နေပြည်တော် ၂၈ ဇန်နဝါရီ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ဖွင့်လှစ်သည့် ရေနံဓာတ်ငွေ့ရည် တင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန်အတွက် L.P.G SAFETY TRAINING သင်တန်းအမှတ်စဉ် (၁/၂၀၂၀)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်) ၌ ကျင်းပသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ဦးဉာဏ်ထွန်း၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် LPG ဖြန့်ဖြူးနေသော ပုဂ္ဂလိကကုမ္ပဏီများမှ တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်က ယခုသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ရေနံဓာတ်ငွေ့ရည် တင်သွင်းသိုလှောင်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ဦးစီး၍ L.P.G SAFETY TRAINING သင်တန်းအမှတ်စဉ်(၁/၂၀၂၀)ကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။
ယခုသင်တန်းတွင် LPG ကို ကိုင်တွယ်အသုံးပြုနည်း၊ LPG ဖြန့်ဖြူးရာတွင် လိုအပ်ချက်များ၊ သတိပြုရမည့် အချက်များကို စာတွေ့လက်တွေ့ ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပို့ချပေးသွားမည် ဖြစ်ပါကြောင်း၊ LPG သည် သန့်ရှင်းသည့် လောင်စာအမျိုးအစားဖြစ်ပြီး ထင်း၊ မီးသွေးနှင့် လျှပ်စစ်ဓာတ်အား သုံးစွဲသည့်နေရာများတွင် အစားထိုးသုံးစွဲနိုင်မည်ဆိုပါက ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ သစ်တောပြုန်းတီးမှု၊ လျှပ်စစ်ဓာတ်အား သုံးစွဲမှုတို့ကို လျှော့ချနိုင်သည့်အပြင် လျှပ်စစ်စွမ်းအင်ကိုအခြား လိုအပ်သည့် နေရာများတွင် အပြည့်အဝအသုံးပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ကုမ္ပဏီများအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားထုတ်ကြိုးပမ်း ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းဖွင့်ပွဲတွင် ခင်းကျင်းပြသထားသော သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး သင်တန်းသို့တက်ရောက်လာသော LPG ဖြန့်ဖြူးရောင်းချနေသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များမှ မိမိတို့ လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများအား တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
LPG ကို ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီများ အားလုံးဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်အတွက် L.P.G Safety Training သင်တန်းအမှတ်စဉ် (၁/၂၀၂၀)အား သင်တန်းသား သင်တန်းသူ (၆၅)ဦးဖြင့် ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)နှင့် အမှတ်(၄) ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ)တို့မှ ဝန်ထမ်းများက မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက လက်တွေ့လုပ်ဆောင်ရမည့် နည်းစဉ်များ လက်တွေ့သရုပ်ပြမှုအား ကြည့်ရှုအားပေးခဲ့ပြီး အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)ရှိ ဓာတ်ခွဲခန်းသို့ သွားရောက်၍ စက်သုံးဆီ အရည်အသွေး စစ်ဆေးစမ်းသပ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်(သန်လျင်)သို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ပြီး ဌာနရှိ စာကြည့်တိုက်၊ Computer ခန်းနှင့် ဓာတ်ခွဲခန်းတို့အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်