သီဟလုလင်

 

မိုးကုတ်မြို့ကနေ ၄၅ မိနစ်လောက် ကားမောင်းသွားရတဲ့ ပြောင်ခေါင်းဘားနဒ် ရွာလေးမှာ အေးမြတဲ့မနက်ခင်းဆိုရင် ရေခဲတာကို မြင်ရတယ်လို့ ပြောသံကြားရပေမယ့် ကိုယ်တိုင်မကြုံဖူးသေးဘူး။ ပြောင်းခေါင်းစိမ်း ကျောက်တွေ ထွက်တဲ့ ပြောင်ခေါင်းရွာ ဒါမှမဟုတ် ဘားနဒ်ရွာလေးမှာ မိုးသားတိမ် ကင်းတဲ့နေ့တွေ၊ မိုးမရွာထားတဲ့နေ့တွေ ဆိုရင် အခုလိုအေးမြတဲ့ ဆောင်းနံနက်ခင်းတွေမှာ မြေပြင်တစ်ခုလုံး ရေခဲမှုန်မှုန်လေးတွေအပြည့် ဖွေးဖွေးလှုပ် ဖုံးလွှမ်းနေတတ်တယ်။ ဒါကို သဘာဝအလှတစ်ခုအနေနဲ့ အပူပိုင်းနဲ့ မြစ်ဝကျွန်းပေါ်က ခရီးသွားတွေ တကူးတက လာပြီးကြည့်ကြ၊ မှတ်တမ်းတင်ကြရတယ်လေ။ ကျွန်တော်လည်း ဒီတစ်ခါ မိုးကုတ်မြို့ကိုရောက်တော့ ရေခဲမှုန်လေးတွေ လွှမ်းနေမယ့် ဘားနဒ်ရွာလေးကိုမြင်ရဖို့ အပြေးလာခဲ့ရ ပြီပေါ့။


ရိုးစင်းမှုတွေ မပျောက်ပျက်သေးတဲ့ ဘားနဒ်ရွာ

မိုးကုတ်နယ်ဟာ လွန်ခဲ့တဲ့ နှစ် ၁၂၀ လောက်က ဗြိတိသျှတွေရဲ့ အခြေချရာနေရာတစ်ခု ဖြစ်ခဲ့တယ်။ အဲဒီအချိန် တုန်းကလည်း မိုးကုတ်က ကျောက်သံပတ္တမြားတွေကို စက်အားတွေနဲ့ ထုတ်ယူခဲ့ကြတာပဲ။ ဒီအချိန် မှာ ဒီဘားနဒ်ရွာလေးဟာ ဗြိတိသျှသံအမတ် ကြီး Charles Bernard ရဲ့ အမည်ကို အစွဲပြုလို့ ဘားနဒ်ရွာအဖြစ် ဗြိတိသျှတို့ ခြေကုပ်ယူရာ နေရာတစ်ခုဖြစ်ခဲ့တယ်လို့ မှတ်ဖူးတယ်။ အခုတော့ ရွာသာယာလို့ နာမည်ပြောင်းခဲ့ ပေမယ့် ဘားနဒ်အနေနဲ့ပဲ ခေါ်ပြောနေကြတုန်းပေါ့။


ရွာသူ ရွာသားတွေက တရုတ်လူမျိုးတွေနဲ့ တူတယ်။ ဝတ်စားဆင်ယင် ပြောဆိုပုံတွေ ဆင်တယ်။ ရိုးလည်းရိုးသားပြီး ပွင့်လင်း ကြတယ်။ ကျွန်တော်က ရေခဲနေတာမြင်လို့ သဘောကျကာ ကားရပ်ပြီး ဓာတ်ပုံဆင်းရိုက်တော့ … အဲဒီနားက အိမ်ထဲက အမျိုးသမီးတစ်ဦးက တအံ့တသြနဲ့ “ဟယ် ဒီလောက် အေးနေတာ၊ မအေးတဲ့အတိုင်းပဲ” လို့ လှမ်းအော်မေးရတဲ့အထိ ရိုးသားအေးဆေး ကြတယ်။


ရေခဲတဲ့ ဆောင်းနံနက်ခင်းမှာ ဘားနဒ်ရွာဆီကို

ရွာလေးဆီကိုသွားဖို့ မနက် ၅ နာရီလောက် မိုးကုတ်မြို့ကနေ စထွက်ရတယ်။ တောင်တက်လမ်းလေးတွေကို ဖိုးဝှီးကားတွေနဲ့သွားရင် ပိုအဆင်ပြေတယ်။ ဆလွန်းတွေလည်း သွားကြပေမယ့်လမ်းက နည်းနည်းတော့ ကြမ်းတယ်။ လမ်းလည်းကျဉ်းတယ်။ အထူးသတိထားရတာက ဆိုင်ကယ်တွေပါ။ ဆိုင်ကယ်တွေက အမြန်နှုန်း များများနဲ့ လာကြသလို လမ်းအလယ်လောက်ကနေမောင်းလာတတ်တာမို့ ကိုယ့်ဘက်က တတ်နိုင် သမျှ အရှိန်ထိန်းပြီး သတိထားမောင်းကြရတယ်။ အကွေ့အကောက်များတယ်။ ဘေးမှာ ချောက်နဲ့ တစ်ဖက်မှာ တောင်ရှိတာမို့ ကားကို ဂရုစိုက်မောင်းဖို့လိုပါတယ်။


