ကိုရင်သြ

 

ဗြိတိန်နိုင်ငံသည် ဇန်နဝါရီ ၃၁ ရက် ဒေသဆိုင်ရာ စံတော်ချိန် ည ၁၁ နာရီတွင် ဥရောပသမဂ္ဂ (အီးယူ) မှ နုတ်ထွက်လိုက်ပြီဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ် ဖတ်ရှုရသောအခါ ယင်းနိုင်ငံနှင့် ဥရောပတိုက်လုံးဆိုင်ရာ နိုင်ငံရေးနှင့် စီးပွားရေးသမဂ္ဂကြီးတို့၏ အနာဂတ်ဆက်ဆံ ရေးလားရာများ အသို့ရှိမည်ကို စေ့ငုလေ့လာမိလေ၏။

 

ဥရောပသမဂ္ဂဟူသည်ကား နယ်မြေအကျယ်အဝန်း စတုရန်းမိုင် ၁၆၃၄၄၆၉ မိုင်ကို လွှမ်းခြုံထားသည့် အဖွဲ့ဝင် ၂၇ နိုင်ငံပါဝင်သော နိုင်ငံရေးနှင့် စီးပွားရေးသမဂ္ဂကြီး တစ်ရပ်ပါပေတည်း။ လူဦးရေ ၄၄၇ သန်းခန့် မှီတင်း နေထိုင်ရာ နယ်မြေကြီး၏ အစုအရုံး တစ်ခုဖြစ်ပြီးလျှင် တစ်ခုတည်းသော ဘုံဈေးကွက်ကို မျှော်မှန်း၏။ တညီတညွတ်တည်း လိုက်နာဆောင်ရွက်ကြရမည့် ဥပဒေများဆိုင်ရာ စနစ်ကို မြင့်မားသောစံနှုန်းများနှင့်အညီ ချမှတ်ကျင့်သုံး၏။

 

နောက်ဆုံးနေ့ရက်

 

ဥရောပတိုက်၏ ခေတ်သစ်သမိုင်းတွင် နိုင်ငံရေးနှင့် စီးပွားရေးပေါင်းစည်းမှုတို့ကို ရည်မှန်းသော အင်အား အကြီးမားဆုံး အဖွဲ့အစည်းကြီးမှ ဗြိတိန်နိုင်ငံ တရားဝင် နုတ်ထွက်လိုက်ခြင်းဖြင့် ဇန်နဝါရီ ၃၁ ရက်သည် အီးယူတွင် ဗြိတိန်နိုင်ငံပါဝင်မှု နောက်ဆုံးနေ့ရက်အဖြစ် ရှုမြင်ကြရလေသည်။

 

အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် နှစ်ပေါင်း ၄၇ နှစ် တိုင်တိုင် ကျင်လည်ခဲ့ပြီးနောက် ဥရောပသမဂ္ဂမှ ဗြိတိန် နိုင်ငံ တရားဝင် နုတ်ထွက်လိုက်ရာ သုံးနှစ်ခွဲမျှကြာမြင့်ခဲ့သော “ခွဲရေး” လုပ်ငန်းစဉ်များ ပြီးဆုံးခြင်းသို့ ရောက်ရှိစေ၏။ “ခွဲရေး” လုပ်ငန်းစဉ်ကာလမှာ လှိုင်းကြီးလေထန်ကာလ တစ်ခုအဖြစ် ပြောစမှတ်ပြုကြရ၏။ အဖွဲ့အစည်း အသင်းအပင်းအတွင်းမှ ဗြိတိန်နုတ်ထွက်ခြင်းဖြင့် ဖြစ်ပေါ်လာ နိုင်အံ့သော အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု ကြီးစွာဖြစ်ခဲ့ကြရ၏။ နိုင်ငံရေးနှင့် စီးပွားရေးအရ ဗျာပါဒ(ကြောင့်ကြခြင်း) ဖြစ်ခဲ့ကြရ၏။ ဥရောပသမဂ္ဂသည် ယင်း၏ အကြီးဆုံးသော ကုန်သွယ်ဖက်နိုင်ငံ ဖြစ်သော ဗြိတိန်နိုင်ငံနှင့် တင်းမာမှုများ ဖြစ်ခဲ့ရ၏။

