ခြူးစန္ဒီနွေး
အမျိုးသမီးတွေအပေါ် ဖိနှိပ်ကန့်သတ်မှုတွေများတယ်လို့ နာမည်ကျော်ကြားတဲ့ ဆော်ဒီအာရေဗျမှာတော့ အခုအခါမှာ အစိုးရကနေ ဖြေလျှော့မှုတွေ လုပ်ဆောင်ပေးနေပါပြီ။ ဒါကြောင့်လည်း လုပ်ငန်းခွင်မှာရော၊ လူမှုဘဝ ပတ်ဝန်းကျင်မှာပါ အရင်ကလောက်တင်းကျပ်မှုတွေ မများတော့တာကို ကော်ဖီဆိုင်တွေက သက်သေပြနေပါတယ်။
ဝင်ပေါက်ခွဲခြားထား
အရင်တုန်းကဆိုရင် ကော်ဖီဆိုင်တွေမှာ အမျိုးသားနဲ့ အမျိုးသမီး အတူရောနှောပြီး ထိုင်လို့မရပါဘူး။ ဝင်ပေါက် သတ်သတ်စီ ခွဲခြားထားပါတယ်။ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေအားလုံးဟာ အမျိုးသား အမျိုးသမီး ဝင်ပေါက်သတ်သတ်စီ ခွဲခြားထားတာကို တွေ့ရမှာပါ။ အမျိုးသားများ သီးခြားဝင်ရတဲ့ဝင်ပေါက်နဲ့ အမျိုးသမီးတွေကတော့ မိသားစုအတွက် လုပ်ထားတဲ့ ဝင်ပေါက်ကနေပဲဝင်ရပါတယ်။ အစားအသောက်မှာယူဖို့ တန်းစီရာမှာလည်း သီးခြားစီ တန်းစီရပါတယ်။ အမျိုးသမီးတွေဆိုရင် တစ်ခါတစ်ရံမှာ သူစိမ်းအမျိုးသားတွေနဲ့ မဆုံစည်းဖို့အတွက် သီးသန့်အခန်းတွေမှာဝင်ပြီး စားသောက်ရ တာမျိုးတွေ ရှိပါတယ်။
လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတစ်ခု
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းမှာတော့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အမျိုးသားနဲ့ အမျိုးသမီး ဝင်ပေါက်တွေကို ခွဲခြားထားဖို့ မလိုတော့ဘူးလို့ ဆော်ဒီအစိုးရကနေ တရားဝင်ကြေညာခဲ့ပါတယ်။ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်ရဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုထဲက တစ်ခုလည်း ဖြစ်ပါတယ်။
ကော်ဖီဆိုင်တွေမှာ ပြောင်းလဲလာတာကတော့ လူတွေဟာ အပြောင်းအလဲကို ပိုပြီးလိုချင်လာတာကြောင့်ပဲ ဖြစ်တယ်လို့ အသက် ၃၀ အရွယ် ရှာဒင်အယ်ခါလီဖတ်က ပြောပါတယ်။ အချို့သော မိန်းကလေးတွေဆိုရင် အရင်တုန်းက ရုံးမှာပဲသီးသန့် အလုပ်လုပ်တာကိုပဲ မိသားစုဝင်တွေက ခွင့်ပြုခဲ့ကြပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ ကော်ဖီဆိုင်မှာ အလုပ်လုပ်လာတာ ကိုလည်း တွေ့မြင်နိုင်လာပါပြီ။ ဆော်ဒီမှာဆိုရင် မိမိနေအိမ်အတွင်းမှာသာ အမျိုးသား အမျိုးသမီးတွေ အတူတကွ ရှိနေနိုင်တာ ဖြစ်ပါတယ်။ ဒါက အရင်တုန်းက အခြေအနေပါ။ အခု အခါမှာတော့ ရုပ်ရှင်ရုံ၊ ဂီတဖျော်ဖြေပွဲ၊ နပန်းပွဲတွေမှာတောင် အမျိုးသား အမျိုးသမီးတွေအတူ တွေ့နိုင်ပါပြီ။
လူငယ်အင်အားများပြား
