ကျုံပျော် ၁ ဖေဖော်ဝါရီ
(၁၂) ကြိမ်မြောက် ငွေကျပ်သိန်း ၁၅၀၀၀ အောင်ဘာလေ သိန်းဆုကြီးကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ဆင်နှစ်ကောင်ကျေးရွာမှ ဦးဇော်မင်းထွန်း၊ ဆရာမဒေါ်ခိုင်ခိုင်ဝင်း မိသားစုက ယနေ့ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
"ကျွန်မက အခုထီလာရောင်းတဲ့သူဆီမှာ ထီထိုးနေတာ ၆ လလောက်ရှိပါပြီ။ လတိုင်းထိုးမယ်လို့ ပြောထားလို့ သူကလည်း အိမ်ကို လာလာပြီးရောင်းပါတယ်။ ဒီတစ်ပတ် (၉)စောင်ထိုးတဲ့အထဲကမှ အခုဆုကြီးကို ပေါက်ခဲ့တာပါ။ မနက်က ထီဆိုင်ပိုင်ရှင်နဲ့ ရောင်းတဲ့သူတို့ ရောက်လာပြီး ၁၅၀၀၀ ဆုပေါက်တယ်လို့ပြောတော့၊ ထိုးထားတာက ၁၂၀၀၀ ကျပ်ဖိုးဆိုတော့ ငွေ(၃၀၀၀)တော့မြတ်တာပေါ့လို့ စိတ်ထဲတွေးမိသေးတယ်။ နောက်သူတို့က ကိုယ်ရဲ့ပုံစံကိုကြည့်ပြီး သိန်း ၁၅၀၀၀ ဆုကြီး ပေါက်တာနော်လို့ ပြောတော့ တကယ့်ကို မယုံနိုင်ဘူး။ ထီလက်မှတ်သွားယူပြီး အွန်လိုင်းမှာ တိုက်ကြည့်မှပဲ ယုံမိတာပါ။ သိပ်ပြီး ဝမ်းသာပါတယ်။ လက်ရှိတော့ နှစ်ဖက်မိဘကို ကန်တော့မယ်၊ ရွာက ဆောက်လက်စ ဘုန်းကြီးကျောင်း အဆောက်အဦကြီးကို ပြီးအောင်ဆောက်ပြီးလှူမယ်၊ ရွာက နာရေးကူညီမှု မော်တော်ယာဉ် တည်ထောင်ဖို့အတွက် ငွေလှူမယ်။ ကျန်တာတွေတော့ နောက်မှ တဖြည်းဖြည်းစဉ်းစားပြီး လှူဒါန်းသွားဖို့လုပ်ပါ့မယ်။ အခုတော့ ဝမ်းသာနေတာနဲ့ပဲ အများကြီး မစဉ်းစားနိုင်သေးဘူးဖြစ်နေတယ်။ အခုထီဆုကြီးပေါက်ပေမယ့် ကျွန်မ အခုလုပ်နေတဲ့ ကျောင်းဆရာမအလုပ်ကိုပဲ ဆက်ပြီးလုပ်သွားမှာဖြစ်ပါတယ်" ဟု ဆရာမဒေါ်ခိုင်ခိုင်ဝင်းက ဆိုသည်။
ယခု ထီဆုကြီးရရှိသူ မိသားစုအနေဖြင့် အမျိုးသားဖြစ်သူ ဦးဇော်မင်းထွန်းက ဆိုင်ကယ်ပြင် လုပ်ငန်းကို လုပ်ကိုင်ပြီး၊ ဇနီးဒေါ်ခိုင်ခိုင်ခိုင်ဝင်းက အဆိုပါကျေးရွာရှိ အလယ်တန်းကျောင်းခွဲတွင် ကျောင်းဆရာမ အလုပ်ကို လုပ်ကိုင်လျှက်ရှိကာ၊ သားသမီး ၂ ဦး ထွန်းကားလျှက်ရှိကြောင်း၊ အဆိုပါထီလက်မှတ်ကို ကျုံပျော်မြို့၊ မြန်ပြည်ချမ်းသာ ပင်ရင်းထီဆိုင်ကြီးထံမှ ကိုယ်စားလှယ်ဖြစ်သူ ကိုထွန်းစောက တစ်ဆင့်ယူ၍ ရောင်းချခဲ့ခြင်းဖြစ်ပြီး၊ ယခင်ကလည်းအဆိုပါ ထီဆိုင်ကြီးမှ ကျပ်သိန်း(၃၀၀၀)ဆုနှင့် ကျပ်သိန်း (၅၀၀) ဆုစသည့်ဆုကြီးများကို ဆွတ်ခူးပေးနိုင်ခဲ့ကြောင်း ထီဆိုင်ပိုင်ရှင် ဦးစိုးသန်း ထံမှ သိရသည်။
နေဝင်း(ပြန်/ဆက်)