 

ဇန်နဝါရီ ၃၁ ရက်တွင် တရားဝင်ခွဲခွာမှု အစပြုခြင်းနှင့်အတူ ဗြိတိန်နိုင်ငံသည် “အသွင်ကူးပြောင်းရေးကာလ” တစ်ရပ်ကို စတင်ဖြတ်သန်းရပေတော့မည်။ ယင်းကာလအတွင်း ဗြိတိန်နိုင်ငံသည် တစ်ခုတည်းသော ဘုံဈေးကွက်၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် လည်းကောင်း၊ အကောက်ခွန် သမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် လည်းကောင်း ဆက်လက် ရပ်တည်နေမည်ဖြစ်ပြီး လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် တစ်ရပ်ရရှိရေးအတွက် ဥရောပသမဂ္ဂနှင့် အကြိတ်အနယ် ဆွေးနွေးမှုများ စတင်ရပေတော့မည်။

 

အသွင်ကူးပြောင်းရေး ကာလအတွင်း အီးယူရေးရာများနှင့် ပတ်သက်၍ ဗြိတိန်နိုင်ငံသည် မဲပေးပိုင်ခွင့် ရှိတော့မည် မဟုတ်ပေ။ သို့ရာတွင် အီးယူ၏ စည်းမျဉ်းစည်းကမ်းများကိုမူ ဗြိတိန်က ဆက်လက် လိုက်နာနေရပေဦးမည်။

 

လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် တစ်ရပ်ကို ယခုနှစ်ကုန် နောက်ဆုံးထား၍ ရရှိရန်ကြိုးပမ်း သွားမည်ဟု ဗြိတိန်အစိုးရအဖွဲ့က မျှော်မှန်းထားသော်လည်း အချိန်ဇယားနှင့်အညီ အပြီးသတ် သဘောတူညီချက် ရနိုင်ဖွယ်မရှိဟု နိုင်ငံရေးသုခမိန်တချို့က ခန့်မှန်းကြသည်။ အကယ်၍ ကုန်သွယ်ရေး သဘောတူညီချက်ကို မျှော်မှန်းထားသလို ရလာခြင်းမရှိပါက တစ်ခုတည်းသော ဘုံဈေးကွက်မှ ဗြိတိန် နုတ်ထွက်ရပေလိမ့်မည်။ ၎င်းအပြင် ဗြိတိန်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (ဒဗလျူတီအို) ၏ စည်းမျဉ်းများကို ပြန်လည်လိုက်နာရန်လည်း လိုအပ်လာပေလိမ့်မည်။

 

နောက်ခံအကြောင်းတရားများ

 

၂၀၁၆ ခုနှစ် ဇွန် ၂၃ ရက်သည်ကား “ခွဲရေး” သို့မဟုတ် “တွဲရေး”ကို ရွေးချယ်နိုင်ရန် ဗြိတိသျှပြည်သူ လူထုတို့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲပေးခဲ့ကြသည့် နေ့တစ်ရက်ဖြစ်၏။ လက်ရှိ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ကဲ့သို့သော နိုင်ငံရေးသမားများက “ခွဲရေး” ဘက်မှ လှုံ့ဆော် စည်းရုံးမှုများ ပြုလုပ်ခဲ့ကြ၏။ ထိုစဉ်က မဲခွဲ ဆုံးဖြတ်ခဲ့ကြရာတွင် ၅၁ ဒသမ ၉ ရာခိုင်နှုန်းသော ပြည်သူလူထုက “ခွဲရေး” ကို ထောက်ခံခဲ့ကြ၏။ ၄၈ ဒသမ ၁ ရာခိုင်နှုန်းကမူ စီးပွားရေးနှင့် နိုင်ငံရေးသမဂ္ဂကြီးအတွင်း နေမြဲအတိုင်း ဆက်လက်နေလိုကြ၏။

 

