ရန်ကုန် ၂၈ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ ၁/၂၀၂၀ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (က-၁၀၁)တွင် ကျင်းပသည်။
အဆိုပါ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်သောင်းက အဖွင့်အမှာစကားပြောကြားရာ၌ ကော်မတီကို ကျစ်ကျစ်လစ်လစ်နှင့် ဆောင်ရွက်သွားမှာဖြစ်ပြီး စားသုံးသူတိုင်ကြားမှုများနှင့် ပတ်သက်၍ လိုအပ်လျှင် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများပါဝင်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့များဖွဲ့စည်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးဗိုလ်မှူးကြီး အောင်စိုးမိုးက စားသုံးသူကိစ္စရပ်များကို အခွင့်အာဏာရှိသည့် ကော်မတီများ၊ အဖွဲ့အစည်းများမှ ဆောင်ရွက်ပေးရန် လိုသကဲ့သို့ အထူးသဖြင့် အခြေခံလူတန်းစားများကို ကာကွယ်ပေးရန် လုပ်ဆောင်သင့်ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီအတွင်းရေးမှူး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ကျော်လွင် ကဆွေးနွေးတင်ပြရာ၌ ၂၀၁၉ ခုနှစ် မတ် ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၉)ဖြင့် ပြဋ္ဌာန်းထုတ်ပြန်ခဲ့သည့် စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီကို ဖွဲ့စည်းပေးခဲ့မှု၊ ကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် ခရိုင်ဦးစီးမှူးရုံးများမှ စားသုံးသူအသိပညာပေး ဆောင်ရွက်ခဲ့မှုများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းအသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့မှုများ၊ စားသုံးသူတိုင်ကြားမှုများအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့မှုများနှင့် ကော်မတီမှ ဆုံးဖြတ်လမ်းညွှန်ပေးရန် ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီအဖွဲ့ဝင်များက ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသုံးသူရေးရာကိစ္စရပ်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး၊ စားသုံးသူတိုင်ကြားမှုမျာကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ်၍ အားလုံးကို လွှမ်းခြုံစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့ကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်သောင်းက နိဂုံးချုပ်စကား ပြောကြားသည်။
သတင်းစဉ်