြောင်း၊ မဟာဗျူဟာကို ရေးဆွဲနေစဉ် ကျောက်တော်မြို့နယ်အတွင်းရှိ နိဒင်စခန်း၊ မြေပုံမြို့နယ်အတွင်းရှိ တောင်ပေါ်စခန်းများကို စနစ်တကျပိတ်သိမ်းဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း။

ယခုဆက်လက် ပိတ်သိမ်းရန်ကျန်ရှိသော ယာယီခိုလှုံရာစခန်းများထဲမှ ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံး ယာယီခိုလှုံရာစခန်း ပိတ်သိမ်းနိုင်ရေးအတွက် မဟာဗျူဟာပါ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်နိုင်ရန် လာရောက်ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မဟာဗျူဟာ၏ ရည်ရွယ်ချက်ဖြစ်သော “ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိပြီး မှီခိုမှုကင်းသောဘဝများကို ပြန်လည်တည်ဆောက်နိုင်ရေး”အတွက် ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဟာဗျူဟာအရ ပိတ်သိမ်းနိုင်ရန် ရခိုင်ပြည်နယ်တွင် ပြည်နယ်အဆင့်ကော်မတီ၊ စခန်းအလိုက် လုပ်ငန်းကော်မတီများနှင့် ကဏ္ဍအလိုက် ဆပ်ကော်မတီများကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါအဆင့်များကို ပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် စခန်းနေသူများက ပူးပေါင်းဆောင်ရွက်ပါက အောင်မြင်မှုရနိုင်မည်ဖြစ်ကြောင်း။

ပညာရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ရရှိရေးသည် ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်ရာတွင် အရေးကြီးသည့် အခြေခံအချက်များဖြစ်ကြောင်း၊ အကောင်အထည်ဖော်ရာတွင် ဘဏ္ဍာငွေရရှိရေးအတွက် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရများက အဓိက ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက်နိုင်ငံများ၏ ပူးပေါင်းကူညီမှုများကို ရယူဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၊ ပြည်သူများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက်နိုင်ငံများ၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ရန် ဖွဲ့စည်းထားသော UEHRD အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အရေးကြီးသည့်ကဏ္ဍ အနေဖြင့် ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျောက်တစ်လုံး ပြည်တွင်းနေရပ်စွန့်ခွာသူများ ယာယီခိုလှုံရာစခန်းပိတ်သိမ်းရေးနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။

ယင်းနောက် ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျောက်တစ်လုံး ပြည်တွင်းနေရပ်စွန့်ခွာသူများ ယာယီခိုလှုံရာစခန်း ပိတ်သိမ်းရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက စခန်းပိတ်သိမ်းရေးနှင့်စပ်လျဉ်း၍ ပြည်နယ်အဆင့်ကော်မတီများ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားသည့် အခြေအနေများ၊ ပြန်လည်နေရာချထားပေးရန် ရွေးချယ်ထားသည့် မြေနေရာအခြေအနေများ၊ အသက်မွေးဝမ်းကျောင်း ဖော်ဆောင်ပေးနိုင်ရေး အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီးများ၊ UEHRD မှ တာဝန်ရှိသူများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်နေရာချထားရေးနှင့် စခန်းပိတ်သိမ်းရေးအတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ပေးခြင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးခြင်း၊ ကျန်းမာရေး၊ ပညာရေး၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်ပေးရေး၊ အများပြည်သူ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ်စွာသွားလာခွင့်၊ လူမှုသဟဇာတဖြစ်စေရေးနှင့် လူမှုပေါင်းစည်းရေးဖော်ဆောင်မှု၊ ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် စသည့်တို့ကို ကဏ္ဍအလိုက် တင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ရခိုင်ပြည်နယ်အတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် UEHRD ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် Asian Philanthropy Circle (APC) နှင့် Mainly I love Kids (MILK) တို့က အကောင်အထည်ဖော် ဆောင်ရွက်မည့် Dreams University တည်ဆောက်နိုင်ရေးအတွက် လျာထားမြေနေရာကို ကြည့်ရှုစစ်ဆေးကြသည်။ 

သတင်းစဉ်