ဥရောပသမဂ္ဂအပေါ် ယုံမှားသံသယများ ရှိမှုနှင့်အတူ ဝေဖန်သံများ အရှိန်မြင့်တက်လာချိန်၊ ဗြိတိန်နိုင်ငံအတွင်း စာနယ်ဇင်းအချို့က ဥရောပသမဂ္ဂ ဆန့်ကျင်ရေး အမြင်များကို ထုတ်ဖော် ရေးသားလာချိန်၊ ဗြိတိသျှနိုင်ငံရေးသမားကြီး တစ်ဦးဖြစ်သော နိုင်ဂဲလ်ဖားရဲ့ ဦးဆောင်သည့် “ယူကေ လွတ်လပ်ရေးပါတီ”က သမဂ္ဂဆန့်ကျင်ရေး အတွေးအခေါ်များ ဖော်ထုတ်လာချိန်တွင် လူထုဆန္ဒခံယူပွဲကြီးကို တစ်ခဲနက် ကျင်းပခဲ့ခြင်းဖြစ်သည်။

 

၂၀၁၆ ခုနှစ် လူထုဆန္ဒခံယူပွဲ ကျင်းပခြင်းမရှိမီ နောက်ခံအကြောင်းတရား တစ်ရပ်အဖြစ် ဗြိတိန်နိုင်ငံ ရင်ဆိုင်နေခဲ့ရသော ပြဿနာကြီးတစ်ရပ်မှာ ဥရောပတိုက်၏ ရွှေ့ပြောင်းအခြေစိုက် နေထိုင်မှု ပြဿနာဖြစ်သည်။

 

ဗြိတိန်နိုင်ငံသည် ပြင်ပမှဝင်ရောက်လာသည့် ရွှေ့ပြောင်းအခြေစိုက် နေထိုင်မည့်သူများအရေးနှင့် ပတ်သက်၍ ကိုင်တွယ်ဆောင်ရွက်ရာတွင် စိန်ခေါ်မှုအပေါင်းကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ လူထုဆန္ဒခံယူပွဲ ဖြစ်ပေါ်လာခြင်း မရှိမီတွင် ဗြိတိန်နိုင်ငံသို့ ဝင်ရောက်လာသူ ၆၅၀၀၀၀ အထိ စံချိန်တင်ဦးရေ မြင့်တက်ခဲ့သည်။ ဗြိတိန်တွင် အခြေစိုက်ကာ အလုပ်လုပ်ကိုင်လိုသူ ဦးရေ ဥဒဟို တိုးပွားလာခြင်းကြောင့် ဗြိတိန်နိုင်ငံကို ဥရောပတိုက်၏ “အလုပ်အကိုင်များ ဖန်တီး ပေးရာစက်ရုံကြီး” ဟူ၍ပင် တင်စားခေါ်ဝေါ်ခဲ့ကြသည်။

 

“အီးယူနိုင်ငံသား” ၂၈၄၀၀၀ အထိ ဗြိတိန်နိုင်ငံ အတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့သည်မှာ သမိုင်းမှတ်တမ်း တင်ရလောက်သော ဖြစ်စဉ်တစ်ရပ်ဖြစ်ခဲ့သည်။

 

ဥရောပသမဂ္ဂတွင် တူရကီနိုင်ငံ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်လာဖွယ် ရှိမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ရခြင်းမှာလည်း လူထုဆန္ဒခံယူပွဲ မတိုင်မီကြုံတွေ့ခဲ့ရသော နောက်ခံအကြောင်းတရား တစ်ရပ်ဖြစ်သည်။

 

တူရကီနိုင်ငံသည် အီးယူတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ရရှိရေးအတွက် ၁၉၈၇ ခုနှစ်မှစ၍ လှုပ်ရှားခဲ့သည်။ သို့ရာတွင် အီးယူနှင့် ယင်းနိုင်ငံတို့အကြား အခါအားလျော်စွာ လှိုင်းကြီးလေထန် ဆက်ဆံရေး တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခွင့်ရရှိရေး ဆွေးနွေးမှု များမှာလည်း ရေစီးတစ်ခါ ရေသာတစ်လှည့်ဆိုဘိသို့ ရှိခဲ့ရသည်။

