နေပြည်တော် ၂၉ ဇန်နဝါရီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး Ms. Tone Tinnes နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီးနောက် အဆိုပါမဟာဗျူဟာအား အကောင်အထည်ဖော်ရန် လက်ရှိဆောင်ရွက်နေသည့် အခြေအနေများ၊ ပြန်လည်နေရာချထားရေး ဆောင်ရွက်ရာတွင် အဓိကအရေးပါသည့် လုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ရေရှည်ဘဝရပ်တည်မှုအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက် မိုင်းအန္တရာယ်ရှိသည့် နေရာများတွင် လူသားချင်းစာနာထောက်ထားမှုကို ရှေးရှုသည့် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ မိုင်းအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကြီးကြပ်ကွပ်ကဲပေးနိုင်မည့် မိုင်းအန္တရာယ်ဆိုင်ရာ အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရေး လက်ရှိဆောင်ရွက်နေမှုများနှင့် အပြည်ပြည်ဆိုင်ရာ မိုင်းကင်းစင်ရေးစာချုပ်၏ လက်ရှိဥက္ကဋ္ဌဖြစ်သူ နော်ဝေနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်