၂၂ စက်တင်ဘာ 

 

ဓနုလူမျိုးတို့သည် တိဗက်-မြန်မာအစုဝင်၊ မြန်မာအုပ်စုတွင် ပါဝင်သော လူမျိုးတစ်မျိုးဖြစ်သည်။ ဓနုတို့သည် မိမိတို့ကိုယ်ကို ဓနုဟုပင် ပြောဆိုကြလေ့ရှိသည်။ ပရက်ဆိုသော အမျိုးအနွယ်မှ ဆင်းသက်လာပြီး မွန်တို့နှင့် နီးစပ်သည်ဟု ဓနုအမျိုးသားတို့က ပြောကြလေ့ရှိသည်။ ဓနုတို့သည် ရှမ်းပြည်နယ်သို့ မြေပြန့်မှ တက်လာကြသည်ဟု ဆိုသည်။

 

ဓနုတို့၏ ပါးစပ်ရာဇဝင်အရ အလောင်းဘုရား စစ်ချီလာ၍ ယိုးဒယားသို့ သွားရောက်တိုက်ခိုက်ပြီး နေပြည်တော်သို့အပြန် ယခုဓနုတို့ နေထိုင်ရာအရပ်တွင် ခရီးပန်းသဖြင့် တပ်စခန်းချနေခဲ့သည်။ 

 

တပ်မတော်တွင် ဒူးလေးတပ်လည်း ပါလာခဲ့ရာ တပ်မတော်အပြန်တွင် ဒူးလေးတပ်ကို လုံခြုံရေးအတွက် ထိုနေရာတွင်ပင် တပ်ချနေထိုင်စေခဲ့သည်။ ဒူးလေး၊ လင်းလေးကို ဆွဲကိုင်သူလူမျိုးကို ဓနုဂ္ဂဟဟု ခေါ်သည်။ ထိုမှ ဓနုလူမျိုးဖြစ် ပေါ်လာခဲ့သည်ဟု ဆိုသည်။ ဓနုအမျိုးသားတို့က မိမိတို့မှာ ရှေးမြန်မာရှင် ဘုရင်များလက်အောက်၌ အမှုထမ်းခဲ့သော စစ်မှုထမ်းမျိုးဟု ယုံကြည်ကြသည်။

 

ဓနုလူမျိုးတို့၏ ဇာစ်မြစ်မှာ ဝိဝါဒကွဲပြားလျက်ရှိပေသည်။ မစ္စတာအက်(ဖ)၊ အိပ်ချ၊ဂျိုင်းဆိုသူက ဓနုတို့သည် ဟံသာဝတီတောင်ဘက်မှ လာရောက်နေထိုင်ကြသော မြန်မာအုပ်စုတစ်စုမှ ပေါက်ဖွား လာကြသူများဟု ယူဆကြသည်။ မစ္စတာ စီ အီး ဗရောင်းကမူ ဓနုတို့သည် ကရင်တောင်သူ လူမျိုးများမှ ဆင်းသက်လာသည်ဟု ယူဆလေသည်။ 

 

အချို့နေရာများ၌ ရှမ်းမျိုး ၃၀ တွင် ဓနုလူမျိုးသည်လည်း အပါအဝင်ဖြစ်၏ဟု ဆိုကြသည်။ သို့သော် ဓနုလူမျိုးအများစုသည် ရှမ်းစကားကို မပြောကြသဖြင့် ယင်းယူဆချက်မှာ မမှန်နိုင်ဟု မစ္စတာ ဂျေ ဂျီ စကော့က ဆိုခဲ့သည်။ ဓနုလူမျိုးအများဆုံး နေထိုင်ရာ ဒေသများသည် ရှေးအခါက ရှမ်းနှင့်မြန်မာတို့တွေ့ဆုံ၍ ကုန်ရောင်းကုန်ဝယ်ပြုကြရာ နေရာများဖြစ်သည်။ ထို့ကြောင့် ဓနုတို့သည် ရှမ်းနှင့်မြန်မာနှစ်ဦးတို့မှ နွှယ်၍ဆင်းသက်လာသူများဖြစ်သည်ဟု ယူဆရပေသည်။