 

ဒြပ်မဲ့အကြောင်းတရားများ

 

“ခွဲရေး” ကို ဖြစ်ပေါ်စေသည့် ဒြပ်မဲ့အကြောင်းတရားများတွင် ဗြိတိန်နိုင်ငံသည် ပထဝီဝင်နယ်မြေအရ ဥရောပတိုက်ရှိ ယင်း၏ အိမ်နီးချင်းနိုင်ငံများနှင့် တကွဲတပြား ရပ်တည်နေရသော ကျွန်းနိုင်ငံကြီး တစ်နိုင်ငံဖြစ်မှု ဟူသော အကြောင်းတရား တစ်ရပ်လည်း ပါဝင်သည်။ “အသွင်မတူ အိမ်သူမဖြစ်” ဟူဘိသို့ ဝိသေသလက္ခဏာများနှင့် စရိုက်လက္ခဏာများအရ မတူကွဲပြား ခြားနားသော ဗြိတိန်နှင့် အခြားဥရောပနိုင်ငံများ ဆက်ဆံပေါင်းသင်းရသည်မှာ အမြဲတစေ ဘက်ညီ၊ တက်ညီ၊ လက်ညီ မဖြစ်နိုင်ချေ။

 

အံ့အားသင့်စရာ လူထုဆန္ဒခံယူပွဲရလဒ် ပေါ်ထွက်ခဲ့ခြင်းနှင့်အတူ ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်သူ ဒေးဗစ်ကင်မရွန်း ချက်ချင်းလက်ငင်း ရာထူးမှ နုတ်ထွက်ပေးခဲ့ရပြီးနောက် ဝန်ကြီးချုပ် ထရီဇာမေ လက်ထက်တွင် ဥရောပသမဂ္ဂ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေစာချုပ်ပါ “အပိုဒ်၅၀”ကို ကိုးကားလျက် “ခွဲရေး” လုပ်ငန်းစဉ်ကို လုပ်ဆောင်နိုင်ရန် ဦးတည်ဆောင်ရွက်ခဲ့ကြသည်။

 

အီးယူစာချုပ်ပါ “အပိုဒ်၅၀”တွင် ဖော်ပြထားသည်မှာကား “အဖွဲ့ဝင်နိုင်ငံ မည်သည့်နိုင်ငံမဟူ ယင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လိုအပ်ချက်များနှင့်အညီ သမဂ္ဂမှ နုတ်ထွက်ရေးကိစ္စကို ဆုံးဖြတ်နိုင်ခွင့်ရှိသည်” ဟူသော စာသားဖြစ်သည်။

 

“အပိုဒ် ၅၀”ပါ ဖော်ပြချက်နှင့်အညီ ၂၀၁၇ ခုနှစ် မတ် ၂၉ ရက်တွင် ဝန်ကြီးချုပ်မေ လက်မှတ် ရေးထိုးထားသော စာလွှာတစ်စောင်ကို အီးယူဆိုင်ရာ ယူကေအမြဲတမ်း ကိုယ်စားလှယ် တင်ဘာရိုးက ဥရောပ ကောင်စီဥက္ကဋ္ဌ ဒေါ်နယ်တပ်စ်ထံသို့ ပေးအပ်ခဲ့လေသည်။ ဥရောပအဏုမြူ စွမ်းအင်အဖွဲ့မှ ဗြိတိန်နုတ်ထွက်ရေးမှသည် အီးယူမှ ဗြိတိန်နုတ်ထွက်ရေးအထိ ဆက်လက် ဆောင်ရွက်သွားလိုသည့် အချက်အလက်များကို ယင်းစာတွင် ဖော်ပြထားသည်။

 

