မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်စုပေါင်းများစွာ မှီတင်းနေထိုင်ကြပြီး မိမိတို့ရိုးရာဓလေ့နှင့် ဘာသာ အယူများနှင့်အတူ အေးချမ်းစွာနေထိုင်ခဲ့သည်မှာ ရှေးနှစ်ပေါင်းများစွာကပင် ဖြစ်ပါသည်။ ထိုများလှစွာသော တိုင်းရင်းသားများထဲမှ ကမ္ဘာ့အလယ်တွင် အံ့ဖွယ်တစ်ရပ်ဖြစ်နေသော ကယန်း(ပဒေါင်) တိုင်းရင်းသားတို့၏ လည်တိုင်၊ လက်ကောက်ဝတ်မှ တံတောင်ဆစ်၊ ခြေမျက်စိမှ ဒူးဆစ်များတွင် ကြေး၊ ငွေများ ရစ်ပတ်ကာ အလှ ဆင်ထားမှုကို တွေ့မြင်ရမည် ဖြစ်ပါသည်။

 

စာရေးသူ ကယားပြည်နယ် လွိုင်ကော်မြို့သို့ ဘုရားဖူးခရီးရောက်ခဲ့စဉ် ဒေသခံများထံ မေးမြန်းစုံစမ်းရာမှ သိခဲ့ရသော ဒေသနေမျိုးနွယ်စုများ၏ ရိုးရာဓလေ့၊ ယဉ်ကျေးမှုများကို သိခဲ့မြင်ခဲ့ရသည်။ ခရီးစဉ်အရ လွိုင်ကော် မြို့မှ တောင်ကွဲစေတီသို့ ဘုရားဖူးရောက်ခဲ့ပြီး ဘီလူးချောင်းအလှကို ငေးမောရင်း မှတ်တမ်းဓာတ်ပုံ ရိုက်ကြ သည်။ ထို့နောက် ငွေတောင်ဆည်တွင် အချိန်များစွာနားကြ၊ လေ့လာကြသည်။ ထို့ကြောင့် ငွေတောင်ဆည်နှင့် မဝေးလှသော ပန်ပက်ကျေးရွာသို့ သွားခဲ့သည်။

 

ကျေးရွာအတွင်းမှ အမျိုးသမီးအများစုသည် လည်ပင်းတွင် ကြေးကွင်းများစွပ်ထားကြပြီး အချို့အသက်အရွယ် ရသည့် အမျိုးသမီးကြီးများသည် ကြေးကွင်းများ ထပ်ထပ်စွပ်ထားသည့်ပုံဟန်မှာ လည်တံများပင် ရှည်နေသည်။ ခြေများတွင်လည်း ကြေးကွင်းများစွပ်ထားသောကြောင့် လည်တံနှင့် ခြေများမှာ ကြေးကွင်းများနှင့်ဟု ကြည့်မိ နေဆဲ လက်များတွင်လည်း ကြေးကွင်းများစွပ်ထားကြသည်။ ထို့ကြောင့် ရင်းနှီးမှုရရန်မိတ်ဆက်ပြီး မေးမြန်း မိသည်။

 

ကယန်းတိုင်းရင်းသူများသည် အသက်ငါးနှစ်အရွယ်မှစ၍ ကြေးကွင်းစွပ်ရပြီး စတင်၍စွပ်ရသော ကြေးကွင်းမှာ နှစ်ခွေ၊ သုံးခွေမှစခဲ့ပြီး အသက် ၁ဝ နှစ်အရွယ်တွင် ပထမကြေးခွေကိုဖြုတ်ပြီး ယခင် ယခု နှစ်မျိုးပေါင်း ၁ဝ ကွင်းအထိ ရစ်ပတ်ခဲ့ရ၏။ အသက် ၂ဝ အရွယ်တွင် ပထမဆယ်ကွင်းကိုဖြုတ်ပြီး နှစ်ခုပေါင်း ကွင်းဆယ့်ငါးရစ်၊ နှစ်ဆယ်ရစ်ရှိ ကြေးကွင်းကို ရစ်ပတ်၍ စွပ်ကြရ၏။ ထိုသို့ကြေးကွင်းများ များလာသောကြောင့် ကြေးကွင်းများ ငြိမ်နေစေရန် လည်ပင်းအောက်ခံအဖြစ် အဝတ်အညို၊ အမည်းပိတ်စများဖြင့် ခံထားရ၏။ သီးခြားရစ်ပတ် ထားသော အခွေများကိုလည်း စွပ်ထားလေ့ရှိသည်။