 

ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသအကြားတွင် နေထိုင်ကြသည်။ ယခုအခါတွင်တော့ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင်လည်း နေထိုင်ကြပေသည်။ မန္တလေးခရိုင်၊ ပြင်ဦးလွင်မြို့တွင်လည်းကောင်း၊ ကျောက်နီတွင်းဒေသတွင်လည်းကောင်း၊ ရှမ်းပြည်နယ်ရှိ မိုင်းလုံ၊ လောက်ဆောက်အနောက်ပိုင်းတို့တွင် လည်းကောင်း၊ မြေလတ်ဒေသတွင်လည်းကောင်း ဓနုလူမျိုးများ အနှံ့အပြား နေထိုင်ကြသည်။ 

 

အထူးသဖြင့် ပင်းတယ၊ ပွေးလှ၊ ရွာငံ၊ မောတို့တွင် အများဆုံးဖြစ်သည်။ ဓနုလူမျိုးများကို ယင်းတို့ပြောဆိုသော စကားအလိုက် ရှမ်းစကားကို ပြောသူများအား ရှမ်းဓနုဟူ၍လည်းကောင်း၊ မြန်မာစကားကို ပြောသူများအား မြန်မာဓနုဟူ၍ လည်းကောင်း ခွဲခြားခေါ်ဝေါ်ကြသည်။ ယင်းတို့ပြောသော မြန်မာစကားမှာမူ အသံဝဲသည်။ 

 

အဝတ်အစား ဝတ်ဆင်ရာတွင်လည်း ရှမ်းတို့နှင့်နီးစပ်သူများက ရှမ်းအဝတ်အစားကို ဝတ်ဆင်၍ မြန်မာတို့နှင့် နီးစပ်သူများမှာ မြန်မာကဲ့သို့ပင် ဝတ်ဆင်ကြသည်။ ဓနုအမျိုးသမီးများ၏ အဝတ်အစားမှာ မြန်မာအမျိုးသမီးများ၏ ဝတ်စားပုံနှင့်မခြားနားဘဲ ယောကျာ်းများမှာမူ များသောအားဖြင့် ရှမ်းတို့ကဲ့သို့ ခေါင်းတွင် ခေါင်းပေါင်းအဝတ် ပတ်လေ့ရှိကြသည်။ တိုက်ပုံအင်္ကျီနှင့် ဘောင်းဘီပွများကို ဝတ်ဆင်ကြသည်။ ရှေးအခါက ယောကျာ်းများသည် ပွဲလမ်းသဘင်နှင့် ဈေးနေ့များတွင် ဓားမြှောင်၊ ဓားတိုများချိတ်ခြင်း၊ ဓားလွယ်ခြင်းအလေ့ရှိသည်။ 

ဗုဒ္ဓဘာသာအယူဝါဒကို သက်ဝင်ယုံကြည်စွာ ကိုးကွယ်ကြသည်။ လိမ္မော်၊ ကော်ဖီနှင့်တကွ တခြားသမပိုင်း ဒေသပေါက်နိုင်သော သစ်သီးမျိုးစုံ အပင်များကို စမ်းသပ်စိုက်ပျိုးလျက်ရှိကြသည်။

 

ဓနုတို့၏ ဘာသာစကားနှင့် ဝေါဟာရသည်လည်း စိတ်ဝင်စားစရာ ကောင်းလှပေသည်။ ကျွနု်ပ်တို့က မိဘနှစ်ပါးအား အဖေ၊ အမေ၊ အဘ ဟူ၍ သုံးနှုန်းခေါ်တွင်ကြသော်လည်း ဓနုတို့က တို့ဖ၊ တို့မ ဟူ၍ ခေါ်တွင်ကြသည်။ တို့ဆိုသည်မှာ အများအတွက်ပါ ရည်ရွယ်၍ ခေါ်ခြင်းဖြစ်ကြောင်း၊ ဓနုတို့၏ မိသားစုအနေအထား၊ မိသားစုစိတ်ရှိနေသည်ဆိုခြင်းကို ပေါ်လွင်စေသည့် အဓိပ္ပာယ်ယူဆနိုင်ကြောင်း သိရှိရပေသည်။ ဓနုအသံဖြင့် တို့သည် မြန်မာအသံထွက်ဖြင့် ဒို့ရပေသည်။ 

