နေပြည်တော် ၂၉ ဇန်နဝါရီ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး Ms. Tone Tinnes အား ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ (၁) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ မူလလုပ်ငန်းများအပြင် လက်ရှိတာဝန်ယူဆောင်ရွက်နေသော ကော်မတီများနှင့် လုပ်ငန်းတာဝန်များ၊ ပြည်ပသို့တင်ပို့ရန် အလားအလာရှိသည့် ပို့ကုန်အမယ်များ ဈေးကွက်ရရှိရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ရေလုပ်ငန်းကဏ္ဍတို့တွင် ကြုံတွေ့နေရသော စိန်ခေါ်မှုနှင့်အခွင့်အလမ်းများ၊ တရားမဝင် ကုန်သွယ်မှုဆိုင်ရာ အခက်အခဲများနှင့် သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည်။
နော်ဝေနိုင်ငံ သံအမတ်ကြီးက နော်ဝေ စီးပွားရေးလုပ်ငန်းရှင်များမှ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု၊ လယ်ယာစိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် သဘာဝအရင်းအမြစ်များ ထုတ်ယူသုံးစွဲရာတွင် နော်ဝေနိုင်ငံ၏ နည်းပညာနှင့် အတွေ့အကြုံများ ပြန်လည်မျှဝေနိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်ဆွေးနွေးသည်။
သတင်းစဉ်