 

ကြေးခွေများသည် တစ်ကွင်းစီမဟုတ်ဘဲ ''ကွိုင်''ပတ်သကဲ့သို့ ရစ်ထားခြင်းဖြစ်ပြီး ကြေးလုံးမှာလည်း ကြေးကွင်းပတ်မည့် မိန်းကလေး၏ လက်သန်းလုံးခန့်ထက်သေးသော အရွယ်အလုံးချောဖြစ်၏။ အသက် အရွယ်ကိုလိုက်၍ ကြေးကွင်းစွပ်ရမှုမှာလည်း အကွင်းရေများတိုးလာမည်ဖြစ်၏။ ကြေးလုံးသည် အခေါင်း ပိတ်ဖြစ်၏။ ပုံသဏ္ဌာန်မှာ အထက်ကား၍ အလယ်သိမ် အောက်သို့ကျယ်သောပုံဖြင့် ရစ်ပတ်ဝတ်ဆင်ကြရ၏။ လည်တိုင်တွင်သာမက ခြေနှစ်ဖက်တွင် ဒူးဆစ်မှ ခြေသလုံး၊ ခြေသလုံးမှ ခြေမျက်စိ အထိ ကြေးခွေလေးခွေ ငါးခွေဖြင့်ပတ်၍ ဝတ်ဆင်ကြရ၏။ လက်နှစ်ဖက်တွင်လည်း ခြေကဲ့သို့ပင် ဝတ်ဆင်ထားတတ်ကြ၏။ ဤသို့ကြေး ကွင်းများ စွပ်ထားရခြင်းဖြစ်သော ထုံးတမ်းဓလေ့ကိုလည်း ဤသို့ သိရှိခဲ့ရသည်။

 

ကယန်းအမျိုးသမီးများသည် ကြေးကွင်းများ ဝတ်ဆင်ရခြင်းမှာ အမိနဂါး၊ အဖဘုရားဟု အယူအဆရှိပြီး မိခင်နဂါး၏ ပုံသဏ္ဌာန်နှင့်တူစေရန် လည်ပင်းတွင် ကြေးကွင်းစွပ်ဝတ် ဆင်ရကြောင်းနှင့် အခြားသော အကြောင်း အရာများလည်းရှိကြောင်း ပြောပြသည်။

 

ရှေးအခါက အမျိုးအနွယ်ခိုင်မာကြသော ကယန်း(ပဒေါင်)မျိုးနွယ်စုများသည် ရန်ကုန်သို့ ရောက်ခဲ့စဉ် ရွှေပင်၊ ငွေပင် အနွယ်များကိုတွေ့၍ ''မုန်းမူဂုတ်'' အမည်ရှိ အဘွားအိုကြီးက ထိုရွှေပင်ကိုချိုး၍ လည်ပင်းတွင် ရစ်ပတ်ခဲ့ရာမှ ကြေးကွင်းဝတ်ဆင်ကြသော ဓလေ့ဖြစ်ခဲ့ရ ကြောင်းနှင့် အချို့သက်ရွယ်ကြီးသူများ စကား အရ မှတ်သားခဲ့ရသည်က ကယန်းမျိုးနွယ် မိန်းကလေးများသည် အလွန်ချောလှကြ သောကြောင့် စော်ဘွားများ၊ ဘုရင်များက တော်ကောက်ခြင်းခံရဖူးသည်ကို ကြောက်ရွံ့စိုးရိမ်ကြသောကြောင့် အကျည်းတန် အရုပ်ဆိုး သွားစေရန် လည်ပင်း၊ လက်၊ ခြေတို့တွင် ကြေးကွင်းများ စွပ်ကြကြောင်းဖြစ်သော်လည်း နောက်ပိုင်း ကာလများတွင် ကယန်းမျိုးနွယ်ဝင် လုံမပျိုများ မြတ်နိုးစွာ ဝတ်ဆင်၍ မိမိတို့ဓလေ့ထုံးတမ်းဟူ၍ လက်ခံ ဝတ်ဆင်ခဲ့သည်မှာ ယနေ့တိုင်ဟု ဆိုကြသည်။

 