ဘားနဒ်ရွာမှာတွေ့ရမယ့် ရေခဲမှုန်လေး တွေကို မမြင်ရသေးခင် လေပေါက်ဘုရားနားမှာ မိုးကုတ်မြို့အပေါ်စီး မြင်ကွင်းကျယ်နဲ့ နေထွက်လာတဲ့အလှကို ခံစားနိုင်မယ်။ ညဘက်ဆို ဒီနေရာကနေ မိုးကုတ်အရှေ့ပိုင်းနဲ့ အနောက်ပိုင်း(ကျပ်ပြင်)တို့ကို တစ်ခါတည်း မြင်တွေ့နိုင်မယ့်နေရာမို့ ထူးခြားတယ်ဆိုရမယ်။

 

ဒီနေရာလေးမှာ နေထွက်ချိန်ကို ခဏခံစားပြီး ခရီးဆက်ခဲ့မယ်ဆိုရင် ဘားနဒ်ရွာကို အလင်းရောင်လည်းထွက်၊ ရေခဲတွေလည်း ကောင်းကောင်းမြင်ရမယ့် အချိန်ကို ရောက်သွားနိုင်တယ်။ ရေခဲဆိုပေမယ့် နိုင်ငံခြားမှာလို နှင်းတွေ ကျနေတာမျိုးမဟုတ်လို့ နေရောင်လာတာနဲ့ ဒီရေခဲမှုန်လေးတွေက ချက်ချင်းအရည်ပျော်သွားတတ်တယ်။ ဒါကြောင့် ဒီရေခဲမှုန်လေးတွေရှိနေတဲ့ ခဏတာအချိန် တစ်နာရီ၊ နှစ်နာရီလောက်အတွင်းကို သဘာဝ အလှခံစားဖို့ အပြေးလာကြရတာပါ။


မနက် မိုးကုတ်ကနေ ထလာကတည်းက ကားပေါ်မှာရေခဲလေးတွေ တွေ့လိုက်ရပြီမို့ ဒီမနက် ဘားနဒ်မှာရေခဲတွေ့ရဖို့ သေချာသွားတယ်။ ဘားနဒ်ရွာ မရောက်ခင်ကတည်းက တချို့နေရာလေးတွေမှာ သစ်ရွက်နဲ့ ချုံတွေပေါ်တင်ပြီး ခဲနေတဲ့ ရေခဲမှုန်လေးတွေကို သတိပြုမိတော့ ပိုရင်ခုန်လာတယ်။ ဟော… ဘားနဒ်ရွာလည်းဝင်ရော မြင်မြင်သမျှဟာ ရေခဲတွေ ဖုံးလွှမ်းနေတော့တယ်လေ။ အိမ်တွေရဲ့ ခေါင်မိုးတွေမှာ ရေခဲမှုန်ဖြူဖြူတွေ၊ စိုက်ခင်းတွေမှာ၊ မြေပြင်ပေါ်မှာ၊ မြက်တွေပေါ်မှာ အရာတိုင်းဟာ ရေခဲမှုန်ဖြူဖြူတွေ လွှမ်းခြုံပြီး ခဲတောင့်နေကြတယ်။ အရွက်လေးတွေကို ချိုးကြည့်တော့ အတောင့်လိုက် လေးပါလာတယ်။ တချို့နေရာတွေမှာ သွယ်ထားတဲ့ရေပိုက်လိုင်းက ရေတွေစဉ်ပြီး ရေခဲအချောင်းလိုက်ဖြစ်နေတဲ့ အရွက်နဲ့အပင်တွေကိုပါ တွေ့လိုက်ရတော့ ဘာတွေပျော်မှန်းမသိ ပျော်သွားခဲ့တယ်။ အလွန်အေး တဲ့ ခံစားမှုကြီးဟာ လူကိုထိုင်းမှိုင်းစေလို့ သိပ်သဘောမကျလှပေမယ့် ဒီမနက်တော့ ကျွန်တော် အလွန်ပျော်ပြီး တက်ကြွနေတယ်။ ဓာတ်ပုံရိုက်လို့ကို မဝနိုင်အောင်ပါပဲ။


အမေ့လျော့ခံ ဘားနဒ်စစ်သင်္ချိုင်း

ဗြိတိသျှတို့ အခြေချတပ်စွဲရာ ဖြစ်တာမို့ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွေအတွင်း ကျဆုံးသွားတဲ့ ဗြိတိသျှစစ်သားတွေရဲ့ စစ်သင်္ချိုင်း တစ်ခုလည်း ဘားနဒ်ရွာမှာ ရှိနေတယ်။ ခါတိုင်းတုန်းကတော့ ချုံတွေမရှင်းလင်းထား တဲ့ စစ်သင်္ချိုင်းဟာ အရေးမပါတဲ့ နေရာတစ်ခုလိုပဲ။ တကယ်တော့ ဒီစစ်သင်္ချိုင်းဟာ တခြား မြို့တွေမှာရှိတဲ့ စစ်သင်္ချိုင်းတွေလိုပဲ ကမ္ဘာလှည့်ခရီးသွားတွေ လာကြည့်ဖို့ ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုအဖြစ် တန်ဖိုးထားရမှာပါ။