လူငယ်စီးပွားရေး လုပ်ငန်းရှင်တွေကလည်း အလုပ်ကိစ္စဆောင်ရွက်တဲ့အခါ အမျိုးသား အမျိုးသမီးတွေ အတူတွေ့ဆုံနိုင်တဲ့ နေရာတွေ ဖန်တီးလာကြပါတယ်။ ဥပမာအားဖြင့် အနုပညာရှင်တွေ၊ ရုပ်ရှင်ထုတ်လုပ်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ တစ်နေရာတည်းမှာ တွေ့ဆုံဖို့ ဖန်တီးလာကြပါတယ်။ ကော်ဖီဆိုင်တွေမှာ အများဆုံးထိုင်ကြတာကတော့ လူငယ်တွေပါပဲ။ တိုင်းပြည်ရဲ့ လူဦးရေသုံးပုံနှစ်ပုံဟာ လူငယ်တွေပဲဆိုတာကို ထင်ဟပ်နေပါတယ်။ ရုပ်ရှင်ရုံတွေ၊ ဂီတဖျော်ဖြေပွဲတွေမှာ အရင်ကလို မတင်းကျပ်တော့ပေမယ့် အရက်ဘာတွေကိုတော့ ပိတ်ထားတုန်းပါပဲ။ ဒီလိုပြောင်းလဲမှုတွေကိုတော့ မြို့တော် ရီဟာ့ဒ်မှာ စတင်ပြုလုပ်နေပြီဖြစ်ပေမယ့် အန္တရာယ် များနေတုန်းပါပဲ။
ပြောင်းလဲမှုတွေစတင်
ဒါပေမယ့် ပြောင်းလဲမှု လမ်းကြောင်းပေါ်ကိုတော့ ရောက်ရှိနေပါပြီ။ ဆရာတစ်ဦးဖြစ်တဲ့အသက် ၂၆ နှစ်အရွယ် ဇီဟာ့ဒ် အဗ္ဗဒူအီရာမန်ကတော့ အင်တာနက်ပေါ်ကနေတစ်ဆင့် အမျိုးသမီးတစ်ဦးနဲ့ သူငယ်ချင်းဖြစ်ခွင့်ရပြီး စားသောက်ဆိုင်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ သူ့အတွက်တော့ ပထမဆုံးအကြိမ် အမျိုးသမီးတစ်ဦးနဲ့အတူ လူမြင်ကွင်းမှာ တွေ့ဆုံခဲ့တာပါပဲ။ အရာအားလုံး အဆင်ပြေပါတယ်လို့ ဇီယနာ့ဒ်က ပြောပါတယ်။ ဒီလိုတွေ့ဆုံခွင့်ရတာ နောက်ကျနေပြီဖြစ်ပေမယ့် လူတွေကတော့ စတင်ပြောင်းလဲစပြုလာပြီလို့ သူကဆက်ပြောပါတယ်။ ကော်ဖီဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ ဖြေလျှော့မှု တွေရှိလာပေမယ့် အချို့သောကော်ဖီဆိုင်တွေမှာတော့ အမျိုးသား အမျိုးသမီးဝင်ပေါက်ကို ခွဲခြားထားတုန်းပါပဲ။ အခုအချိန်ထိ တိုင်အောင် ရီဟာ့ဒ်မြို့ဟာ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဂျက်ဒါမြို့ထက်ပိုပြီး စည်းကမ်းတင်းကျပ်နေတုန်းပါပဲ။
အမျိုးသမီးတွေရဲ့ လုပ်အားကိုသက်သေပြချင်
ကန်နာကာလို့ အမည်ရတဲ့ ကော်ဖီဆိုင်ကတော့ လွန်ခဲ့တဲ့ သုံးနှစ်တာကာလအတွင်းမှာ အမျိုးသမီးတွေအတွက် သီးသန့် ကော်ဖီဆိုင်အဖြစ် ဖွင့်ပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ကစပြီး အမျိုးသား အမျိုးသမီး ခွဲခြားမနေဘဲ အားလုံးအတွက် ဖွင့်ပေးခဲ့ပါတယ်။ အဲဒီအတွက်လည်း အငြင်းပွားမှုတွေ ရှိနေတုန်းပါပဲ။ အမျိုးသမီးသီးသန့်ဆိုင် မဟုတ်တော့တဲ့အတွက် ဆိုင်အတွင်းကို အမျိုးသား အမျိုးသမီး အတူရောနှောဝင်နိုင်ပြီး ကော်ဖီမှာဖို့တန်းစီရာမှာလည်း အတူရောပြီး တန်းစီနိုင်ပါတယ်။ ကော်ဖီ ဆိုင်ပိုင်ရှင်ဖြစ်တဲ့ ခါဝတ်တာအလက်စ်မေးကတော့ အလုပ်တွေမှာ အမျိုးသား အမျိုးသမီးတွေ အတူတွဲပြီး လုပ်လာတာကို သတိထားမိပါတယ်။ အမျိုးသားအလုပ် အမျိုးသမီးအလုပ်ဆိုပြီး ခွဲခြားတာမျိုးမရှိတော့ဘူးဆိုရင် သူလည်း စမ်းကြည့်ချင်တယ်လို့ပြောပါတယ်။ “ကျွန်မရဲ့ဆိုင်က ဝန်ထမ်းတွေအားလုံးကို အမျိုးသမီးတွေပဲ ခန့်ပြီး အမျိုးသား ဝန်ထမ်းတွေနဲ့အတူ အလုပ်အားလုံး လုပ်နိုင်တယ်ဆိုတာကို ပြသချင်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။