ကျေးရွာအတွင်းမှ ကြေးကွင်းစွပ်၍ ရိုးရာယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုနှင့်အတူ စကားဝိုင်းသို့ ရောက်လာသော မိန်းကလေးများ၏ တစ်စုံစာကြေးကွင်းများ စွပ်ထားမှုကို ကြည့်လိုက်သောအခါ လည်ရစ်တွင် ပတ်ထားသော ကြေးခွေများမှာ အခေါင်းပိတ်ဖြစ်ပြီး ၁၈ ခွေနှင့် ခွေ ၂ဝအထိရှိကြ၏။ လက်နှစ်ဖက် တွင်လည်း လေးခွေစီ၊ ခြေနှစ်ဖက်တွင် ၁၅ ခွေမှ ခွေ ၃ဝ အထိရှိကြ၏။ ဒူးဆစ်အောက် ကြေးခွေပေါ်တွင် စပရိန်ကြေးခွေ လေးခွေ ထပ်ဆင့်ရစ်ပတ်ထားပြန်၏။ ကြေးခွေများ၏ ပွတ်တိုက်မှုကိုခံနိုင်ရန် ကြေးခွေနှင့် လည်ပင်း ကြား၌ ချည်စတစ်ခုခံ၍ ရစ်ပတ်ထား၏။ သူတို့ ဝတ်ဆင်ထားကြသော ကြေးကွင်းစုစုပေါင်း အလေးချိန်သည် ပေါင် ၆ဝ အထက် ပိဿာချိန်အားဖြင့် ၁၇ ပိဿာခန့်ရှိသည်ဟု သိရသည်။

 

ကြေးခွေများစတင်ဝတ်ဆင်ရန် အရွယ်ရောက်လာသော ငါးနှစ်သမီးလေးကို ကျွမ်းကျင်သော နတ်ဆရာ ထံခေါ်သွားပြီး ကြက်ပျိုမလေးတစ်ကောင်လက်ဆောင်ပေး အပ်နှံရ၏။ ကြေးခွေပတ်ရန် နေ့ကောင်း ကို တောင်းခံပြီး လပြည့်၊ လဆန်းရက်ကိုသာရွေး၍ ကြေးခွေကို စတင်ပတ်ရပြီး လဆုတ်၊ လကွယ်ရက်များသည် ရက်ဆိုးများဖြစ်၍ ဒုက္ခရောက်တတ်သည်ဟု အယူရှိကြ၏။

 

ကာရှည်ဝတ်ဆင်ရမည့် ကြေးခွေပြုလုပ်မှု တွင် ကြေးခွေကို အလုံးညီအောင်နှင့် ချောမွေ့ စေရန် ပုံသွင်းရာတွင် ဝါးကိုမီးမြှိုက်ပြီး ပုံသွင်းကြရ၏။ ကြေးခွေပတ်မည့်နေ့တွင် အနီးအနားမှ မိတ်ဆွေများဖိတ်၍ဧည့်ခံကာ နတ် ဆရာက ဂါထာမန္တာန်များရွတ်၍ လည်ပင်းကို စတင်ပတ်ပြီးမှ ညာဘက်ခြေကို နှစ်ပတ်ပတ်ပြီး အသက် အရွယ်အလိုက် ကြေးကွင်းကို တိုး၍ပတ်သွားကြရသည်။

 

ရိုးရာဓလေ့ဖြစ်သောကြောင့် ကြေးကွင်းပတ်ခြင်းကို အလေးထားကြ၏။ ကယန်းပျိုဖြူ များသည် အရွယ်ရောက်စမှ အိမ်ထောင်ပြုပြီး အချိန်တွင် ငွေကြေးချမ်းသာမှုအရ ကြေးခွေ များကို ထပ်မံတိုး၍ ပတ်ကြ ရ၏။ ကြေးခွေများ ချွတ်လျှင်လည်း သတိထားရသည်မှာ ဦးခေါင်းအောက်၌ စောင်၊ ခေါင်းအုံးကို ခုခံထားပြီးမှ ချွတ်ရမည်။ ထိုသို့ မခံမိပါက ဇက်လိမ်၊ ဇက်ကျိုးခြင်းများဖြစ်နိုင်၏။ ကြေးခွေများ ပြန်ပတ် မည်ဆိုလျှင် မူလကြေးခွေနှင့် အသစ်ရော၍ ပတ်နိုင်သည်။ ကြေးခွေများ လင်းလက်ဝင်းပနေစေရန် ကောက်ရိုးဖြင့် ပွတ်တိုက်ပေး ရ၏။ ကယန်း(ပဒေါင်) မျိုးနွယ်မိန်းကလေးများသည် ရှေးယခင်အခါမှစ၍ ယနေ့တိုင်လည်း ကြေးကွင်းစွပ်ရစ်ပတ်ကြသည့် ရိုးရာဓလေ့ကို အလွန်တန်ဖိုးထား ဂုဏ်ယူလျက်လည်းရှိကြသည်။