 

ကျွန်တော်ရောက်တဲ့နေ့က ထူးခြားစွာပဲ သန့်ရှင်းရေးလုပ်ထားတဲ့ စစ်သင်္ချိုင်းကို လည်ပတ်လေ့လာခွင့် ကြုံခဲ့ ပါတယ်။ အဲဒီအချိန်မှာ နေလည်းထွက်လာပြီ မို့ အဲဒီတစ်ဝိုက်က ရေခဲတွေ စပျော်နေပါပြီ။ နေရိပ်ထဲမှာရှိနေသေးတဲ့ မြေပြင်ကရေခဲတွေ လည်း ရှိနေတုန်းပဲပေါ့။


ဘားနဒ်ဈေးနေ့
ဒီရွာမှာလည်းဈေးနေ့နဲ့ ကြုံကြိုက်ခဲ့မယ်ဆိုရင်တော့ ကိုယ်အလည်လာရကျိုး နပ်သထက်နပ်တယ်လို့ ဆိုရမှာပေါ့။ ဘားနဒ် ရွာအဝင်က ဈေးလေးမှာ ဈေးနေ့နဲ့ တိုက်ဆိုင် စွာ ရောက်ခဲ့ရင် စည်ကားသက်ဝင်နေတဲ့ ဈေးရောင်းဈေးဝယ် ရွာသူ ရွာသားတွေရဲ့ ဓလေ့ကို ခံစားလေ့လာနိုင်ဦးမှာပါ။


ဘားနဒ်မှာ ဈေးနေ့ရှိရှိ၊ မရှိရှိ စားကောင်းတဲ့ ခေါက်ဆွဲဆိုင်လေးတွေရှိတယ်။ ရှမ်းခေါက်ဆွဲအရသာတစ်မျိုးမို့ စားခဲ့ဖို့လည်းတိုက်တွန်းချင်ပါတယ်။


ဘားနဒ်ရွာက ယမ်းတိုက်

ဘားနဒ်ရွာထဲက အိမ်လေးတစ်ခုရဲ့ နောက်ဘက် စိုက်ခင်းအလွန်မှာ နှစ် ၁၀၀ ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ယမ်းတိုက်တစ်ခုကို တွေ့ကြရမယ်။ ခပ်သေးသေးပါပဲ။ စိုက်ခင်းလေးတွေနဲ့ အိမ်တွေကြားထဲ မြုပ်နေတာ။ အထဲမှာပစ္စည်းတချို့ သိမ်းဆည်း ထားတဲ့ ဂိုဒေါင်သာသာဖြစ်နေပေမယ့် သွားပြီးလေ့လာဖြစ်ခဲ့သေးတယ်။ လမ်းညွှန် ရခက်လို့ သွားလည်မယ်ဆိုရင် ဒေသခံတွေကို လမ်းလေးမေးမြန်းသွားစေလိုပါတယ်။


ဘားနဒ်ရွာမှာ ရေခဲမှုန်တွေလွှမ်းတဲ့အချိန်

ကျွန်တော်ပြောခဲ့သလိုပေါ့။ ဘားနဒ်ရွာမှာ မနက်တိုင်း ရေခဲနေတာမျိုး မဟုတ်ပါဘူး။ အခုလို ဆောင်းကာလ နိုဝင်ဘာမှ ဖေဖော်ဝါရီ အတွင်း မိုးမရွာတဲ့၊ တိမ်မထူတဲ့ နေ့တွေမှာ တွေ့မြင်ရတတ်ပါတယ်။ မိုးရွာပြီး ဒါမှမဟုတ် မိုးတိမ်ထူပြီး တစ်ပတ်အတွင်းမှာတော့ ရေခဲလေ့မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် သွားတိုင်းလည်း ဘားနဒ်မှာ ရေခဲတာနဲ့ ကြုံမယ်လို့ တရားသေတွက်ဆမရဘူးပေါ့ဗျာ။


မိုးကုတ်မြို့ကို ဆောင်းတွင်းကာလ အလည်ရောက်ခဲ့ရင် ရေခဲမှုန်တွေ ဖုံးလွှမ်းတတ်တဲ့ နံနက်ခင်းကို ပိုင်ဆိုင်နေမြဲ ဘားနဒ်ရွာလေးဆီကို အလည်သွားသဘာဝကိုခံစားဖို့ ကျွန်တော်ကလည်း တိုက်တွန်းချင်ပါတယ်ဗျာ။

 

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံကျန်းမာ ပြည့်စုံပျော်ရွှင်စွာနဲ့ ခရီးသွားနိုင်ကြပါစေ။ ။