နေပြည်တော် ၂၈ ဇန်နဝါရီ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ နေပြည်တော်၌ ကျင်းပပြုလုပ်သည့် 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ရေးလုပ်ငန်းများအတွက် ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းမှုအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် နှီးနွှယ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအကြား ချိန်သားကိုက် ချိတ်ဆက်ဆောင်ရွက်မှု ကောင်းမွန်မှသာ လုပ်ငန်းများ လစ်ဟင်းမှုမရှိဘဲ ထိရောက်အောင်မြင်မည် ဖြစ်ပါကြောင်း။
အဆိုပါရောဂါသည် ရောဂါပိုးအသစ်ကြောင့် ဖြစ်ပွားသော ရောဂါဖြစ်သဖြင့် ရောဂါ၏ ဖြစ်ပေါ်ပြောင်းလဲမှု သဘောသဘာဝဖြစ်စဉ် (natural history of disease) ကို အတိအကျ သိရှိကြခြင်း မရှိသေးဘဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ နိုင်ငံတကာ ကျန်းမာရေးဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ဆက်လက်လေ့လာလျက်ရှိပါကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံတကာလေဆိပ်များနှင့် နယ်စပ်ဝင်၊ ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိရရှိသော အချက်အလက်များအရ ရောဂါပျိုးချိန်မှာ ရက်သတ္တပတ် (၂)ပတ်ခန့်ရှိသည်ဖြစ်၍ ရောဂါဖြစ်ပွားရာဒေသများမှ ဝင်ရောက်လာသော ခရီးသည်များသည် မြန်မာနိုင်ငံအတွင်းသို့ စတင်ဝင်ရောက်စဉ်က သံသယဖြစ်ဖွယ် လက္ခဏာများမရှိ၊ နာမကျန်းမှုမရှိသော်လည်း မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိပြီးမှ ရောဂါလက္ခဏာများ ပေါ်ပေါက်ကာ ရောဂါဖြစ်ပွားမှုရှိနိုင်ပါကြောင်း။
ထိုသို့သော လူနာများကို စောစီးစွာ ထောက်လှမ်းသိရှိရန်၊ ကုသပေးရန်နှင့် အခြားသူများ ထံရောဂါပြန့်ပွားမှုမရှိစေရန်အတွက် အရေးကြီးသဖြင့် အလေးထားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင် ဟိုတယ်နှင့် တည်းခိုခန်းဝန်ထမ်းများ၊ ဧည့်လမ်းညွှန်များ၊ အငှားယာဉ်နှင့် အများပြည်သူသုံး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၏ အခန်းကဏ္ဍသည် ယခုအချိန်၌ အလွန်အရေးကြီးပါကြောင်း၊ နိုင်ငံတကာခရီးသွားများ မြန်မာနိုင်ငံသို့ဝင် ရောက်စဉ်တွင် ယခင်သွားရောက်ခဲ့သည့်နိုင်ငံများ၊ လက်ရှိကျန်းမာရေးအခြေအနေ၊ မြန်မာနိုင်ငံတွင် တည်းခိုနေထိုင်မည့် ဟိုတယ်နှင့် တည်းခိုခန်းလိပ်စာများ၊ သွားလာမည့်နေရာ ဒေသများကို Health Declaration Form များတွင် ဖြည့်သွင်းစေရန် သက်ဆိုင်ရာဌာနများမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက်ထားပါကြောင်း။
သက်ဆိုင်ရာတည်းခိုခန်းနှင့် ဟိုတယ်များမှ တာဝန်ရှိသူများ၊ ခရီးသွားလမ်းညွှန်များနှင့် ယာဉ်မောင်းများအနေဖြင့် နိုင်ငံတကာခရီးသည်များတွင် ရောဂါဖြစ်ပွားမှု သံသယလက္ခဏာများ တွေ့ရှိရခြင်း၊ နာမကျန်းဖြစ်ခြင်းတို့ကို တွေ့ရှိပါက သတ်မှတ်ထားသော ကျန်းမာရေးဌာနသို့ တယ်လီဖုန်းဖြင့် ချက်ချင်းအကြောင်းကြားပေးခြင်းဖြင့် လူနာထံမှ အခြားလူများထံ ရောဂါပျံ့နှံ့မှုမရှိစေရန်နှင့် လူနာအားကုသမှုပေးရန်တို့ကို ချက်ချင်းဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။