 

ကယန်း(ပဒေါင်)မျိုးနွယ်စုများသည် မြန်မာနိုင်ငံတွင် လူဦးရေနည်းပါးကြသော မျိုးနွယ်စုများဖြစ်ကြသော်လည်း ရိုးရာဝတ် စားဆင်ယင်မှုများ၊ ဆန်းကြယ်မှုများကြောင့် အများထဲမှာ နေရာရထင်ရှားကြသည်။ အမျိုးသမီးတိုင်း နားပေါက်များကျယ်မှုကြောင့် ပုံဟန်ကလည်း ထူးခြားနေသည်။ မြန်မာနိုင်ငံ ၏ ထင်းရှူးရိပ်များပေါသော ဒေသနေသူများ ဖြစ်ပြီး ရိုးရာလုပ်ငန်းအနေဖြင့် တောင်သူ ယာလုပ် စိုက်ပျိုးရေးအခြေခံများကို ဦးစားပေး လုပ်ကိုင်ကြရင်း ဒေသထွက်ဝါးနှင့် ပစ္စည်းမျိုးစုံ ယက်လုပ်ခြင်း၊ ချည်ထည်ရက်ကန်းယက်လုပ် ခြင်းများနှင့်အတူ တောင်စောင်းတောင်ပေါ် များတွင် လက်ဖက်ခင်းများ စိုက်ပျိုးကြခြင်းကို လည်း စီးပွားဖြစ်အထိ စိုက်ပျိုးကြ၏။ ဂုဏ်ယူ ဖွယ်ကောင်းသော ကယန်းမျိုးနွယ်စုများသည် နေ့တွင် နေဝင်မနားရအောင် အလုပ်နှင့်လက် မပြတ် အောင် လုပ်ကိုင်နေကြသော တိုင်းရင်းသားမျိုးနွယ်စုများ အဖြစ်လည်း တွေ့မြင်ခဲ့ရသည်။

 

မျိုးနွယ်စုအမည်ပေါ်ထွန်းခဲ့မှုကိုလည်း ကျေးရွာလူကြီးတစ်ဦးက ဤသို့ ဆိုပါသည်။ ရှေးအခါက ''ကန် ယန်''ဟုခေါ်ခဲ့ပြီး ''ကန်''မှာ ပိုင်နက် နယ်မြေဟုလည်းကောင်း၊ ''ယန်''မှာ စွဲစွဲမြဲမြဲနေတတ်သော လူမျိုးဟု ဆိုသောကြောင့် ''ကန်ယန်''၏ အဓိပ္ပာယ်မှာ နယ်မြေတစ်ခုတွင် အတည်တကျ စွဲမြဲစွာနေတတ်ကြသူများဟု ဆိုရမှာဖြစ်ကြောင်းနှင့် ကာလကြာလာသောအခါ ကန်ယန်မှ ကယန်းဟုခေါ်ခဲ့ကြခြင်းဖြစ်၏ဆိုပြီး မျိုးနွယ်စု အနေဖြင့်လည်း လေးမျိုးရှိကြောင်း ဆိုသည်။

 

၁။ ကယန်း(ပဒေါင်)

မိမိတို့ ကိုယ်ကိုတောင်ပေါ်ဒေသ အရှင်သခင်ဟု အယူအစွဲရှိပြီး အမျိုးသမီးများ၏ လည်ပင်း၊ ခြေထောက်နှင့် လက်တို့တွင် ကြေးခွေများရစ်ပတ်သော ဓလေ့ရှိသူများ ဖြစ်၏။

 

၂။ ယင်းဘော်(ခေါ်) ကယန်း(ကငံ) မြေပြန့်လွင်ပြင်တွင် အနေများပြီး လည်ပင်းတွင် ငွေပြားများ ချိတ်ဆွဲဝတ်ဆင် လေ့ရှိသော မျိုးနွယ်စုများဖြစ်၏။