 

ထို့ကြောင့် ဓနုစကားဖြင့်ဒို့ဖ၊ ဒို့မေ အခေါ်အဝေါ်သည် အသံကွဲမြန်မာစကားကိုပင် ဓနုအသုံးအနှုန်း အခေါ်အဝေါ်ဖြင့် ပြောနေကြခြင်းဖြစ်သည်။ ထို့ပြင် ဓနုစကားဖြင့် အဖေကြီးကို ဖအို၊ အမေကြီးကို မို့အို၊ အချို့နေရာတွင် တို့ ပေါင်၊ မိခင်ဖခင်ဖြစ်သူ၏ အစ်ကိုဖြစ်သူကို ဖကြီး၊ အစ်မဖြစ်သူကို မယ်ကြီးဟူ၍လည်းကောင်း၊ မိခင်၏အစ်ကိုဖြစ်သူကို ဦးမင်း၊ ညီမဖြစ်သူကို အပဲ့ သို့မဟုတ် မွေ့ပဲ ဟူ၍လည်းကောင်း၊ အစ်မ၏ ယောကျာ်းခဲအိုကို၊ အစ်ကိုဖြစ်သူကို အနောင်၊ ဖခင်၏ညီဖြစ်သူကို ဖပဲ့၊ လူငယ်ယောကျာ်းလေးကို လူပဲ့၊လူပဲ့ဆငယ် ဟူ၍လည်းကောင်း ဓနုတိုင်းရင်းသားတို့၏ ဆွေမျိုးစပ်အခေါ်အဝေါ် ဝေါဟာရအချို့ကို လေ့လာသိရှိရပေသည်။

 

မြန်မာဝေါဟာရ လိုရမယ်ရကို ဓနုဘာသာဖြင့် စလိုစလာဟု သုံးနှုန်းသည်။ ဓနုလူမျိုးတို့ နေ့စဉ်သုံး စလိုစလာဝေါဟာရသည် မြန်မာစကားတွင် အသုံးနည်းသော်လည်း ရှေးက မြန်မာတို့ တွင်ကျယ်စွာ သုံးစွဲခဲ့သော ဝေါဟာရအဖြစ် ဝေဿန္တရာပျို့တွင် “တောကျီးညိုတို့၊ စလိုစလာ၊ ဘာသာတောလိုက်” ဟူ၍လည်းကောင်း၊ ဆုတောင်းခန်းပျို့တွင် “နှိုင်းသွေးထိုထို၊ သွင်းပြီးဆိုသော်၊ စလိုစလာ” ဟူ၍လည်းကောင်း၊ ရာမရကန် ပထမတွဲတွင်” သွားသည်ကိုလည်း၊ စလိုစလာ၊ ဟုတ်ပေရှာဘူး” ဟူ၍လည်းကောင်း သုံးနှုန်းခဲ့ကြောင်း လေ့လာတွေ့ရှိရပြန်ပေသည်။ ဘာသာစကားတိုင်းတွင် စကားပုံနှင့် ဥပမာစကားများ၊ စကားထာများကို တွေ့ရှိနိုင်ပေသည်။ 

 

စကားပုံများ ဥပမာစကားတို့ အခြေခံရာအစသည် ပုံပြင်များမှ ဆက်နွှယ်လာဟန်ရှိပေသည်။ စကားပုံများနှင့်အတူ စကားထာများသည်လည်း တစ်ဦးနှင့်တစ်ဦး ဇဝနÓဏ် မည်မျှထက်သန်ခြင်းရှိ မရှိ၊ လူမှုဗဟုသုတ၊ လုပ်ငန်းအတွေ့အကြုံ ဗဟုသုတမည်မျှရှိ မရှိ သွေးတိုးစမ်းလို၍ အချင်းချင်းအိမ်လည်ရင်း၊ လူပျိုလှည့်ရင်း၊ လုပ်ငန်းလုပ်ရင်း၊ ယာလုပ်ရင်း၊ ပေါင်းရှင်းရင်း၊ လယ်ထွန်ရင်း၊ အပျော်မေးအပျင်းပြေ စကားဝှက်များ မေးစမ်းကြည့်ရာမှ ပေါ်ပေါက်လာသည်ဟု ယူဆရပေသည်။

