ရန်ကုန်  ၂   ဖေဖော်ဝါရီ  

 

2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၆/၂၀၂၀) ကို ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် တက်ရောက်သည်။

 

အစည်းအဝေးတွင် တက်ရောက်လာကြသူများက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ မြန်မာနိုင်ငံသား ပညာသင် ၆၃ ဦးအနက် (၅၉)ဦးသည် ယနေ့နံနက် ၄ နာရီတွင် ဝူဟန်မြို့မှ မန္တလေးမြို့သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်းနှင့် ကျန်ရစ်ခဲ့သူများအနက် (၁)ဦးမှာ တရုတ်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် မညီညွတ်ခြင်းကြောင့် လည်းကောင်း၊ (၁) ဦးမှာ ပြည်နယ်ပြင်ပရောက်ရှိနေသောကြောင့်လည်းကောင်း၊ ကျန် (၂)ဦးမှာ ကိုယ်အပူချိန်မြင့်မားနေသဖြင့် ကျန်းမာရေးစောင့် ရှောက်မှုခံယူရန် လိုအပ်သောကြောင့်လည်းကောင်း လိုက်ပါလာနိုင်ခြင်းမရှိကြောင်း သတင်းရရှိမှု။

 

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည့် ကျောင်းသူ/ ကျောင်းသားများအား မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံတွင် သီးခြားထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စနစ်တကျ စောင့်ကြည့်မှု လုပ်ငန်းစဉ်များကို မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်မှ ဦးဆောင်၍ ဆောင်ရွက်နေမှု၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဇန်နဝါရီ ၃၁ ရက်တွင် ရောက်ရှိလာသော ကွမ်ကျိုးမြို့မှ ခရီးသည် (၁) ဦးအား ကိုယ်ပူချိန်အနည်းငယ်မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ တွေ့ရှိရသဖြင့် သီးခြားခန်း (isolation room) တွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ထားရှိရာ (ယနေ့နံနက်စစ်ဆေးချက်များအရ) လူနာ၏အခြေအနေမှာ တည်ငြိမ်ကောင်းမွန်နေမှု၊ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာများရယူ၍ မြန်မာနိုင်ငံတွင် စစ်ဆေးနိုင်သည်များကို စစ်ဆေးထားရှိမှု၊ အဆိုပါ လူနာတွင် 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ရှိ၊ မရှိ ကို အဆိုပါစစ်ဆေးမှု များပြုလုပ်နိုင်သော အတည်ပြုဓါတ်ခွဲစစ်ဆေးနိုင်ရေးအတွက် အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှတစ်ဆင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ညှိနှိုင်း၍ ဖေဖော်ဝါရီ ၁ တွင် ရည်ညွှန်းဓာတ်ခွဲခန်း (၁) ခုသို့ ပေးပို့ခဲ့မှု။

 

ယမန်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လာရောက်သော လေကြောင်းခရီးသည် တစ်ဦးကို ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိသော်လည်း စနစ်တကျစောင့်ကြပ်ကြည့်ရှု လျက်ရှိရာ (ယနေ့နံနက်စစ်ဆေးချက်များအရ) အဆိုပါ ခရီးသည်၏ ကျန်းမာရေးအခြေ အနေကောင်းမွန်နေမှု၊ အဆိုပါခရီးသည်နှင့်အတူ လိုက်ပါလာသော ခရီးသည်များအား သက်ဆိုင်ရာ တည်းခိုနေထိုင်ရာ ဟိုတယ်များ၌ အထူးသတိထား၍ စောင့်ကြပ်ကြည့်ရှုရန် နှင့် သံသယဖြစ်ဖွယ်လက္ခဏာများတွေ့ရှိပါက ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနသို့ ချက်ချင်းတယ်လီဖုန်းဖြင့် သတင်းပေးပို့ရန် ညွှန်ကြားထားရှိမှု။

 

သက်ဆိုင်ရာဟိုတယ်များသို့လည်း ဤရောဂါနှင့် ပတ်သက်၍ အချက်အလက်များ ကာကွယ်နိုင်သည့် နည်းလမ်းများကိုဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တစ်ဆင့်ဖြန့် ဝေပြီးစီးမှုအခြေအနေ၊ အပြည်ပြည်ဆိုင်ရာလေဆိပ် (၃) ခုနှင့် တိုင်းဒေသကြီး/ ပြည်နယ် (၄)ခုမှ မြို့နယ် (၁၀) မြို့နယ်ရှိ တရားဝင်နယ်စပ် ဝင်၊ ထွက်ပေါက် (၂၀) တွင် ဝင်ထွက်သွား လာနေမှုများအား ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းဆောင်ရွက်နေမှုများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန အသီးသီးမှ ပေးပို့လာသောဆောင်ရွက် နေမှုအခြေအနေနှင့် သတင်းပေးပို့နေမှုအခြေအနေများ၊  ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးတို့က ပူးပေါင်းပါဝင် ဆောင်ရွက်မည့်ကိစ္စများ။

 

