ညောင်ရွှေမြို့နယ် တီလောစခန်းကြီးကျေးရွာအုပ်စု ရွာတော်ရွာမှာ အလျား ၈၅ ပေ၊ အနံ ၅၅ ပေရှိပြီး တိုင်လုံးပေါင်း ၁၆၇ လုံးနဲ့ တည်ဆောက်ထားတဲ့ ရွှေရန်ပြေအတုမရှိ ရွှေကျောင်းတော်လည်း ရှိပါတယ်။

 

ရွှေညောင်ကနေ အင်းလေးဘက်သို့ မချိုးကွေ့ဘဲ နောက်ထပ် ၁၂ မိုင်လောက် မောင်းလိုက်ရင် ပြည် နယ်မြို့တော် တောင်ကြီးမြို့ကို ရောက်ပါပြီ။ တောင်ကြီးမြို့မှာ မြစိမ်းတောင်၊ ရွှေဘုန်းပွင့်၊ စူဠာမုနိ လောက ချမ်းသာ ဘုရားတွေကို ဖူးမြော်နိုင်ပါတယ်။ ပြည်နယ် မြို့တော်ပီသစွာပဲ စည်ကားလှတဲ့ မြို့တော်ကြီးကို မြစိမ်းတောင်ထိပ်ပေါ်ကနေ ကြည့်ပြီးရင် စဝ်စံထွန်းဈေးကြီးမှာ ဈေးဝယ်ထွက်နိုင်ပါသေးတယ်။ နာမည်ကျော် တောင်ကြီး မီးပုံးပျံပွဲတော်လဆိုရင်တော့ တောင်ကြီးမြို့ညတွေဟာ လှပနေမှာ သေချာပါတယ်။ တောင်ကြီး မြို့မှ တောင်ဘက်ကို ၂၆ မိုင်လောက်သွားရင် အင်းဝခေတ်ကတည်းက တည်ရှိခဲ့တဲ့ မွေတော် ကက္ကူစေတီဆီ ရောက်မှာဖြစ်ပြီး မြောက်ဘက်ကို ၂၄ မိုင်လောက်သွားရင်တော့ ဟိုပုံးမြို့အလွန်က ထမ်စမ်းဂူဆီရောက်ရှိမှာ ဖြစ်ပါတယ်။ မွေတော်ကက္ကူစေတီဟာ ပြန်လည်ပြုပြင်ထားတဲ့ ရှေးဟောင်းဘုရားစေတီတွေဖြစ်ပြီး ဘုရားကုန်းဝန်းကျင်က ရှုခင်းတွေကလည်း လှပလွန်းပါတယ်။ မွေတော်ကက္ကူဟာ တောင်ကြီးခရိုင် ကျောက် တလုံးမြို့နယ် နောင်ခါးကျေးရွာအုပ်စု မွေတော်ကျေးရွာအနီး တည်ရှိပြီး စေတီပေါင်း ၂၄၇၈ ဆူကို တစုတဝေး တည်း စိတ်ကြည်နူးဖွယ် ဖူးမြော်နိုင်ပါသည်။ ပုဂံခေတ် အလောင်းစည်သူမင်းက တည်ထားကိုးကွယ်တယ်လို့ သမိုင်းပညာရှင်တချို့က ဆိုတယ်။ ပအိုဝ်းမှတ်တမ်းအရ နရပတေ့စည်သူမင်းတည်တယ်။ ဒါမှမဟုတ် ပြန်လည် ပြုပြင်မွန်းမံတယ်လို့ ဆိုပါတယ်။ ပါးစပ်ရာဇဝင်အရ သီရိဓမ္မာသောကမင်းကြီးရဲ့ စေတီပေါင်း ရှစ်သောင်း လေးထောင်အလှူထဲမှ အလှူဖြစ်တယ်လို့ ဆိုကြပါတယ်။ အခုတိုင် ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊ သိမ်နေရာဟောင်းတွေရှိတယ်လို့ ပြောဆိုကြပါတယ်။

