ထားဝယ် ၁ ဖေဖော်ဝါရီ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးနှင့် ငါးမျိုးစပ်ကာကွယ်ဆေး(စတုတ္ထအကြိမ်) စတင်ထည့်သွင်းခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က အဖွင့်အမှာစကား ပြောကြားရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကလေးငယ်များ၏ ကျန်းမာရေးပြဿနာများကို ဖြေရှင်းဆောင်ရွက်လျက်ရှိရာ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဦးစားပေးလုပ်ငန်း တစ်ရပ်အနေဖြင့် ဆောင်ရွက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လစဉ်ဆောင်ရွက်နေသော ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ယနေ့ဖေဖော်ဝါရီလ(၁)ရက်နေ့ကစပြီး (၁၂) မျိုး မြောက်ကာကွယ်ဆေးအဖြစ် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေး အသစ်တစ်မျိုးထပ်မံ ထည့်သွင်းခြင်းဖြစ်ကြောင်း၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါကိုဖြစ်စေသော အဓိကအကြောင်းအရင်း ဖြစ်သည့် ရိုတာဗိုင်းရပ်စ်ပိုးကနေ ကာကွယ်ရန် ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး တိုက်ကျွေးခြင်းအားဖြင့် မြန်မာနိုင်ငံမှာရှိသော ကလေးငယ်များ၏ သေဆုံးရခြင်းမှာ တတိယအများဆုံး အကြောင်းအရင်းဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်နိုင်မှာဖြစ်ကြောင်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါကို ဖြစ်စေသော ရိုတာဗိုင်းရပ်စ်အန္တရာယ်ကနေ ကာကွယ်နိုင်ရန် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေး တိုက်ကျွေးခြင်းအားဖြင့် မြန်မာနိုင်ငံမှာ ရှိသောကလေးငယ်များ သေဆုံးရခြင်း၏ တတိယအများဆုံး အကြောင်းရင်းဖြစ်သော ဝမ်းပျက်ဝမ်းလျှော ရောဂါကို ကာကွယ်နိုင်မှာဖြစ် ကြောင်းပြောကြားသည်။
ထိုနောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမင်း က ဖေဖော်ဝါရီလ မှစတင်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်အစီအစဉ်တွင် အသက် (၂)လနှင့်(၄)လအရွယ်ကလေးများကို ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေး ထည့်သွင်းတိုက်ကျွေးပေးသွားမှာ ဖြစ်ကြောင်း၊ ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးနှင့် ငါးမျိုးစပ်ကာကွယ်ဆေး စတင်ထည့်သွင်းမည့် အစီအစဉ်များအား ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များက ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးနေမှုကို ကြည့်ရှုအားပေးပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
(ထားဝယ်ခရိုင်ပြန်/ဆက်)