 

ဓနုလူမျိုးတို့၏ ဘိုးစဉ်ဘောင်ဆက်က အစဉ်အလာဓလေ့ထုံးစံအရ ဓနုလူပျိုလှည့်ချိန်ကား အကာလ ညအခါဖြစ်ပေသည်။ နေ့ခင်းနေ့လယ်ပိုင်းတွင် မိမိတို့ရိုးရာ သက်မွေးဝမ်းကျောင်းဖြစ်သော တောင်ယာစိုက်ခင်းများတွင် တစ်နေကုန်တစ်နေခန်း အလုပ်လုပ်ကိုင်ရသည့် အချိန်က ပိုများကြသည်။ တစ်ခါတစ်ရံ ဓနုအပျိုအိမ်သို့ ဓနုကာလသားကို လူပျိုသုံးလေးဦး ဆုံရောက်လာတတ်လေ့ရှိသည်။ 

 

ထိုအခါ ကိုလူပျိုကာလသားအချင်းချင်း တစ်ဦးနှင့်တစ်ဦး နားလည်မှုယူပြီး အချိန်အကန့်အသတ်ဖြင့်အပျိုအား တစ်ဦးတစ်လှည့်စီ ချစ်ရေးဆို ချစ်စကားပြောလေ့ရှိသည်။ တစ်ဦးချစ်ရေးဆိုနေစဉ် အခြားတစ်ဦးက အလိုက်သိစွာ ထိုအိမ်မှရှောင်ပေးတတ်ကြသည်။

 

ချစ်ရေးဆိုရာတွင်လည်း စကားထာ၊ စကားပုံများဖြင့် ချစ်ရေးဆိုစကားပြောဆိုကြပေသည်။ ဓနုလူမျိုးတို့ လူပျိုအပျိုဘဝ စကားထာ၊ စကားပုံများဖြင့် ချစ်ရေးဆို ချစ်စကားပြောဆိုကြပြီးနောက် နှစ်ဦးသဘောတူ ကြည်ဖြူစွာ လက်ထပ်ကြတော့မည်ဆိုပါက လက်မထပ်မီ “စရန်” (ဓနုစကားသံဖြင့် “ဇယံ” ) ဝင်ရသည့် ထုံးစံရှိလေသည်။ စရန်ဝင်သည်ဆိုခြင်းမှာ စေ့စပ်ကြောင်းလမ်းခြင်း သဘောပင် ဖြစ်ပေလိမ့်မည်။ လူပျိုဘက်မှ မိဘများသည် လက်ဖက်တစ်ထုပ်ထုပ်၍ ရပ်ရွာလူကြီးများ ဦးဆောင်စေလျက် အပျိုမိန်းကလေးဘက်မှ မိဘရှင်များရှိရာသို့သွား၍ မည်သူမည်ဝါသမီးနှင့် မည်သူမည်ဝါသားတို့ လူငယ်တို့ဘာဝ မေတ္တာသက်ဝင် ချစ်ခင်နေကြသဖြင့် လက်ထပ်ခွင့်လာတောင်းပါကြောင်း ရွာလူကြီးက ဦးဆောင်ပြောရလေသည်။ အချို့သော ဓနုကျေးလက်တောရွာများတွင် လက်ဖက်ဖောက်သည်ခေါ်၍ လူပျိုဘက်မှ လက်ဖက်အုပ်တစ်အုပ်မှ သုံးအုပ်၊ အချို့နေရာတွင် ငါးအုပ်အထိယူဆောင်၍ လူပျိုမိဘများမပါဘဲ ရွာလူကြီးတစ်ယောက်က ဦးဆောင်လျက် အပျိုအိမ်သို့သွားရောက် နားဖောက်ရသည်ဟု သိရှိရလေသည်။