 

ထမ်စမ်းဂူကတော့ တောင်ကြီး-လွိုင်လင် ကားလမ်းဘေးမှာတည်ရှိပြီး တောင်ကြီးမြို့ အရှေ့ဘက် ၂၆မိုင် ကွာဝေးပါတယ်။ ထမ်စမ်းဂူရဲ့ ဂူဝဟာ အကျယ် ၁၅ ပေ၊ အမြင့် ၁၂ ပေခန့်ရှိပြီး ဂူအတွင်း အချို့နေရာတွေဟာ ပေ ၂၀ မှ ပေ ၅၀ ထိမြင့်ပါတယ်။ အခုအခါ ပေ ၂၁၈၅ ပေထိ ဝင်ရောက်ကြည့်ရှုနိုင်ပြီလို့ သိရပါတယ်။ ဂူအတွင်း ဗုဒ္ဓရုပ်ပွားတော် ၁၀၈ ဆူကို ဖူးမြော်ရင်း သဘာဝအလျောက် ဖြစ်တည်နေတဲ့ ကျောက်စက် ပန်းဆွဲတွေ၊ ရွှေထီး၊ ငွေထီး၊ ရေကန်တွေကို ကြည့်ရှုလေ့လာနိုင်ပါတယ်။ ဂူအတွင်းမှာ ဖြတ်သန်း စီးဆင်းနေတဲ့ ရေချောင်းလည်းရှိပါတယ်။ ဂူရဲ့သက်တမ်းဟာ နှစ်ပေါင်းသုံးသန်းလောက်ရှိနေပြီလို့ မြန်မာနိုင်ငံရှေးဟောင်း သုတေသနအဖွဲ့က ဆိုပါတယ်။ ထမ်စမ်းဂူဟာ ပင်းတယနဲ့ ကလော ရွှေဥမင်တို့လို ထုံးကျောက် လိုဏ်ဂူ မျိုးဖြစ်ပြီး ပို၍ကျယ်ဝန်းကာ အသက်ဝင်ဆဲ ထုံးကျောက်လိုဏ်ဂူတစ်ခုလည်းဖြစ်တယ်။ ပင်းတယနဲ့ ကလော မှာရှိတဲ့ လိုဏ်ဂူကတော့ ကျောက်စက်တိုင်လို့ခေါ်တဲ့ ထုံးရည်ကြောင့်ဖြစ်လာတဲ့ ကျောက်သားအသစ်တွေ ဆက်လက်မဖြစ်ပေါ်တော့ဘဲ သေဆုံးသွားခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ။

 

ဒုတိယအင်းလေးလို့ခေါ်ကြတဲ့ ပုံးအင်းဒေသကို သွားမယ်ဆိုရင် ဟိုပုံးကနေ နောင်မွန်ကိုသွားရပါမယ်။ နောင်မွန်ကနေ စက်လှေစီးပြီးသွားရင် စပါးခင်းတွေနဲ့ ရေပေါ်မှာ အိမ်တွေဆောက်ထားတဲ့ အင်းလေးနဲ့ ထပ်တူ ပုံးအင်းကိုရောက်ပါပြီ။ ပုံးအင်းဒေသဟာ တောင်ကြီး၊ ဟိုပုံးနဲ့ဆီဆိုင်မြို့တွေကြား ဆီဆိုင်မြို့နယ်အတွင်းမှာရှိပြီး အင်းလေးကန်နဲ့ တောင်တစ်တောင်ခြားပါတယ်။ နာမည်ကျော် နောင်မွန်ရှမ်းဆန်ဟာ ပုံးအင်းဒေသကထွက် တာပါ။ ပုံးအင်းဒေသဟာ ကုန်းခြောက်လ၊ ရေခြောက်လလို့ပြောရတဲ့ နေရာတစ်ခုဖြစ်တယ်။ ဇူလိုင်လမှ ဒီဇင်ဘာလအထိ ရေခြောက်လနဲ့ ဇန်နဝါရီမှ ဇူလိုင်လဆန်းအထိ ကုန်းခြောက်လပါ။ ဒီဒေသရဲ့ ပတ်ပတ် လည်မှာ တောင်တန်းတွေ ဝန်းရံနေပြီး တောင်တန်းတွေရဲ့အလယ်မှာ ရှမ်းတောင်တန်းတွေဆီက စီးဆင်း လာတဲ့ ချောင်းလေးတစ်ခုရှိပါတယ်။ ဒီချောင်းကတော့ ပုံးအင်းဒေသရဲ့ အသက်သွေးကြောဖြစ်တဲ့ တံဘက် ချောင်းပါပဲ။

