နေပြည်တော် ၁ ဖေဖော်ဝါရီ

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်းသည် စင်ကာပူသမ္မတနိုင်ငံ၌ ဇန်နဝါရီ ၃၀ ရက်မှ ၃၁ ရက်အထိ ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ အစိုးရအဖွဲ့အစည်းခေါင်းဆောင်များ ဖိုရမ်နှင့် အုပ်ချုပ်မှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတို့ကို တက်ရောက်သည်။

 

ကမ္ဘာလုံးဆိုင်ရာ အစိုးရအဖွဲ့အစည်း ခေါင်းဆောင်များဖိုရမ်တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ၂၀၂၀ ပြည့်နှစ်မှစ၍ နောက်ပိုင်းနှစ်များတွင် ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းရာ၌ အဆင့်မြင့်အရာရှိကြီးများတွင် ရှိသင့်ရှိထိုက်သည့် ကျွမ်းကျင်မှု၊ အတွေ့အကြုံနှင့် ဆောင်ရွက်ချက်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုတွင် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ကာလရှည်စီမံကိန်းဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ပြုလုပ်ရာတွင် နိုင်ငံ့ဝန်ထမ်းခေါင်းဆောင်များ၌ ရှိသင့်ရှိထိုက်သည့် ကျွမ်းကျင်မှုနှင့် နည်းလမ်းများ၊ နည်းပညာ ကွန်ရက်ချိတ်ဆက်ခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်။

 

5

 

ထို့ပြင် အုပ်ချုပ်မှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတွင် အားလုံးပါဝင်မှုရှိသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်မည့် မူဝါဒများ၊ မဟာဗျူဟာမြောက် အကျိုးရလဒ်များရရှိရေး စွမ်းဆောင်ခြင်းနှင့် ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်မည့် နည်းလမ်းများ၊ နိုင်ငံ့ဝန်ထမ်းကဏ္ဍရှိ ဝန်ထမ်းများအား စွမ်းဆောင်ရည် ခိုင်မာအားကောင်းစေရန်နှင့် ကျွမ်းကျင်မှုရှိစေရေး ဆောင်ရွက်ရမည့် နည်းလမ်းများ၊ အစိုးရများအား နိုင်ငံ့ဝန်ထမ်းကဏ္ဍတွင် လူတို့ဉာဏ်ရည်ကို ကွန်ပျူတာဖြင့် စီစဉ်တုပမှု (Artificial Intelligence) ဖြင့် လက်တွေ့အသုံးချ ဆောင်ရွက်ရမည့် နည်းလမ်းများ၊ နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများနှင့် အားနည်းချက်၊ အားသာချက်များအပေါ် ဖြေရှင်းဆောင်ရွက်သည့် နည်းလမ်းများ စသည့် အကြောင်းအရာများကို ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများမှ နိုင်ငံ့ဝန်ထမ်းခေါင်းဆောင်များနှင့် အဆင့်မြင့်အရာရှိကြီးများက ပါဝင်ဆွေးနွေးခဲ့ကြသည်။

 

အုပ်ချုပ်မှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ပြီး မြန်မာနိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အားထုတ်ကြိုးပမ်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်၏ သဘောတရားများ၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အတွေ့အကြုံများနှင့် အားနည်းချက်၊ အားသာချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ စသည့် အကြောင်းအရာများကို မျှဝေဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်