၂၉ ဇန်နဝါရီ

 

မိုးရာသီအလွန်ကာလ ဆောင်းရာသီသို့ရောက် ရှိလာသည့် ဇန်နဝါရီလကုန်ခါနီး ရက်ပိုင်းများတွင် ကချင်ပြည်နယ် ဗန်းမော်မြို့ဘေးတွင် ဖြတ်သန်းစီးဆင်းလျက်ရှိသော ဧရာဝတီမြစ်ကြောင်းသည် မြစ်ရေများစီးဆင်းမှု လျော့နည်းကာ ဗန်းမော်မြို့ရှိ ရွှေဗန်းမော်ရှပ်ပြေးဆိပ်ကမ်းတွင် သဲသောင်ခုံများ တွေ့မြင်ကြရပြီး မြစ်ရေစီးကြောင်းလည်း ပြောင်းလဲစီးဆင်းလျက်ရှိကြောင်း သိရသည်။

 

ဗန်းမော်မြို့မရပ်တွင် နေထိုင်သူ ဦးမောင်ရီက “အခုဇန်နဝါရီလထဲမှာ မြစ်ရေကအတော်ကျသွားတယ်။ မြင်တဲ့အတိုင်း ရေလမ်းကြောင်းတွေလည်း ပြောင်းသွားတယ်။ ရေစီးတဲ့နေရာတွေက တချို့နေရာတွေ ဆိုရင်နက်တယ်။ တချို့နေရာတွေရေတိမ်တယ်။ ဇန်နဝါရီလထဲမှာ ရေကြောင်းက အတော်ကျပ်တယ် မတ်နဲ့ ဧပြီလတွေမှာလည်း ရေကြောင်းက ကျပ်ဦးမှာဖြစ်ပါတယ် ဟုပြောကြားခဲ့သည်။

 

မိုးရာသီကာလများတွင် ရွှေဗန်းမော်ဆိပ်ကမ်းသည် မြစ်ကမ်းပါးပေါ်တွင် တည်ရှိခဲ့သော်လည်း ဇန်နဝါရီလ ဆောင်းရာသီကာလ၌ မြစ်လယ်ခေါင်တွင် သောင်ထွန်းပြီး သဲသောင်ခုံများ ဖြစ်ပေါ်ကာ မြစ်ကြောင်းလည်း မိုးတွင်းကာလများနဲ့ မတူဘဲ ပြောင်းလဲစီးဆင်းလျက် ရှိနေသောကြောင့် ရှပ်ပြေးယာဉ်များ သွားလာရာတွင် ရေကြောင်းများ ကျပ်လျက်ရှိကြောင်း သိရသည်။

 

ရေစီးလမ်းကြောင်း ပြောင်းလဲစီးဆင်းလျက်ရှိသော်လည်း ရှပ်ပြေးယာဉ်များ နေ့စဉ်ပုံမှန် ခရီးဝေး ပြေးဆွဲလျက်ရှိနေကြောင်း သိရသည်။ ဗန်းမော်ကနေကသာကို မနက် ၉ နာရီစထွက်ပါက ညနေ ၅ နာရီတွင် ကသာသို့ နေ့ချင်းပေါက်ရောက်ရှိကြောင်း သိရသည်။

 

သန်းမောင်လေး (ကချင်မြေ)