တောင်ကြီး ၂ သြဂုတ်  

 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ်  တောင်ကြီးခရိုင်၏ ပြတိုက်ငယ် (MUSEUM) သို့ တိုင်းရင်းသားရိုးရာဝတ်စုံနှင့် စာပေ၊ ယဉ်ကျေးမှုအသုံးအဆောင် ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို  ယနေ့နံနက် ၉ နာရီခွဲက တောင်ကြီးခရိုင် လူထုအခြေပြု ဗဟိုဌာနတွင် ပြုလုပ် ကျင်းပသည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က အဖွင့်အမှာစကားပြောကြားပြီး အလှူရှင်များက လှူဒါန်းသော တိုင်းရင်းသားမျိုးနွယ်စုအလိုက် ရိုးရာဝတ်စုံ၊ စာပေ၊ ယဉ်ကျေးမှု အသုံးအဆောင်ပစ္စည်းများကို လက်ခံရယူပြိး တစ်ဦးချင်းစီကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ 

 

 

အဆိုပါ တိုင်းရင်းသားရိုးရာဝတ်စုံများ နှင့် စာပေ၊ ယဉ်ကျေးမှုအသုံးအဆောင်ပစ္စည်းများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင် ပြတိုက်ငယ်(MUSEUM) တွင် တနင်္လာနေ့မှသောကြာနေ့အထိ ရုံးချိန်အတွင်း ဖွင့်လှစ်ပြသထားမည်ဖြစ်ရာ အများပြည်သူမည်သူမဆို ဝင်ရောက်ကြည့်ရှုလေ့လာနိုင်မည်ဖြစ်သည်။ 

 

တိုင်းရင်းသား မျိုးနွယ်စုများအနေဖြင့် မိမိတို့၏ရိုးရာဝတ်စုံများ၊ စာပေဆိုင်ရာစာအုပ်စာစောင်များ၊ လုပ်ငန်းခွင်သုံး ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများစသည့် ရိုးရာအသုံးအဆောင်ပစ္စည်းများ ၊ စက်မှု/လက်မှုလုပ်ငန်း ဒေသထွက်ပစ္စည်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ရုံး ၀၈၁-၂၁၂၁၁၃၆၊ ၀၈၁-၂၁၂၁၁၃၄ နှင့် မြို့နယ်အသီးသီးရှိ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနရုံးများသို့ ပေးပို့ လှူဒါန်းနိုင်ကြောင်း သိရသည်။

 

(ပြည်နယ် ပြန်/ဆက်)