၂၀၁၉ ခုနှစ် မတ် ၂၉ ရက် ကုန်ဆုံးချိန်တွင် အီးယူ၏ အဖွဲ့ဝင်နိုင်ငံဖြစ်ခြင်းမှ အဆုံးသတ်ရန် ဗြိတိန်နိုင်ငံ မျှော်မှန်းခဲ့သည်။ ဥရောပသမဂ္ဂမှ ထွက်ခွာရေး စည်းမျဉ်းများနှင့် ပတ်သက်၍ ဖော်ပြထားသည့် သဘောတူညီချက် တစ်ရပ်ကို ဗြိတိန်အောက်လွှတ်တော်က ပယ်ချမှုအတွက် ပြန်လည်စဉ်းစား သုံးသပ်နိုင်ရန် အချိန်ပေးသည့်အနေဖြင့် နောက်ထပ် ရက်သတ္တ နှစ်ပတ်ကို သက်တမ်းတိုးပေးခဲ့သည်။ ဤသို့ဖြင့် ၂၀၁၉ ခုနှစ် ဧပြီ ၁၂ ရက် ကုန်ဆုံးချိန်တွင် အီးယူမှ ဗြိတိန်နုတ်ထွက်ရန် ဦးတည်ခဲ့သည်။ သို့ရာတွင် ဥရောပကောင်စီ ဆွေးနွေးပွဲတွင် မပြေလည်မှုများ ဖြစ်ပေါ်ခဲ့ရာ အောက်တိုဘာ ၃၁ ရက်အထိ နောက်ထပ် သက်တမ်းတိုးပေးခဲ့ရပြန်သည်။

 

သုံးကြိမ်တိုင်တိုင်

 

“ခွဲရေး” စည်းမျဉ်းများနှင့်ပတ်သက်၍ ရရှိခဲ့သော သဘောတူညီချက်ကို ဗြိတိန်ပါလီမန်က သုံးကြိမ်တိုင်တိုင် ပယ်ချခဲ့ခြင်းကြောင့် ဝန်ကြီးချုပ်မေ နုတ်ထွက်ပေးခဲ့ရာ သူ၏နေရာကို ဘောရစ်ဂျွန်ဆင်က ဆက်ခံခဲ့သည်။ သူသည် ၂၀၁၉ ခုနှစ် ဇူလိုင် ၂၄ ရက်တွင် ဝန်ကြီးချုပ်တာဝန်ကို စတင်ထမ်းရွက်ခဲ့သည်။

 

လက်တွေ့တွင်ကြုံတွေ့ရသော အခက်အခဲများအရ ထပ်မံ၍ သက်တမ်းတိုးပေးခဲ့ရပြီး “ခွဲရေး” သဘောတူညီချက် တစ်ရပ်အတွက် ညှိနှိုင်းဆွေးနွေးမှုများကို လွန်ခဲ့သည့်နှစ် အောက်တိုဘာလ နှောင်းပိုင်းတွင် ပြုလုပ်ခဲ့သည်။

 

နောက်ဆုံးတွင် ယခုနှစ်၏ ဇန်နဝါရီလအတွင်း သဘောတူညီချက်ကို အတည်ပြု ပေးနိုင်ပြီဖြစ်ရာ ဇန်နဝါရီ ၃၁ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီမှအစပြု၍ ဗြိတိန်သည် ဥရောပသမဂ္ဂမှ တရားဝင် နုတ်ထွက်နိုင်ခဲ့ပြီဖြစ်သည်။

 

“ခွဲရေး” ကိစ္စအောင်မြင်သွားပြီဖြစ်ရာ ယခုအခါတွင် ဗြိတိန်နိုင်ငံ “ဘာလဲ၊ ဘယ်လဲ”ဟု ကမ္ဘာက ဆက်လက် စောင့်ကြည့်နေကြသည်။

 

ဗြိတိန်သည် ၂၀၂၀ ပြည့်နှစ် ကုန်ဆုံးချိန်အထိ “အသွင်ကူးပြောင်းရေးကာလ”တစ်ရပ်ကို ဖြတ်သန်းနေရချိန်အတွင်း အီးယူ၏ တစ်ခုတည်းသော ဈေးကွက်တွင် ဆက်လက် လှုပ်ရှားနေရပေဦးမည်။

 