 

ဟိုပုံးမှ မိုင် ၉၀ နီးပါးဝေးတဲ့ ထီးစဲခါး ရေတံခွန်ကို သွားနိုင်ပါတယ်။ ဟိုပုံးကနေ ဘန်းယဉ်-ဆိုက်ခေါင်-ဆီဆိုင်လမ်းအတိုင်း သွားရပြီး ဆီဆိုင်မြို့မှ ၁၈ မိုင်အကွာမှာ ရေတံခွန်လမ်းခွဲဆိုင်းဘုတ်ကို မြင်ရပါတယ်။ လွိုင်ကော်မြို့မှဆိုရင် ဆီဆိုင်လမ်းခွဲအတိုင်း ရှမ်းပြည်နယ်သို့ဝင်လာပြီး ၁၀ မိုင်ကျော် မောင်းတာနဲ့ ရေတံခွန် လမ်းခွဲကို အလွယ် တကူ ရောက်ပါတယ်။

 

တောင်ကြီး-လွိုင်လင်ကားလမ်းအတိုင်း ဟိုပုံးကနေ မိုင်းပွန်ကိုဖြတ်ကျော်ခဲ့ပြီး လွိုင်လင်မြို့မှ မြောက်ဘက် ငါးမိုင်လောက် သွားရင် ပင်လုံသို့ရောက်ပါပြီ။ ပင်လုံဒေသမှာ အဘိရဋ္ဌသာမဂ္ဂီဘုရား၊ သမိုင်းဝင်ပင်လုံ ကျောက်တိုင်နဲ့ ပန်းခြံတို့ဟာ ထင်ရှားပြီး လည်ပတ်စရာနေရာတွေဖြစ်ပါတယ်။ ပင်လုံ ဒေသဟာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်က ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကြောင့် ထင်ရှားခဲ့ပါတယ်။ ပင်လုံစာချုပ်ချုပ်ဆိုတဲ့ နေရာမှာ အမှတ်အသားအဖြစ် ၁၂ ပေရှည်တဲ့ သပြေတိုင်စိုက်ထူခဲ့ပြီး ၁၉၅၁ ခုနှစ် ပင်လုံ မြို့စား ဦးစံမြလက်ထက်မှာ အထိမ်းအမှတ် ကျောက်တိုင်ကို စိုက်ထူခဲ့တာလို့ သိရပါတယ်။

 

