၂၂ စက်တင်ဘာ
ဟားခါးမြို့ ဈေးသစ်ရပ်ကွက်တွင် ဒေါ်ဇိန်တလိုင်းတို့မိသားစု နေထိုင်ကြသည်။ သူကထန်တလန်မြို့နယ် လေတပ်ရွာသူဖြစ်သည်။ သူငယ်စဉ်က ကျားအောင်ပွဲအကများ ကြည့်ဖူးကြောင်း ပြောပြသည်။
လေတပ်ရွာဟောင်း၌ အံ့ဩဖွယ်ကောင်းသော ရှာပန်းလိုင်အမည်ရှိ ရေတွင်းတစ်တွင်း ရှိသည်။ လူသတ်သောသူတစ်ဦးက ရေတွင်း၌ လက်ဆေးလျှင် အပြစ်ကင်းသည်ဟု အယူအဆရှိသည်။ ထူးဆန်းသော ရာဇဝင်ရှိသည့် ထိုရေတွင်းအကြောင်းအား နောက်ထပ်ဆောင်းပါးအဖြစ် ရေးသားဖော်ပြပါမည်။ ကျားအောင်ပွဲအကမှာ ထန်တလန်မြို့နယ် လေတပ်ရွာအနီးနှင့် အချို့ရွာများ၌သာ ကပြလေ့ရှိကြောင်း ၎င်းက ပြောပြသည်။
စိတ်ဝင်စားဖွယ်ကောင်းသော ကျားအောင်ပွဲအကအား ဖော်ပြလိုပါသည်။ ယခုဟားခါး-ဂန့်ဂေါလမ်းပေါ်တွင်ရှိ ဇိုခွားရွာသည် ယခင်က မရှိသေးပေ။ လမ်း၏အောက် အင်မွှန်းအရပ်၌နေခဲ့စဉ်က လုံပီး(Lungpi) မျိုးရိုးစုထဲမှ လူတစ်ဦး၌ သမီးတစ်ဦးရှိခဲ့သည်။ သူသည် ဝက်စားရန်အတွက် တီလ်ထီ့ (Tial thi ) (ဝက်စာအသီး)များကို ကောက်ရန်ရွာပြင်သို့ ထွက်ခဲ့သည်။ရွာနီးနား၌ ထိုအပင်များသည် များပြားသောကြောင့် အဝေးသို့ပင် မသွားဘဲ ကောက်နေစဉ် ကျားကြီးတစ်ကောင် ရောက်ရှိလာပြီး လုံမလေးကို ကိုက်သတ်ပြီး ကျောပေါ်တင်၍ ယူသွားသည်။
ကျားကိုက်သတ်ခံရကြောင်း ဖခင်သိသောအခါ လေးနှင့်သံချွန်တပ်သည့် မြား၊ လှံကိုယူသွား၍ နောက်မှလိုက်၏။ ကျားကြီးကို မီသဖြင့် တိတ်တဆိတ် နောက်မှလိုက်သွား၏။ ကျားကြီးသည် မြေပြန့်တစ်နေရာ သို့ ရောက်သောအခါ လုံမလေးအလောင်းကို ထိုင်စေ၍ အောက်ပါအတိုင်း အလောင်း ပတ်ပတ်လည်တွင်-
“ နှမြောလိုက်တာ၊ နှမြောလိုက်တာ
ချင်းလုံမလေးကို နှမြောလိုက်တာ
ဘာလုပ်ဖို့ အသွားမှာ
တီလ်ထီ့ကောက်ရန် အသွားမှာ
ကျွန်တော်လက်ကတော့ မထိခဲ့ပါ
ချည်ဒလက်ကသာထိခဲ့
ဖော်ပိအေး၊ ဖော်ပိအေး (ကျားအော်သံ)”
သီချင်းကိုဆိုခဲ့သည်။ လက်နှစ်ဖက် ဆန့်တန်းကာကရင်း အလောင်းကိုကိုးပတ်ပတ်၏။ ယခင်ပတ်သည့်အတိုင်း ကိုးကြိမ် (၉ x ၉= ၈၁ ပတ်၊ ကိုးကြိမ် ကိုးကြိမ်) ပြန်ပတ်၏။ ထို ၈၁ပတ် ပြည့်ပြီးသောအခါ အလောင်းကို ကျောပေါ်တင်၍ ထမ်းပိုးကာ ကောရ်ထားရပ်ကွက်၊ ဆပဲ့ ခေါ် ကျောက်တုံးကြီးနားတွင် လျန်ဒါအို ဂူရှိ၏။ ထိုဂူထဲသို့ အလောင်းကို ယူသွား၏။