 

၃။ ကေခို၊ ကေဘား၊ ကယန်း(ကေခို)တောင်ပေါ်ဒေသတွင် အနေများပြီး ကယန်း(ပဒေါင်)တို့နှင့် ဘာသာစကား အလွန် နီးစပ်သော စကားကို ပြောဆိုကြသူများဖြစ်၏။

၄။ ဇယိမ်(ခေါ်) ကယန်း(လထ)တောင်ပေါ်ဒေသကျောက်တုံး၊ ကျောက် တိုင်များကြားတွင် အိမ်များ ဆောက်ကာ နေကြပြီး အမျိုးသားများက ခေါင်းတုံးတုံးထားသည့် ဓလေ့များရှိသော မျိုးနွယ်စုများဖြစ်၏။

 

ကယန်းမျိုးနွယ်စုများတွင် ထူးခြားသော ပွဲတစ်ခုကိုလည်း ကျင်းပလေ့ရှိ၏။ ထိုပွဲကား ''သွား''အနက်ဆိုးပွဲဖြစ်၏။ ဤသို့ပြုလုပ်ကြ ခြင်းကို မိဘအုပ်ထိန်းသူများက အတင်းအကျပ် တိုက်တွန်းခြင်းမရှိ မိမိတို့ဆန္ဒဖြင့်သာ ပြုလုပ်ကြခြင်းဖြစ်ပြီး အပျို၊ လူပျိုတို့၏ သွားနက်ဆိုးပွဲသည် မိဘအုပ်ထိန်းသူများက လည်းအားပေးကာ ခေါင်ရည်တိုက် ထမင်းကျွေး၍ ပျော်ပါးစွာ ပါဝင်ခဲ့သော ပွဲတစ်မျိုး သည် ကယန်းမျိုးနွယ်စုများ၏ အစဉ်အလာ ရိုးရာပွဲဖြစ်ကြောင်းလည်း ဆိုသည်။

 

ကယန်းမျိုးနွယ်စုများ အားလုံးနီးပါးသည် နတ်ကိုးကွယ်ခြင်း၊ နတ်ပသခြင်း၊ ကြက်ရိုး ဗေဒင်၊ နှီးဗေဒင်၊ သက်ငယ်ရိုးချိုးဗေဒင်တို့ကို ယုံကြည်လေးစားစွာဖြင့် ယနေ့တိုင် လက်ခံနေကြ၏။ စာပေအနေဖြင့်လည်း ကယန်းစာပေဟူ၍ သီးခြားရှိကာ သင်ယူနေသော ဓလေ့လည်းရှိနေပြီး အချို့မြန်မာစာပေတတ်ကျွမ်း သူများနှင့် မြန်မာစကားကောင်းစွာပြောနိုင် သူလည်းများသည်။

 

ဧည့်သည်အတွက် ခရီးဦးကြိုပြုသူများ နေရာထိုင်ခင်းပေး၍ သူတို့ဒေသမှာ နာမည် ကျော်သော ခေါင်ရည်နှင့် ဝါးပိုးကောင်ဟင်း၊ ခါချဉ်ဥကျော်၊ အမဲကျော်များနှင့် ထမင်းပွဲပြင် ဧည့်ခံကြသည်။ ဒေသအစားအစာမို့ စားဖူး သည်ရှိရလေအောင်အားနာသော်လည်း စားခဲ့မိသည်။ ဖော်ရွေပျူငှာကြသူများနှင့် ထမင်း စားခဲ့ရသည်ကိုလည်း ထာဝရအမှတ်ရနေမှာ ဖြစ်ပြီး အမျိုးဂုဏ်ဇာတိဂုဏ်ကို မြင့်မားစေရန် မိရိုးဖလာရိုးရာအမွေအနှစ်များကို ထိန်းသိမ်းကြသူများအဖြစ် အစဉ်ထာဝရ ဂုဏ်ယူနေမှာလည်းဖြစ်ပါကြောင်း ကျေးဇူးစကားဆိုရင်း ပြန်ခဲ့ရ ပါသည်။ နောက်တစ်ခါ ရောက်ရန်လည်း ကြိုးစားရပါဦးမည်။ အခြားသောဒေသအတွင်း လေ့လာစရာတွေကို လေ့လာချင်သေး၍ ဖြစ်သည်။ ။

 

မြမဉ္ဇူဝေ(ကျုံမငေး)