နေပြည်တော် ၃၀ ဇန်နဝါရီ
အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့တွင် ညောင်ဦးလေဆိပ်အား CIQ လေဆိပ်အဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သောပုဂံဘုရားများ ပြန်လည်ပြုပြင် မွမ်းမံနေမှုအား လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်တော်ယာဉ်များဖြင့် ညောင်ဦးမြို့သို့ရောက်ရှိရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ညောင်ဦးလေဆိပ်စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပုဂံ-ညောင်ဦး လေဆိပ်တွင် နိုင်ငံတကာခရီးစဉ် ပျံသန်းသည့်လေယာဉ်များ ဝင်ရောက်ထွက်ခွာနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပုဂံ-စီရမ်ရိ တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းပြေးဆွဲရေး စီစဉ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက လေဆိပ်၏ နောက်ခံသမိုင်းအကျဉ်း၊ လေယာဉ်ပြေးလမ်းဆိုင်ရာ အချက်အလက်များ၊ လေဆိပ်အဆင့်မြှင့်တင်ရေးအတွက် ပတ်ဝန်းကျင်ထိခိုက်မှုလေ့ လာဆန်းစစ်ချက်၊ ဆူညံသံ သက်ရောက်မှုအခြေအနေ၊ ပုဂံဒေသအားဇုန်များ သတ်မှတ်ခြင်း၊ ပုဂံ-ညောင်ဦးလေဆိပ်နှင့် မြို့ဧရိယာအကွာအဝေး၊ ပုဂံ-ညောင်ဦး လေဆိပ်နှင့် စေတီပုထိုးများအကွာအဝေး၊ ပုဂံ-ညောင်ဦးလေဆိပ်အား အဆင့်မြှင့်တင်ရေးအတွက် ရွေးချယ်ခြင်း၊ အကောက်ခွန်လေဆိပ်အဖြစ် အဆင့်မြှင့်တင်မှု၊ ပျံသန်းခွင့်ပြုမည့် နိုင်ငံတကာခရီးစဉ်အမျိုးအစား၊ ပျံသန်းမည့် လေကြောင်းလိုင်းများ၊ လေဆိပ်အခြေခံ အဆောက်အဦနှင့် ဆက်စပ်လုပ်ငန်းများ၊ မြေပြင်ဝန်ဆောင်မှုနှင့် လေယာဉ်ဆီဖြည့်တင်းရေး၊ လေဆိပ်အဆင့်မြှင့်တင်မည့် အစီအစဉ်နှင့် Eco Airport အဖြစ် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ဆိုင်ရာများကိုလည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းက လေဆိပ်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို လည်းကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအေးလွင်က လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို လည်းကောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် MAI လေကြောင်းလိုင်းတို့မှ တာဝန်ရှိသူများက ပုဂံ-စီရမ်ရိ တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းပြေးဆွဲသွားမည့် အခြေအနေ၊ ခရီးသည်ရရှိရေး ဆောင်ရွက်သွားမည့် အခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြသည်။
ထို့နောက် ဒုတိယသမ္မတက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသရေရှည်တည်တံ့ရေးနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပတ်သက်ဆက်နွယ်သည့် ဝန်ကြီးဌာနများအားလုံး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားကာ ဆိုက်ရောက်၊ ထွက်ခွာနေရာများ၌ သက်သာစွာ အနားယူနိုင်ရေး ပြင်ဆင်ပေးထားမှု၊ ဆိုက်ရောက်နှင့် ထွက်ခွာနေရာများ၌ လုံခြုံရေး၊ ကျန်းမာရေးနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများအတွက် ခေတ်မီစက်ပစ္စည်းများ တပ်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအချက်အလက်များကို အလွယ်တကူ သိရှိနိုင်ရန် QR Code စနစ်ဖြင့် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ပုဂံနန်းမြင့်မျှော်စင်သို့ သွားရောက်ပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ မျှော်စင်ထက်မှ ကမ္ဘာ့အမွေအနှစ် ပုဂံဒေသ၏ သဘာဝရှုခင်းများကို ကြည့်ရှုသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသား ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အဖွဲ့ဝင်များနှင့်အတူ ပုဂံရှေးဟောင်းသုတေသန ပြတိုက်သို့ရောက်ရှိရာ ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်တို့က ပုဂံဒေသရှိရှေးဟောင်းဘုရားများ ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေမှု အခြေအနေများ၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ရှင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက ယခုခရီးစဉ်သည် ညောင်ဦးလေဆိပ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပုဂံဘုရားများပြုပြင် မွမ်းမံနေမှု အခြေအနေများကို သိရှိလို၍ လာရောက်ခြင်းဖြစ်ပါကြောင်း၊ ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသတစ်ခုဖြစ်သည့်အတွက် နိုင်ငံတော်အတွက် လွန်စွာဂုဏ်ယူရသည့် အရေးပါသည့် နေရာတစ်ခုဖြစ်သောကြောင့် ပုဂံဒေသရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ရေရှည်တည်တံ့အောင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များအားလုံးက အတတ်နိုင်ဆုံး ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ မြင်းပြဂူစေတီတော်၊ သဗ္ဗညုစေတီတော်၊ စူဠာမဏိစေတီတော်နှင့် ဓမ္မရံကြီးစေတီတော်တို့တွင် ပြုပြင်ထိန်းသိမ်းမွမ်းမံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များဖြင့် ပုဂံမြို့မှ ထွက်ခွာလာရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။
သတင်းစဉ်