ပင်လုံကနေ လဲချား-မိုင်းနောင် ကားလမ်း အတိုင်း မိုင်းရှူးမရောက်ခင် ခြောက်မိုင် လောက်မှာရှိတဲ့ ဟိုက်ပါလမ်းခွဲအတိုင်း သွားရင် မိုင်းရှူးရတနာမြေအနီး အရှေ့တောင် အာရှမှာ အလှပဆုံးရေတံခွန်စာရင်းဝင် ဟိုက်ပါ ရေတံခွန်ကိုရောက်ပါမယ်။ ဟိုက်ပါ ရေတံခွန်ဟာ ဟိုက်ပါရွာအနီးမှာ အထပ်ကြီး သုံးဆင့်နဲ့ လှပစွာစီးဆင်း နေပြီး လှေစီးလို့ လည်းရပါတယ်။ ဒုတိယအဆင့်ကို အလွယ် တကူတက်နိုင်ပါတယ်။ တောင်ချွန်းကြီး နောက်ခံ နဲ့ ရေတံခွန်၊ ရှုမဆုံးတဲ့ လယ်ကွက်ကြီး တွေနဲ့ အလွန်သာယာလှပပါတယ်။ မိုင်းရှူး မြို့တွင်း စီးဆင်းနေတဲ့ နမ့်ပန်ချောင်းဟာ ကုန်းမြင့်လွင်ပြင်မှ မြစ်ဖျားခံပြီး ရေကျ၊ ရေတံခွန်အဆင့်ပေါင်း ၁၂ ခုခန့်နဲ့ မြေနိမ့် ဒေသကို ဖြတ်သန်း၍ သံလွင်မြစ်ထဲသို့ စီးဝင် ပါတယ်။ တစ်ချိန်က ကျိုင်းတောင်ရေတံခွန်ဟာ အရှေ့တောင်အာရှမှာ အလှဆုံးရေတံခွန်ဖြစ်ခဲ့တယ်။ အခုအခါ ဟိုက်ပါရေတံခွန်ဟာ အလှဆုံးရေတံခွန် ဖြစ်လာပါတယ်။ ကျိုင်းတောင်ရေတံခွန်ဟာ လင်းခေးခရိုင် မိုးနဲမြို့နယ်မှာရှိပါတယ်။ ရေတံခွန်ဟာ အမြင့်ပေ ၃၆၀ လောက်ရှိပြီး အလွန်လှပတဲ့ ရေတံခွန်ဖြစ်ပါတယ်။ မိုးတွင်းမှာ ရေတံခွန် ကိုးခုဖြာထွက်ပြီး နွေမှာရေတံခွန်ခုနစ်ခု ဖြာထွက် ပါတယ်။

 

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ထူးခြားတဲ့ ဓလေ့တစ်ခုကတော့ ငါးရက်တစ်ဈေးလို့ခေါ်တဲ့ ဈေးနေ့ပါပဲ။ ဒီလိုဈေး နေ့မျိုးမှာဆိုရင် ဈေးနေ့ ကျတဲ့ မြို့လေးရဲ့ ရွာနီးချုပ်စပ်က ခြံစိုက်သူ တွေဟာ ခြံထွက်သီးနှံတွေကို ရောင်းဝယ် ဖောက်ကားကြပြီး လိုအပ်တဲ့ပစ္စည်းတွေကို ပြန်ဝယ်ခြမ်းသွားလေ့ရှိပါတယ်။ ငါးရက် တစ်ဈေးလှည့် နေတဲ့မြို့ တွေကတော့ ကလော၊ ပင်းတယ၊ ဟဲဟိုး၊ အောင်ပန်းနဲ့ နန်းတိုင်းတို့ ဖြစ်ပါတယ်။

 

ဒီလိုငါးရက်မြောက်တိုင်း ဈေးနေ့ ဖြစ်ပေမယ့် လပြည့်လကွယ်တွေနဲ့ တိုက်ဆိုင် သွားတဲ့ ဈေးနေ့ဆိုရင် ရှေ့တစ်ရက်တိုးပြီး ဈေးနေ့လုပ်လိုက်ပါတယ်။ ဒါမျိုးဖြစ်တဲ့နေ့ဆို ဈေးပျက်ကြီးလို့ ဒေသခံတွေကခေါ်ကြတယ်။ ဈေးနေ့ကို ရက်ရွှေ့လိုက်တဲ့အခါ တခြားမြို့ရဲ့ ဈေးနေ့နဲ့ သွားထပ်နေတော့ ဈေးစဉ်လှည့် ရောင်းနေတဲ့ တချို့ဈေးသည်တွေဟာ ပုံမှန် ဈေးနေ့ကျတဲ့ မြို့မှာပဲသွားရောင်းကြတော့ ဈေးသည်မစုံမလင်ဖြစ်ပြီး အရောင်းအဝယ် ပါးလို့ ဈေးပျက်တယ်လို့ ဆိုပါတယ်။