 

ထိုအခါ သမီးရှင်မိဘများဘက်မှ “လူငယ်ချင်းပြေလည် မိဘချင်းကကော ကျေလည်ကြရဲ့လား” ဟုပြန်လှန်မေးမြန်းကြသည်။ သားရှင်ဘက်မှ ရွာလူကြီးက “အားလုံးပြေလည်ကြပါကြောင်း” ဖြေကြားပြီးသည်နှင့် စရန်ကိစ္စအတွက် နှစ်ဖက်ညှိနှိုင်းကြပြီး သင့်မြတ်သဘောတူသော စရန်ငွေ စိန်၊ ရွှေ၊ ငွေ၊ လက်ကောက်၊ လက်စွပ်စသည့် ရတနာပစ္စည်းများကို သမီးရှင်မိဘများလက်ဝယ်သို့ ပေးလိုက်ရလေသည်။ ထိုစရန်ပေးချိန်မှာပင် သားရှင်ဘက်မှ ယူဆောင်လာသော လက်ဖက်ထုပ်ကိုလည်း သမီးရှင်မိဘများဘက်သို့ ပေးထားခဲ့ရသည်။

 

 ဓနုလူပျိုနှင့် အပျိုတို့သည် ဇယံဝင်အခမ်းအနား ကျင်းပပြီးနောက်မှ အပျိုဘက်မှ အကြောင်းမညီညွတ်သဖြင့် လက်ထပ်ရန် ပျက်ကွက်ခဲ့လျှင်အပျိုက လူပျိုအား စရန်ဝင်ထားသော ပစ္စည်းတန်ဖိုး၏ နှစ်ဆပြန်လျော်ရသည်။ အကယ်၍ လူပျိုဘက်မှ အပျိုကို မယူနိုင်လျှင် လက်မထပ်နိုင်ခဲ့သော် ဝင်ထားသော စရန်ငွေပစ္စည်းအားလုံး အဆုံးခံရန် သတ်မှတ်ထားကြလေသည်။ ထို့နောက် နှစ်ဖက်သောလူကြီးများသည် လက်ထပ်မင်္ဂလာပြုလုပ်မည့် မင်္ဂလာအခါရက်ကို ရွေးချယ်သတ်မှတ်ကြ၍ မင်္ဂလာလက်ထပ်ပွဲကိုလည်း စီစဉ်ကျင်းပကြသည်။

 

ဓနုကျေးလက်တောရွာများတွင် ဗုဒ္ဓဘာသာကိုးကွယ်မှုအပြင် ရိုးရာအစဉ်အလာ ယုံကြည်မှုသဘောဖြင့် သာသနာစောင့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ရွာစောင့်နတ်၊ ကျောင်းစောင့်နတ်နှင့် အချို့ရွာများတွင် အိမ်စောင့်နတ်များ ကိုးကွယ်ထားလေ့ရှိကြသည်။ ထိုနတ်များကို ဥပုသ်သီတင်းနေ့များနှင့် အခါကြီးရက်ကြီးများတွင် ပူဇော်တင်မြှောက်လေ့ရှိကြသည်။ ထို့ပြင် ကလေးသူငယ်များ နေမကောင်းဖြစ်၍ ထိတ်လန့်သည့် အခါတွင် လိပ်ပြာ “ဝိညာဉ်” ခေါ်ပေးခြင်း၊ လူကြီးများ နေမကောင်းထိုင်မသာဖြစ်သည့်အခါတွင် ခေါစာခွက်ပစ်ခြင်း၊ ဝါးနှီးတို့ဖြင့် စတိရက်လုပ်ထားသောခွက်တွင် ဖက်များခံ၍ သားစိမ်းငါးစိမ်းများထည့်ကာ ကျွေးမွေးလေ့ရှိခြင်း၊ လက်နက်တစ်ခုခုဖြင့် ထိခိုက်အနာတရဖြစ်ကာ ရုတ်တရက် သေသူများ၊ သားသမီးမမွေးနိုင်၍ သေဆုံးသူများအတွက် အစိမ်းခွင်းပေးသည်ဟုခေါ်သော ကုထုံးနည်းဖြင့် ပြုလုပ်ပေးခြင်းစသည်ဖြင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာမျိုးကို ဓနုကျေးလက်တောရွာအချို့တွင် ရှိနေသေးကြောင်း တွေ့ရှိရပေသည်။

