မင်းဘူး ၂၉ ဇန်နဝါရီ

 

၂၅၈၆ ကြိမ်မြောက် မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီခွဲတွင် သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ရာ ပါဒစေတီတော် ၂၅၈၆ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်တွင်  မြန်မာအိုင်ဒေါဆုရှင် အက်စတာနှင့် အေးမြဖြူအပါအဝင် နိုင်ငံကျော် တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုအစီအစဉ်အား ဇန်နဝါရီ ၂၈ ရက် ညနေ ၆ နာရီက မန်းရွှေစက်တော်ရာဘုရား ဂေါပကရုံးအနီးကျင်းပရာ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားများပြားခဲ့ကြောင်း သိရသည်။

 

mdn

 

ပွဲတော်အတွင်း ခိုက်ရန်ဖြစ်ပွားမှုနှင့် မူးယစ်သောက်စားခြင်းများ မရှိစေရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး ကြပ်မတ်ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့မှလည်း အရေးပေါ် ကျန်းမာရေး ဆေးဝါးကုသမှုများ လိုအပ်လာပါက အချိန်နှင့် တစ်ပြေးညီ ကုသဆောင်ရွက်ပေးနိုင်ရေး ယာယီဆေးခန်းများ ဖွင့်လှစ်စီစဉ်ထားကြောင်း သိရသည်။

 

mdn

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ဘုရားဖူးလာပြည်သူများ စိတ်အပန်းဖြေ ကြည့်ရှုနိုင်ရေးအတွက် ဖျော်ဖြေရေး အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပလျက်ရှိရာ ယခုနှစ်တွင် ထူးခြားစွာ နိုင်ငံတစ်ဝှမ်းမှ နှစ်သက်အားပေးကြည့်ရှုကြသည့် မြန်မာအိုင်ဒေါဆုရှင် အက်စတာနှင့်အတူ အေးမြဖြူ၏ သီဆိုဖျော်ဖြေမှု အစီအစဉ်များ၊ နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေမှု အစီအစဉ်များ ထည့်သွင်းကျင်းပခြင်း၊ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရနှင့် ဆရာတော်ကြီးများမှ ဘုရားဖူးလာသူများအား တရားတော်များ ဟောကြားချီးမြှင့်ခြင်း အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။

 

ရဲဝင်းနိုင်(ညောင်ဦး)၊ ကျော်စိုးဝင်း(မင်းဘူး)