 

ရှမ်းပြည်နယ်တောင်ပိုင်းမှာ လည်ပတ် ပြီးပြီဆိုရင် လွိုင်လင်မြို့ကနေ လွိုင်လင်-သီပေါ ကားလမ်းအတိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းကို သွားနိုင်သလို ရှမ်းပြည်နယ်အရှေ့ပိုင်းကို သွားတဲ့ ကျိုင်းတုံ-တာချီလိတ်အထိ ပေါက်တဲ့ ကားလမ်းကလည်း လွိုင်လင်မြို့ကို ဖြတ်သန်းသွားပါတယ်။ လွိုင်လင်မြို့ကနေ လွိုင်လင်သီပေါ ကားလမ်းအတိုင်း ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့သို့ခရီးဆက်ခဲ့ပါတယ်။

 

သီပေါမြို့နယ်မှာ ဟိုကွတ်လို့ခေါ်တဲ့ ရွာ တစ်ရွာရှိတယ်။ နမ်းပဆေးမြစ်ဟာ ကျောက် လိုဏ်ဂူသုံးခုအတွင်း ဖြတ်သန်းကာ ဟိုကွတ် ရွာအနီးမြေကြီးထဲ ငုပ်လျှိုးသွားတာမို့ အဲဒီရွာ ကို ငုပ်ထိပ်လို့ခေါ်ပြီး ကာလရွေ့ လျားလာတဲ့ အခါ ငုပ်ထိပ်မှ ဂုတ်ထိပ်ဖြစ်လာပါတယ်။ ဒီရွာအနီးမှာ တည်ဆောက်ထားတဲ့ နည်းပညာ အဆင့် မြင့်မှုနဲ့ သဘာဝပတ်ဝန်းကျင်အလှအပ တွေကြောင့် ကမ္ဘာ့အံ့ဖွယ်စာရင်းမှာ ပါဝင်ခဲ့တဲ့ တံတား တစ်စင်း ရှိပါတယ်။ ဒီတံတားကို ဂုတ်ထိပ်တံတားလို့ခေါ်ပြီး ကမ္ဘာပေါ်မှာ အမြင့်ဆုံးနဲ့ ဒုတိယအရှည်ဆုံးမီးရထားသံလမ်း တံတား ကြီးဖြစ်ပါတယ်။ ဂုတ်ထိပ်တံတားဟာ တောင်ကြားနှစ်ခုအကြား ပေ ၃၀ဝ ကျော် အမြင့်မှာ တည်ဆောက်ထားပြီး မန္တလေး- လားရှိုး မီးရထားလမ်းပေါ်ရှိ နောင်ချိုဘူတာနဲ့ နောင်ပိန်ဘူတာအကြား၊ နောင်ချိုဘူတာမှ ခုနစ်မိုင်အလွန် မိုင်တိုင်အမှတ် (၄၆၃/ဝ၉) မှာရှိပါတယ်။ အခုနောက်ပိုင်းမှာ တံတား ပေါ်မှာ လမ်းလျှောက်ဖြတ်သန်းခွင့်ကို ပိတ်ပင်ခဲ့တာမို့ ရှုခင်းကြည့် အပျော်စီးရထားနဲ့ အသွားအပြန်ဖြတ်သန်းကာ လေ့လာကြည့်ရှု နိုင်ပါတယ်။

 

