နေပြည်တော် ၂၂ ဇန်နဝါရီ

 

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးဖို့လူ့ဘဝအစ ရက်(၁၀၀၀)အတွင်း ပူးပေါင်းဆောင်ရွက်ရန် အသိပညာပေး ဆက်သွယ်ရေးအထောက်ကူပြု နည်းလမ်းများ ဖော်ထုတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်အနေနှင့် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေပါကြောင်း၊ နိုင်ငံ၏လိုအပ်ချက်များကို ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံအတွက်အရေးကြီးသည့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် လူ့ဘဝအစရက်ပေါင်း (၁၀၀၀)ကာလသည် အရေးကြီးပါကြောင်း၊ ဤကာလတွင် ကလေးသူငယ်များကို စနစ်တကျပြုစုပျိုးထောင်မှု အာဟာရပြည့်ဝစွာ ကျွေးမွေးစောင့်ရှောက်မှုတို့ကို ပြည်သူလူထုအားကျယ်ပြန့်စွာ အသိပေးရန်လိုအပ်ပါကြောင်း၊ ဦးနှောက်ဖွံ့ဖြိုးတိုးတက်ရန် ရက်ပေါင်း (၁၀၀၀)ကာလအတွင်း ရင်းနှီးမြုပ်နှံသည့်လုပ်ငန်းသည် အရည်အသွေးရှိသော လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် အလွန်အရေးပါပါကြောင်း၊ ပြုစုစောင့်ရှောက်သူများ အနေဖြင့် ဦးနှောက်ဖွံ့ဖြိုးမှု အကောင်းဆုံးအချိန်ကို သိရှိရန်လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရန် မူဝါဒ၊ ဥပဒေ၊ မဟာဗျူဟာများချမှတ်ပြီး ရေရှည်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း။

 

အစိုးရ၏ လက်ရှိဆောင်ရွက်ချက်များကို ပြည်သူတစ်ဦးချင်းစီ သိရှိရန်လိုအပ်ကြောင်း၊ ထိုသို့သိရှိရန်မည်သို့သော နည်းလမ်းများဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ကို ဆွေးနွေးဖော်ထုတ်သွားရန် လိုအပ်ကြောင်း၊ ကလေးများသည် အနာဂတ်နိုင်ငံတာဝန်ကို လက်ဆင့်ကမ်း တာဝန်ယူမည့်သူများ ဖြစ်သည့်အတွက် ကောင်းမွန်သည့် အမွေများကိုလက်ခံနိုင်ရန်လို အပ်ပါကြောင်း၊ ကလေးငယ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ရေးအတွက် ရက်ပေါင်း (၁၀၀၀)အတွင်း အချိန်မီရင်းနှီးမြုပ်နှံခြင်းဖြင့် ကလေးများကျောင်းနေအရွယ်သို့ ရောက်ရှိချိန်တွင် ပြုပြင်ပြောင်းလဲနေသည့် နိုင်ငံတော်၏ပညာရေးစနစ်နှင့် ချိတ်ဆက်မိပြီး သင်ကြားသင်ယူမှု အကောင်းဆုံးအခြေအနေကို ရရှိနိုင်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ လူ့ဘဝအစရက်(၁၀၀၀)အတွင်း ကောင်းစွာပြုစုစောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ခဲ့ပါက ဉာဏ်ရည်ထက်မြက်ပြီး လူမှုပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စွာဖြင့် စွမ်းဆောင်ရည် မြင့်မားသော ပြည်သူများဖြစ်လာစေရန် အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် မိဘများ၊ မိသားစုဝင်များနှင့် ပတ်ဝန်းကျင်တို့က ပူးပေါင်းလိုက်ပါ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ကလေးသူငယ် အခွင့်အရေး(၄)ရပ် ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်တို့ရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

 

အလုပ်ရုံဆွေးနွေးပွဲက “ကလေးဘဝရှေ့ဆောင်ရက်(၁၀၀၀)’’ ဟူသော ဆောင်ပုဒ်ကို အတည်ပြုခဲ့ပြီး ရေဒီယိုဇာတ်လမ်းအသံလွှင့်ခြင်း၊ ဗီဒီယိုဇာတ်လမ်းတို ရိုက်ကူးထုတ်လွှင့်ခြင်း၊ ကြော်ငြာပါသော အရံသင့်ကပ်ရန် စာရွက်ဖြန့်ဖြူးခြင်းနှင့် ပိုစတာဒီဇိုင်းများ ထုတ်လုပ်ခြင်းတို့ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

 

အလုပ်ရုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် မီဒီယာကဏ္ဍမှ ပညာရှင်များ၊ ကာတွန်းနှင့် ဒီဇိုင်းပညာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်