ရန်ကုန် ၂၉ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် မေဓာဝီလမ်းရှိ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက အဆိုပါ ဆေးရုံကြီးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးက အဖွင့်အမှာစကား ပြောကြားပြီး ဆေးတက္ကသိုလ်(၂)ရန်ကုန် ဆေးပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာအောင်ကျော်သူက History and Epidemiology၊ ဆေးပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာကျော်သူရက Pathophysiology and Clinical Features၊ ဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာဆွေဆွေသစ်က Investigation and Diagnosis၊ အဏုဇီဝဌာနမှ ဒေါက်တာမြင့်သဇင်အောင်က Laboratory Diagnosis And sample collection၊ ဆေးပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာစန်းစန်းဝင်းက Treatment နှင့် ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာသင်းသင်းနွဲ့ က Prevention အကြောင်းတို့ကို ဟောပြောကြသည်။
ဆေးတက္ကသိုလ်(၂) ရန်ကုန် ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာသင်းသင်းနွဲ့က “ဒီလိုဟောပြောပွဲတွေ လုပ်ခြင်းအားဖြင့် လက်ရှိဖြစ်ပွားနေတဲ့ အဆုတ်ရောင်ပြင်းထန်ရောဂါကို အများပြည်သူတွေလည်း သိရှိမယ်။ ကျန်းမာရေးဝန်ထမ်းတွေလည်း သိရှိမယ်။ ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာလည်း အားလုံးသိစေချင်တာပါ။ ဒီနေ့ဟောပြောပွဲမှာ နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်ရောဂါရဲ့ ဖြစ်စဉ်ရောဂါဖြစ်တဲ့ လူနာတွေရောက်လာရင် ဘယ်လိုကုသရမလဲ၊ ရောဂါတွေ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာတွေ ဟောပြောပါတယ်။ ဒီရောဂါက မဖြစ်အောင် ကာကွယ်တဲ့ နည်းလမ်းကတော့ လူတိုင်းလုပ်ဆောင်နိုင်ပါတယ်။ ရောဂါဖြစ်တဲ့သူဆီက မကူးအောင် အဓိက လက်ကိုစင်ကြယ်အောင် ဆေးကြောရမယ်။ လူနာကိုမကိုင်တွယ်ခင်မှာလည်း လက်ကိုစင်ကြယ်အောင် ဆေးကြောမယ်။ နှာခေါင်းစည်းတပ်ဆင်ထားရမယ်ဆိုတာ ဟောပြောခဲ့ပါတယ်” ဟု ပြောသည်။
ဆေးတက္ကသိုလ်(၂)ရန်ကုန် ဆေးပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာ အောင်ကျော်သူက “ဒီနေ့ ဆေးပညာဟောပြောပွဲမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်အကြောင်း ဆွေးနွေးပြောပြခဲ့ပါတယ်။ ဒီဇင်ဘာလကုန်မှာ ဝူဟန်မြို့မှာ နမိုးရီးယား စပြီးဖြစ်တယ်။ ဆက်ပြီးလိုက်တဲ့အခါ ဇန်နဝါရီလထဲမှာပဲ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်တယ်ဆိုတာ သူတို့သိလာကြတယ်။ အဲ့ဒီဗိုင်းရပ်စ်က နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်ဆိုတာ ဖြစ်လာတယ်။ ဒီနေ့ ဟောပြောပွဲမှာ နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်နဲ့ အရင်ဖြစ်ဖူးတဲ့ ဗိုင်းရပ်စ်ပိုးတွေအကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်”ဟု ပြောသည်။
ယနေ့ပြုလုပ်သည့် အသိပညာပေး ဆွေးနွေးပွဲသို့ ဆေးတက္ကသိုလ်(၂)ရန်ကုန်မှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခနှင့် ဆရာဝန်များ၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
သတင်းနှင့်ဓာတ်ပုံ/မင်းသစ်(MNA)