ဗိတိသျှအစိုးရဟာ နမ္မတူ-ဘော်တွင်းမှ သတ္တုတွေသယ်ရန် မန္တလေးမှ ကွမ်းလုံသို့ မီးရထားလမ်း ဖောက်လုပ်ရာမှ ဂုတ်ထိပ် တံတားကြီးပေါ်ပေါက်လာတာပါ။ ဂုတ်ထိပ်တံတားကို အမေရိကန်နိုင်ငံမှ ပင်ဆီလ်ဗေးနီး ယားနဲ့ မေရီလန်းကုမ္ပဏီတို့က ၁၈၉၉ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ပေ ၂၂၆၀ ရှည်လျားတဲ့ ဂုတ်ထိပ်တံတားရဲ့ အမြင့်ဆုံး တိုင်ဟာ ပေ ၃၂၀၊ အနိမ့်ဆုံးတိုင် ၄၅ ပေနဲ့ တံတားအကျယ် ပေ ၁၂၀ ရှိပါတယ်။ တံတား တိုင်ပေါင်း ၁၆ တိုင်ရှိပြီး ၁၉၀ဝ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ပြီးစီးခဲ့လို့ တံတား သက်တမ်းဟာ နှစ်ပေါင်း ၁၀ဝ ကျော်ခဲ့ပါပြီ။ ကမ္ဘာပေါ်မှာ သံမဏိ၊ သံချောင်းတွေနဲ့ တည် ဆောက်ထားတဲ့ တောင်ကြားဖြတ်ရထား တံတားတွေမှာ မြန်မာနိုင်ငံမှ ဂုတ်ထိပ် တံတားနဲ့ ကနေဒါနိုင်ငံ အယ်ဘာတာမှ လက်သ် တံတားတို့ဟာ အမြင့်ဆုံးဖြစ်ကြပြီး လက်သ် တံတားက ဂုတ်ထိပ်တံတားထက် အလျား နှစ်ဆ ပိုရှည်ပါတယ်။

 

သီပေါမြို့မှာ ပေါ်ကြိုဘုရားကို ဖူးမြော် နိုင်ပါတယ်။ ပေါ်ကြိုဘုရားရဲ့ ဘွဲ့တော်မှာ ရတနာမာန်အောင် ဖြစ်ပါတယ်။ ပေါ့ကြိုမှ ဆင်းသက်လာပြီး ဖခင်ကြိုဆိုရာ အရပ်လို့ အဓိပ္ပာယ်ရပါတယ်။ ပေါ်ကြိုရဲ့ မူလအမည် မှာ မော်ကေဖြစ်ပြီး မော်မှာအိုး၊ ကေမှာ ဆားလို့ ဆိုလိုရာ ဆားအိုးလို့ ဆိုပါတယ်။ ဘုရားကြီးအနီး ရေကန်ဟာ ဆားတွင်းတူးရင်း ဖြစ်လာခဲ့တဲ့ ရေကန်ပါ။ ပေါ်ကြိုဘုရားကို ဆားချက်ရာအရပ်မှာ တည်ထားခဲ့တာလို့ သိရပါတယ်။

 

ပည်တွင်းပြည်ပ ဧည့်သည်တွေ စိတ်ဝင် တစားလာရောက်လေ့လာကြတဲ့ သီပေါ စော်ဘွားဟော်လည်း ရှိပါတယ်။ သီပေါဟော် ကို ၁၉၂၄ ခုနှစ်က ၈၇ ဆက်မြောက် သီပေါစော်ဘွားကြီး စောအုံကြာက တည် ဆောက်ခဲ့တာပါ။ သီပေါဟော်မှာ နောက်ဆုံးစော်ဘွား စပ်ကြာဆိုင်မိသားစုတို့ ၁၉၆၂ ခုနှစ်ထိ နေထိုင် သွားပါတယ်။ ခုအချိန်ထိ ဟော် မိသားစုက ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

 

သီပေါကနေ သီပေါ-ကျောက်မဲ-လားရှိုး- မူဆယ်-နမ့်ခမ်းလမ်းအတိုင်း ဆက်သွားရင် လားရှိုးမှာ ထင်ရှားတဲ့ မန်ဆူဘုရားကို ဖူးမြော် ပြီး လားရှိုးမြို့ကနေ သုံးမိုင်လောက်အကွာမှာ ရှိတဲ့ သဘာဝရေပူစမ်းမှာ အပန်းဖြေ အနားယူနိုင်ပါတယ်။ လားရှိုးကနေ တရုတ်မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်ကို ဆက်သွား ပြီး မူဆယ်ကနေ တရုတ်နိုင်ငံ ရွှေလီသို့ သွားရောက်လည်ပတ်နိုင်ပါတယ်။