 

ဓနုတိုင်းရင်းသားလူမျိုးများ၏ ရှင်ပြုမင်္ဂလာပွဲကျင်းပပုံ ဓလေ့ထုံးစံ အစဉ်အလာတစ်ခုကို လေ့လာရမည်ဆိုပါကလည်း သားယောကျာ်းလေးတစ်ယောက် ရှင်ပြုတော့မည်ဆိုလျှင် ပထမရှင် သာမဏေလောင်း၏ မိဘများက ရပ်ရွာအတွင်းရှိသော အကြီးအကဲ ရွာသူကြီးများအား မိမိတို့အိမ်သို့ ဖိတ်ကြားပြီး ငွေမည်မျှရှိ၍ မည်မျှအကုန်အကျခံကာ အလှူပွဲလုပ်လိုသဖြင့်ကြီးကြပ်စီမံ ပေးစေလိုသည့်အကြောင်း ရွာလူကြီးကို ပြောဆိုတင်ပြကြသည်။ ထိုသို့ပြုလုပ်ခြင်းကို ဒေသစကားဖြင့် “ပွဲအပ်” သည်ဟု ခေါ်ပေသည်။ ထို့နောက် ရှင်ပြုမင်္ဂလာပွဲများအတွက် ရွာကျောင်းမှ ဘုန်းတော်ကြီးအား နေ့ရက်ရွေးချယ် သတ်မှတ်ပေးရန် သွားရောက်လျှောက်ထားကြသည်။ နေ့ရက်ရွေးချယ်ပြီးသည့် ကိစ္စပြီးသည်နှင့် အလှူပွဲမပြုလုပ်မီတစ်ပတ်၊ ဆယ်ရက်လောက်မှကြို၍ အလှူမဏ္ဍပ်ဆောက်လုပ်သည်က အစ အလှူအတွက် ဝယ်စရာရှိသည်များဝယ်ယူ၍ အလှူရှင်အိမ်သို့ ရွာအတွင်းရှိ အိမ်တိုင်းမှလူကြီးလူငယ်များက တစ်အိမ်လျှင်တစ်ယောက်ကျ နေ့စဉ်သွားရောက်ကူညီ လုပ်ကိုင်ပေးလေ့ရှိကြသည်။ အလှူမဝင်ခင် ရှင်သာမဏေလောင်းကို ပိုးဖဲကတ္တီပါနှင့်ရွှေချည်၊ငွေချည်ထိုး ဦးသျှောင်၊ စလွယ်၊ လက်စည်း ၊ လယ်ဂျာ၊ခြေနင်းများဝတ်ဆင်စေပြီး ကျောင်းမှာ တစ်ညထားကြသည်။ ယင်းသို့ပြုလုပ်ခြင်းကို ဒေသစကားဖြင့် “ရှင်လောင်းစံသည်” ဟု ခေါ်သည်။ ရှင်သာမဏေလောင်းကိုအလှူဝင်သည့်နေ့ရောက်မှ အလှူမဏ္ဍပ်သို့ ခေါ်ဆောင်လာကြသည်။

 