ထိုလုံပီး အမျိုးသားသည်လည်း ဂူရှိရာကျောက်ပေါ်သို့ ရောက်ရှိလာသည်။ ကျောက်တုံးပေါ်တွင်ထိုင်၍ လှံ၏အဖျားတွင် သစ်ရွက်ကိုင်းငယ်တစ်ခုကို ကြိုးနှင့်ချည်ကာဂူဝတွင် လှုပ်စေ၏။
ထိုအခါ ကျားကြီးသည်မြင်၍ မည်သည့်အရာဖြစ်ကြောင်း သိလိုသောကြောင့် ဂူဝသို့ခေါင်းပြူထွက် လာ၏။ အပေါ်သို့ ခေါင်းမော့၍ကြည့်စဉ် လုံပီးအမျိုးသားက ကျားကြီး၏ပါးစပ်အတွင်း လှံဖြင့် တအားထိုး စိုက်ချသောကြောင့် ကျားကြီး သေဆုံးသွားသည်။ ကျားကြီးသေဆုံးပြီဖြစ်သဖြင့် သမီးလေး၏ အလောင်းကို ကျောပေါ်တင်၍ အိမ်သို့ယူသွား၏။ ထို့နောက် ကျားကြီး၏အလောင်းကို ဂူမှသယ်ဆောင်၍ ကလဲ့စားချေသည့် အနေဖြင့်ကျားအောင်ပွဲကို ကျင်းပခဲ့သည်။ ကျားကြီးကသကဲ့သို့ လက်ကိုဆန့်တန်းကာ စင်ပေါ်တင်သည့် ကျားအလောင်းကို (၈၁)ကြိမ်ဖြင့်ပတ်၍ မိန်းမနှင့်အဖွဲ့များ ခြံရံလျက် ကကြ၏။
ထို့နောက် ကျားကြီး၏အလောင်းကို လည်ပင်းမှဖြတ်၍ ယနေ့အခေါ် ဟမ်လန်းချောင်း၌ သွားရောက်မြှုပ်နှံ၏။ ဤသို့ဖြင့် ဘိုးဘွားစကားနှင့် သီချင်းများစာအုပ် (စီအေစီစီထုတ်စာအုပ်)တွင် ကျားအောင်ပွဲကျင်းပခြင်းဇိုခွားရွာမှ စတင်သည်ဟု အဆိုရှိသည်။
ကျားအောင်ပွဲစတင်ခြင်းနှင့် ပတ်သက်၍ သိက္ခာတော်ရ ဒေါက်တာမန်ဟုပ်က အောက်ပါအတိုင်း ပြောကြားပြန်သည်။ ရွာတစ်ရွာ၌ သမန်းကျားနှင့် လူသားရောနှော၍ နေထိုင်၏။ လူသားများက သမန်းကျားဖြစ်ကြောင်း မသိရှိကြပါ။ ထိုရွာ၌ သမန်းကျား မန်ဟာအိုးနှင့် လှပ၍ အလုပ်တွင် ကြိုးစားလုပ်ကိုင်သော အပျိုလေး သွမ်ဆုံ တို့ရှိကြ၏။ သူ မန်ဟာအိုးကို သဘောကျသောကြောင့် အစ်ကိုမောင်များက နှမကလေး သွမ်ဆုံကို ပေးစား၏။
သွမ်ဆုံသည် မိမိယောကျာ်းသည် သမန်းကျားဖြစ်ကြောင်း ရိပ်မိလာသောအခါ မိမိ၏ မောင်တို့အား အကျိုးအကြောင်းကို ပြောပြ၏။ မောင်တို့ကလည်း နှမပြောသောစကားကို မယုံကြ၏။ ထိုအခါ သွမ်ဆုံကမောင်တို့အား စကားဆိုကြသည်။
မင်းလပြည့်(ဟားခါး)
ဆက်လက်ဖော်ပြပါမည်။