မူဆယ် ၁၂ ဇန်နဝါရီ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် ဇန်နဝါရီ ၁၂ ရက်နေ့ နံနက် ၈ နာရီအချိန် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၃) ကျောင်းဝင်း၌ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောက်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းမြင့်ရွှေ၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းများရေးဦးစီးဌာနတို့ပူးပေါင်း၍ သားအိမ်ခေါင်းကင်ဆာရောဂါ အကြိုအဆင့်ကို အခမဲ့စမ်းသပ်ကုသပေးကြောင်း သိရသည်။
အဆိုပါကုသမှုသည် ရှမ်းပြည်နယ်အမျိုးသမီးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကုသပေးခြင်း ဖြစ်ပြီး၊ မူဆယ်ခရိုင်အတွင်း ကွင်းဆင်း၍ ပြည်သူလူထုအခြေပြု၍ သားအိမ်ခေါင်းကင်ဆာ(အကြိုအဆင့်) ကုသစစ်ဆေးမှုအား မူဆယ်ခရိုင်သားဖွားမီးယပ်ဆရာဝန်ကြီးများကိုယ်တိုင် အခမဲ့ကုသပေးနေကြောင်း သိရသည်။
‘ သားအိမ်ခေါင်းကင်ဆာသည် မြန်မာနိုင်ငံတွင် ဒုတိယအဖြစ်အများဆုံးနှင့် အသေအပျောက်အများဆုံး ရောဂါ ဖြစ်ပြီး၊ ဒီရောဂါဖြစ်သည့်အမျိုးသမီးများသည် အသက်အန္တရာယ်သေဆုံးသည့်အထိ ဖြစ်လာနိုင်ပါတယ်၊ ဒါပေမယ့်ကြိုတင်သိရှိရင်တော့ ရောဂါကိုကုလိုရပါတယ် ဒါကြောင့်မို့ကျွန်မတို့ကအကြိုအဆင့်ကို စစ်ဆေး စမ်းသပ်မှု ပြုလုပ်ပေးနေပါတယ်၊ ဒီရောဂါစမ်းသပ်နိုင်ဖို့ ကျွန်မတို့အမျိုးသမီးရေးအဖွဲ့များနှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်း တွေက သင်တန်းတက်ရပါတယ်၊ ကမ္ဘောဇဖိုင်ဒေးရှင်းက အမျိုးသမီးရေးရာအဖွဲ့ကို ဒီရောဂါကုသဖို့ စက် (၂)လုံးလှူဒါန်းထားပါတယ်။ကျွန်မတို့ကပညာရှင်မဟုတ်တဲ့အတွက် ပညာရှင်ဖြစ်သည့်ကျန်းမာရေး ဌာနများ နှင့် စမ်းသပ်ကုသပေးနေပါကြောင်း ’’ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ညိုညိုလွင် က ပြောကြားသည်။
‘ ဒီလိုရောဂါတွေလာစမ်းသပ်တာဟာကောင်းပါတယ်၊ ရောဂါရှိမရှိအမျိုးသမီးတိုင်းစစ်ဆေးစမ်းသပ်သင့် ပါတယ်၊ ကျန်းမာရေးအသိပညာပေးအနေနဲ့လာလုပ်ပေးတာ ကိုယ့်အတွက်အများကြီး ကောင်းကြိုးရှိပါတယ်၊ နောက်ဆုံး ရောဂါရှိတယ်လိုသိရင်တောင်မှ ကုသရန်အသိရှိသွားပါတယ်၊ ဒီလိုပညာပေးလုပ်ငန်းတို့ကို နောင်နှစ်တွေလည်း ပြုလုပ်ပေးစေခြင်ကြောင်း ” လာရောက်စမ်းသပ်ခံသည့် ဒေါ်ဝင်းစန်းက ပြောကြားသည်။
မူဆယ်ခရိုင် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်မိုးသူတင့်က “ရှမ်းပြည်နယ်အမျိုးသမီးလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ရှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်း၍ စမ်းသပ်ကုသပေးနေခြင်းဖြစ်ပါတယ်၊ မူဆယ်ခရိုင်အတွင်းဖြစ်သည့် မူဆယ်မြို့ ၊ နမ့်ခမ်း မြို့နယ်၊ ကွတ်ခိုင်မြို့နယ်လာရောက် ကုသနေကြောင်း၊ သေစေနိုင်သောရောဂါဖြစ်သော်လည်း ကြိုတင်ကာကွယ် ကုသလိုရသည့် ရောဂါဖြစ်ပါတယ်၊ ဒါကြောင့်မို့ ကျွန်မတို့ အကြိုစမ်းသပ်ပေးနေပါကြောင်း” ပြောကြားသည်။
သားအိမ်ခေါင်း ကင်ဆာရောဂါစမ်းသပ်ကုသမှုကို ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောက်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းမြင့်ရွှေ၊ ဥက္ကဋ္ဌ ဒေါ်နန်းမြအေးနှင့် မူဆယ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မိုးသူတင့်၊ ကျန်းမာရေးဦးစီးဌာနမှ မီးယပ် သားဖွားဆရာဝန်ကြီး၊ မြို့နယ်အဆင့်ရှိဌာနဆိုင်များ၊ တာဝန်ရှိသူများ၊တက်ရောက်ခဲ့ပြီး၊ အဆိုပါစမ်းသပ် ကုသမှုကို ဇန်နဝါရီ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့ထိ နှစ်ရက်ကြာ စမ်းသပ်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
ဆိုင်ဖြူ(မူဆယ်)