အလှူမဝင်ခင် အကြိုညတွင် အလှူမဏ္ဍပ်အတွင်း၌အရပ်ဓလေ့အရပ်ကပွဲများ သို့မဟုတ် ခေတ်ပေါ်အငြိမ့်မျိုးကပြကြသည်။ အချို့ဓလေ့ကျေးရွာများတွင် ရွာခံဓနုလူငယ်လူရွယ်များသည် ဓနုအိုးစည်ဝိုင်းနှင့် သိုင်းအကကကြပြီး အချို့အရပ်တွင် ဓနုအမျိုးသမီးကလေးများသည်ကိုလူပျို၏ ဦးထုပ်ကိုဆောင်းကာ တပျော်တပါး ကခုန်ဆင်နွှဲကာ ညဉ့်နက်သန်းခေါင်အထိ ဧည့်ခံဖျော်ဖြေလေ့ရှိကြသည်။ ဓနုတိုင်းရင်းသားတို့၏ ရှင်လောင်းလှည့်ပွဲ ကျင်းပပုံမှာ စိတ်ဝင်စားဖွယ် ကောင်းပေသည်။ ရှင်လောင်းလှည့်ရာတွင် မင်းဝတ်မင်းစားအဆောင်အယောင်မျိုး ဝတ်စားဆင်ယင်ထားသော ရှင်လောင်းအား ရွှေထီးများမိုးဆောင်း၍ယင်းနောက်မှ ရှေးမြန်မာခေတ် ဝင်းခင်းကြွချီလာပုံမျိုး သိုင်းကိုင်သူ၊ ယပ်ကိုင်သူ၊ လေးကိုင်သူ၊ သေနတ်ကိုင်သူ၊လှံကိုင်သူ၊ ရွှေဓား သို့မဟုတ် ငွေဓားကိုင်သူ၊ စစ်သူကြီး၊ပုဏ္ဏား၊ မှူးကြီးမတ်ရာ ဝန်ကြီးများဖြင့်လည်းကောင်း၊ယင်းတို့နောက်မှ ကွမ်းအစ်ကိုင်၊ သောက်တော်ရေကိုင်သူများ၊ ဆန်ပန်းပေါက်ပေါက် ကိုင်ဆောင်ကြသူ အမျိုးသမီးတစ်စုနှင့် ရတုဆို သျှိုးလိုက်သမားတစ်စုနှင့် လူငယ်လူကြီးများ လိုက်လာကြပြီး ဘုရားဟောဇာတ်တော်များထဲမှဇာတ်တော်ဖြစ်စဉ် တစ်ခုခုကို ရတုတိုင်ပေးလိုက်သည်။မောင်ရှင်လောင်းကို ဆွေမျိုးများက တစ်လှည့်စီ ပခုံးဖြင့်ထမ်း၍ ရွာပတ်လေ့ရှိကြသည်။ 

 

ယင်းကို ဓနုစကားဖြင့် “လူစံသည်” ခေါ်၍ မြင်းနှင့်တင်၍ ရွာလှည့်ပတ်လျှင် “မြင်းစံသည်” ဟု ပြောလေ့ရှိကြသည်။ မြေလတ်ပိုင်းဓနုတိုင်းရင်းသားလူမျိုးတို့၏ ကျေးလက်တောရွာများနှင့်မြို့ပေါ်တွင် ယခုတိုင် ရိုးရာအစဉ်အလာမပျက် ရှင်သန်နေဆဲဖြစ်သော ရှင်လောင်းလှည့်ပွဲပင် ဖြစ်ပေတော့သည်။

 

ဤကဲ့သို့ ပြည်ထောင်စုဖွားတိုင်းရင်းသား မျိုးနွယ်များဖြစ်ကြသော ဓနုလူမျိုးတို့၏ ချစ်စဖွယ် ယဉ်ကျေးမှု ဓလေ့စရိုက် ထုံးတမ်းစဉ်လာများကို အတုယူ ဂုဏ်ယူစွာရေးသားဖော်ပြရင်း ဘိုးဘွား အစဉ်အဆက် ဆက်လက်ထိန်းသိမ်းနိုင်ကြပါစေရန် စိတ်ရည်သန်၍ ရေးသားဖော်ပြလိုက်ရပါတော့ပေသည်။

 

မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)
ကိုးကား
မြန်မာစွယ်စုံကျမ်းအတွဲ(၅)
ဒါရိုက်တာမြင့်မောင်- ဓနုတောင်ရိုး