ရှုတ်ချသူတွေလည်းရှိ
ခါဝတ်တာ အလက်စ်မေးကတော့ အသက် ၁၉ နှစ်အရွယ်မှာ ဆိုင်စဖွင့်ခဲ့တာဖြစ်ပြီး အခုဆိုရင်အသက် ၂၃ နှစ်ရှိပါပြီ။ အခုဆိုရင် အမျိုးသားရော အမျိုးသမီးပါ အလုပ်အတူလုပ်နိုင်တယ်ဆိုတာကို ကျွန်မတို့သက်သေပြနေပါပြီလို့ သူကဆက်ပြောပါတယ်။ ဒီလိုမျိုးပြောင်းလဲမှုရှိလာပေမယ့် အရင်ပုံစံကိုပဲ ကြိုက်နှစ်သက်တဲ့အမျိုးသမီးတွေအတွက်ကတော့ အဆင်မပြေပါဘူး။ တချို့ လူတွေကတော့ ကော်ဖီဆိုင်တွေဟာ အမျိုးသားနဲ့ အမျိုးသမီးချိန်းတွေ့ရာ နေရာတစ်ခုအဖြစ် ရှုတ်ချကြပါတယ်။ တခြားဘက်ကအမြင်နဲ့ ကြည့်မယ်ဆိုရင်လည်း အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့အတူ ရင်ပေါင်တန်းပြီး အလုပ်လုပ်လာနိုင် တယ်လို့ တွေ့မြင်ရမှာပါ။ ဒီပြောင်းလဲမှုဟာ လေးလတာကာလအတွင်းမှာ လျင်လျင်မြန်မြန်ပဲ ပျံ့နှံ့လာတာကို တွေ့ရမှာပါ။
စိတ်ကူးပင် မယဉ်ဖူး
အမျိုးသမီးအဖျော်ဆရာတွေဟာ အမျိုးသားတွေနဲ့အတူ အလုပ်လုပ်ခွင့်ကို စည်းမျဉ်းတွေအရ တားမြစ်ထားဆဲပဲလား ဆိုတာကိုတော့ ခါဝတ်တာအလက်စ်မေးလည်း သေချာမသိပါဘူး။ မြူနီစီပယ်ကျန်းမာရေး ထောက်လှမ်းရေးမှူးတစ်ယောက် က ဖောက်သည်တစ်ယောက်ရဲ့ တိုင်ကြားမှုကြောင့်ကော်ဖီဆိုင်ကို လာစစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘာမှတော့ ထူးထူးခြားခြား ဖြစ်မသွားပါဘူး။ အခုမျိုးဆက်မှာ ပါဝင်ရှင်သန်ခွင့်ရတဲ့အတွက် ဝမ်းသာမိတယ်လို့ သူကဆက်ပြောပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းကဆိုရင် ဒါမျိုးဖြစ်လာဖို့ဆိုတာ စိတ်ကူးတောင်မယဉ်ဖူးဘူးလို့ သူကပြောပါတယ်။
လူငယ်တွေက အပြောင်းအလဲကိုလက်ခံ
အသက် ၁၉ နှစ်အရွယ် တာလာအယ်ဇစ်ကတော့ ကန်နာကာ ကော်ဖီဆိုင်မှာ အဖျော်ဆရာအဖြစ် အလုပ်လုပ်ပါတယ်။ သူဟာ အရင်တုန်းကလည်း အမျိုးသမီးတွေပဲ အလုပ်လုပ်တဲ့ဆိုင်မှာ လုပ်ခဲ့ဖူးပါတယ်။ သြဂုတ်လအတွင်းမှာ ဖောက်သည်တစ်ယောက် က အစိုးရကို တိုင်တန်းမှုပြုလုပ်ခဲ့တဲ့အတွက် အမျိုးသမီးတွေ အလုပ်ဖြုတ်ခံရပါတယ်။ တူညီတဲ့အခွင့်အရေး ဆိုတာဘယ်မှာလဲ၊ ကျွန်မဘာမှ အမှားမလုပ်ဘဲနဲ့ အလုပ်ဖြုတ်ခံရတယ်လို့ သူ့ရဲ့ အဖြစ်အပျက်ကို ပြောပြခဲ့ပါတယ်။ အခုဆိုရင်တော့ သူဟာ မိသားစုရဲ့ ထောက်ခံပေးမှုနဲ့အတူ အမျိုးသားတွေနဲ့အတူတူ အလုပ်လုပ်ကိုင်ခွင့်ရသွားပါပြီ။ လူငယ်မျိုးဆက်တွေဟာ အပြောင်းအလဲကို လက်ခံပေးတယ်လေလို့ သူ့ရဲ့ခံစားချက်ကို ပြောပြပါတယ်။ အခုဆိုရင် ဆော်ဒီအာရေဗျရဲ့ လူမှုအသိုင်း အဝိုင်းမှာ ပြောင်းလဲမှုတွေ အစပြုနေပါပြီ။ ဒီနေရာမှာတော့ ကော်ဖီဆိုင်တွေရဲ့ပြောင်းလဲမှုက ရှေ့တန်းနေရာကနေ ရပ်တည် နေပါတယ်။ ။
ကိုးကား -နယူးယောက်တိုင်းမ်