“ခွဲရေး”လွန်ကာလ နှစ်ဖက်ကုန်သွယ်ရေး သဘောတူညီချက် ပေါ်ထွက်လာရေးအတွက် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်ရာတွင် အီးယူက အသာစီး ရပ်တည်ချက်ကို ကိုင်စွဲလျက် ဆွေးနွေးနိုင်ခွင့် ရှိမည်ဖြစ်ရာ သဘောတူညီချက် ရရှိရေးမှာ ခဲယဉ်းနိုင်ကြောင်း အိုင်ယာလန်ဝန်ကြီးချုပ် လီယိုဗာရက်ခါက ပြောကြားသည်။

 

သို့ရာတွင် ဝန်ကြီးချုပ် ဂျွန်ဆင်ကမူ အကောင်းဘက်မှ ရှုမြင်နေပြီး ဗြိတိန်အစိုးရ မျှော်မှန်းသော အချိန်ဇယား သတ်မှတ်ချက်နှင့်အညီ သဘောတူညီချက် တစ်ရပ်ရရှိလာ လိမ့်မည်ဟု ဆိုသည်။

 

ပုံစံပြောင်းလဲသွားမည်  

 

“ခွဲရေး”လွန်ကာလတွင် အီးယူနှင့် ဗြိတိန်တို့အကြား စီးပွားရေးနှင့် နိုင်ငံရေးတို့အရ ဆက်ဆံမှုများ ပုံစံပြောင်းလဲသွားမည်ဖြစ်ပြီး ဥရောပ၏ အားကောင်းမောင်းသန် နိုင်ငံကြီး ဗြိတိန်သည် အီးယူ၏ အဖွဲ့ဝင်နိုင်ငံအဖြစ် ရပ်တည်နေစဉ် ရရှိခံစားခဲ့ရသော “ကုန်သွယ်ရေးချောမွေ့မှု”ကို ပြန်လည်ရနိုင်ဖွယ်မရှိဟု သုံးသပ်ကြောင်း အီးယူခေါင်းဆောင်များက ပြောကြားခဲ့ကြသည်။

 

အီးယူမှ ဗြိတိန်နုတ်ထွက်ခြင်းဆိုင်ရာ စည်းမျဉ်း သတ်မှတ်ချက်များကို ဥရောပပါလီမန်တွင် ဇန်နဝါရီ ၂၉ ရက်က မဲခွဲဆုံးဖြတ်ခဲ့ကြရာ တစ်ခဲနက် ထောက်ခံမှု ရရှိခဲ့ကြသော်လည်း ဥရောပ၏ အစဉ်အလာ ကြီးမားသော အဖွဲ့အစည်းကြီးကို ယင်းနိုင်ငံ ကျောခိုင်းသွားခြင်းအတွက် ဝမ်းနည်းပက်လက်ဖြစ်ကာ မျက်ရည်လည်ရွဲဖြင့် ဝမ်းနည်းစကားဆိုသံများ၊ စိတ်လှုပ်ရှားဖွယ်ရာ မိန့်ခွန်းပြောကြားသံများက ဥရောပပါလီမန် ခန်းမအတွင်း သောသောညံ ခဲ့ကြ၏။

 

နောက်ခံအကြောင်းတရား အခြင်းအရာများအရ “ခွဲရေး” ဧကန်ဧက ဖြစ်ပေါ်လာခဲ့စေကာမူ ဗြိတိန်နိုင်ငံသည် နောင်တစ်နေ့တွင် ဥရောပသမဂ္ဂအတွင်းသို့ ပြန်လည် ဝင်ရောက်ကာ ဥရောပနိုင်ငံများနှင့် ပြန်လည်ပေါင်းစည်း ခွင့်ရရှိလာမည်ဟု မျှော်လင့်မိပါသည်ဆိုသော ဥရောပ ပါလီမန်ရှိ “တွဲရေး”လိုလားသော ဗြိတိသျှအမတ်များ၏ ပြောကြားချက်ကို ကျွန်ုပ်အလေးမူမိရင်း “မတတ်သာလို့ ခပ်ခွာခွာလေးနေရတော့မယ်”ဟု ကျူးရင့်မိပါသတည်း။

Ref: Tears, hugs and farewells: B

rexit provokes soul-searching in the heart of Brussels (CNBC)