 

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ကို အလည်ရောက်ရှိကြသူတိုင်း မဖြစ်မနေ သွားရောက်လေ့လာကြရတဲ့ နေရာတွေထဲက တစ်ခုမှာ သစ်တစ်ပင်တောင်ပင်ဖြစ်ပါတယ်။ ကျိုင်းတုံမြို့နဲ့ သစ်တစ်ပင်တောင်ဟာ ခွဲခြား မရဘူးလို့ ဒေသခံတို့က တင်စားကြတယ်။ သစ်တစ်ပင်တောင်ကုန်းပေါ်မှာ နှစ်ပေါင်း ၆၀ဝ နီးပါး သက်တမ်းရှိတဲ့ ကညင်ဖြူပင်ကြီး တစ်ပင်ရှိပါတယ်။ အဲဒီသစ်ပင်ကို အစွဲပြုပြီး သစ်တစ်ပင်တောင်လို့ အမည်တွင်ခဲ့တာဖြစ် ပါတယ်။ ပြည်တွင်းပြည်ပခရီးသည်တွေ လာရောက်လေ့လာကြတဲ့ သစ်တစ်ပင်တောင် မှာ ၁၁၁၅ ခုနှစ်က အလောင်းမင်းတရားကြီး စစ်စခန်းချစဉ် စိုက်ခဲ့တဲ့ ကညင်ဖြူပင်ကြီးရှိ ပါတယ်။ ဒီက ညင်ဖြူပင်ကြီးဟာ အမြင့် ၂၁၈ ပေ၊ လုံးပတ် (ရင်စို့)မှာ ၃၆ ပေ ၈ လက်မ၊ အောက်ခြေလုံးပတ် ၃၉ ပေ ၁၀ လက်မရှိတယ်လို့ သိရပါတယ်။ ကျိုင်းတုံမြို့မှာ ခေမရ် ဋ္ဌဗျာဒိတ်ပေးဘုရားကို ဖူးမြော်နိုင်ပြီး နောင်တုံ ကန်ရဲ့ အလှအပ ရှုခင်းကိုလည်းခံစားနိုင်ပါတယ်။ ကျိုင်းတုံမြို့တောင်ဘက် မိုင် ၂၀ အကွာမှာ ပင်လယ်ရေ မျက်နှာ ပြင်ထက် အမြင့် ၅၆၅၈ ပေ ရှိတဲ့ လွယ်မွေတောင်စခန်းမြို့ကို သွားနိုင်တယ်။ အဲဒီမှာ ကိုလိုနီခေတ်က တည်ဆောက်ထားတဲ့ အဆောက်အအုံတချို့ ရှိနေပါသေးတယ်။

 

ကျိုင်းတုံမြို့ကနေ တာချီလိတ်မြို့မှ ရွှေတိဂုံပုံတူဘုရားဖူးပြီး ဝမ်ကောင်းတာလော့ ဈေးမှာ ဈေးဝယ်နိုင်ပါတယ်။ တာချီလိတ်ကနေ ထိုင်းနိုင်ငံ မယ်ဆိုင်ဒေသ၊ ချင်းရိုင်းဒေသနဲ့ ကျိုင်းလပ်ဒေသကနေ မြန်မာ-လာအို နယ်စပ် ဖြတ်တံတားမှ လာအိုနိုင်ငံသို့ သွားရောက် လည်ပတ်နိုင်ပါတယ်လို့ မျှဝေလိုက်ပါတယ်။

 

ခရီးသွားမှတ်စု-စိုးစိုးနိုင် (ကြေးမုံ)