လူဝင်မှုကြီးကြပ်ရေးဌာနမှ ဝန်ထမ်းများသည် များပြားလှသော ခရီးသည်များနှင့် နေ့စဉ်ထိတွေ့နေရသဖြင့် ရောဂါပိုးကူးစက်မှုမရှိစေရေးအတွက် မျက်နှာဖုံးများစနစ်တကျ တပ်ဆင်ရေး၊ လက်သန့်စင်ပိုးသတ်ဆေး (hand sanitizer) အသုံးပြုရေး၊ လူနာများထံမှ ချောင်းဆိုးခြင်းနှင့် နှာချေခြင်းတို့မှ တစ်ဆင့်ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် Immigration Desk များတွင် မှန်အကာအကွယ်ငယ်များ တပ်ဆင်အသုံးပြုရေးတို့အတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနသို့ အကြောင်းကြားထားရှိပြီး ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ရောဂါနှင့်ပတ်သက်သည့် နောက်ဆုံးသတင်းအချက်အလက်များ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်နေမှုများ၊ ကျန်းမာရေးအသိပညာများ၊ ရောဂါနှင့်ပတ်သက်၍ မေးမြန်းဖြေကြား (interview)များ စသည်တို့ကို ပြည်သူများလွယ်လင့်တကူ ဖတ်ရှုနိုင်ရန်အတွက် စုစည်းကာဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (www.mohs.gov.mm) တွင် icon တစ်ခုထားရှိမည်ဖြစ်ပါကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှလည်း ပြည်သူများထံ ကျန်းမာရေး အသိပညာများ ဖြန့်ဝေပေးသွားရန် ဆက်လက်ပံ့ပိုး ဆောင်ရွက်စေလိုပါကြောင်း၊ ရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအတွက် နှီးနွှယ်ဝန်ကြီးဌာနများပါဝင်သည့် ပေါင်းစပ်ညှိနှိုင်းမှု လုပ်ငန်းကော်မတီကို ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ယနေ့အစည်းအဝေးတွင် ဆွေးနွေးပြောကြားချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဆင့်သို့ ဆက်လက်ဖြန့်ဝေ ပေးသွားကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ဝန်ကြီးဌာနမှ ဆောင်ရွက်နေသော ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ၊ နှီးနွှယ်ဝန်ကြီးဌာနများနှင့် ပူပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ နိုင်ငံတကာ လေကြောင်းအဖွဲ့အစည်း International Civil Aviation Organization (ICAO) ၏ ထုတ်ပြန်ချက်များနှင့် အညီအခြားနိုင်ငံများနည်းတူ လေယာဉ်ဝင် ထွက်သွားလာခွင့်များ ဆောင်ရွက်နေမှု၊ ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းများထုတ်ပြန်ခြင်းနှင့် သတင်းမှန်များအချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်သူများထံ မိုဘိုင်းတယ်လီဖုန်းများမှတစ်ဆင့် စာတို (SMS) ဖြင့် ကျန်းမာရေး အသိပညာများ ဖြန့်ဝေပေးသွားရန် ဆောင်ရွက်သွားမည့် အစီအစဉ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ လေဆိပ်နှင့် နယ်စပ်ဝင်၊ ထွက်ပေါက်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ပညာရေးဝန်ကြီးဌာနနှင့် လူမှုဖူလုံရေး ဦးစီးဌာနတို့မှ ကျောင်းများတွင် ကျန်းမာရေး အသိပညာများ ဖြန့်ဝေပေးသွားမည့် အစီအစဉ်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တည်းခိုခန်းနှင့် ဟိုတယ်များတွင် ကျန်းမာရေးအသိ ပညာပေးပိုစတာများ တပ်ဆင်ထားရှိရန်နှင့် သံသယလူနာများ တွေ့ရှိပါက အကြောင်းကြားရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းရပ်များကို အသီးသီးဆွေးနွေး ပြောကြားကြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
သတင်းစဉ်