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်ကျန်းမာရေးဌာနသို့ ဖေဖော်ဝါရီ ၁ ရက်တွင် ထပ်မံကွင်းဆင်းသွားရောက်၍ လုပ်ငန်းပံ့ပိုး ဆောင်ရွက်မှု၊ လေဆိပ်ကျန်းမာရေးဌာနတွင် အင်အား ဖြည့်တင်းလုပ်ဆောင်နေမှု၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်၊  တရုတ်ပြည်သူ့သမ္မနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှု ဆိုင်ရာ သုံးသပ်ချက်မှု၊ လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများစုဆောင်းထားရှိမှု၊ရရှိမှု၊ ခွဲဝေဖြန့်ဖြူး ထားမှုအခြေအနေများ၊ ကောလဟလသတင်းမှားများကိုအချိန်နှင့် တစ်ပြေးညီစနစ်တကျ ပြန်လည် အသိပေးရှင်းလင်းနိုင်ရေးစသည်တို့အပါအဝင် နောက်ဆုံးသတင်းအချက် အလက် များကို တင်ပြခြင်း၊ ဝေမျှခြင်းနှင့် ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်သည်။

 

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ယခုဖြစ်ပွားနေသော အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုနှုန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နေ့စဉ်ဆက်လက် မြင့်မားနေသည်ကို တွေ့ရှိရသည့်အတွက် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ “ပထမဦးစားပေးအရေးပေါ်” ကိစ္စရပ်အနေဖြင့် အထူးဂရုပြု၍ အားထုတ်ဆောင်ရွက်ရန်၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကျန်းမာရေးအသိပညာ ပေးနှိုးဆော်မှု လုပ်ငန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများကို အတိအကျ ဆောင်ရွက်ရန်ကိစ္စများကို ညွှန်ကြားထားပြီးဖြစ်သဖြင့် ၎င်းအတိုင်းဆောင်ရွက်မှုရှိ၊ မရှိကိုနေ့စဉ် သုံးသပ်ရန်၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနများ၊ အပြည်ပြည် ဆိုင်ရာလေဆိပ်များမှ ကျန်းမာရေးဌာနများ၊ နယ်စပ်ဝင်၊ ထွက်ပေါက် များမှ ကျန်းမာရေး တာဝန်ရှိသူများအနေဖြင့် နေ့စဉ် နံနက် (၁၀) နာရီထက် နောက်မကျ စေဘဲဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေးဌာနခွဲ (Central Epidemiological Unit) သို့ ပေးပို့ရန် ညွှန်ကြားထားပြီးဖြစ်သဖြင့် ညွှန်ကြားချက် အတိုင်းတိကျစွာလိုက်နာရန်၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ (CEU) အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ ပြန်လည်ရောက်ရှိလာပြီး သီးခြားထားရှိ စောင့်ကြပ်ကြည့်ရှုမှု ဆောင်ရွက်နေသည့် မြန်မာနိုင်ငံသားပညာသင်ဦး (၅၉)ဦး၏ ကျန်းမာရေးအခြေအနေ များကိုနေ့စဉ် (၂) ကြိမ် သတင်းရယူ၍ ပြည်ထောင်စုဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) သို့သတင်းပေးပို့ရန်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ (CEU) အနေဖြင့် နေ့စဉ် ဆက်သွယ်ရေးကွန်ရက် (တယ်လီဖုန်း၊ အင်တာနက်) ကိုအသုံးပြု၍ ဌာနတွင်းတိုင်ပင်ဆွေးနွေး ချိတ်ဆက်မှုများ၊ လုပ်ငန်းဆန်းစစ် သုံးသပ်မှုများဆောင်ရွက်ရန်။

 

ရောဂါဖြစ်ပွားမှုအခြေအနေများနှင့် လက်ရှိနောက်ဆုံးသတင်းအချက်အလက်များကို ပြုစု၍ ပြည်သူများ သိရှိရန်နေ့စဉ်၊ နံနက် (၁၀) နာရီမတိုင်မီထုတ်ပြန်ပေးရန်၊ နိုင်ငံတော်သမ္မတရုံးသို့ နေ့စဉ်သတင်းပေးပို့နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးထံသို့ မူဝါဒနှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာမှ တည်းဖြတ်ပေးရန်အတွက် အမြန်ဆုံးတင်ပြရန်၊ ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေးဌာနခွဲ (CEU) အနေဖြင့် ထူးခြားဖြစ်စဉ် သတင်းများကိုဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာမှ ပြည်သူများထံအချိန်နှင့် တစ်ပြေးညီထုတ်ပြန်ပေးရန်၊ ဤကိစ္စကို ဝန်ကြီးဌာန၏ eHealth ဌာနမှ တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီးရုံး နှင့် ဆက်သွယ်၍ ဆောင်ရွက်ရန်၊ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်း အပါအဝင် နှီးနွှယ်အဖွဲ့များသို့ ရောဂါဆိုင်ရာကျန်းမာရေးအသိပညာ အချက်အလက်များ၊ ပြည်သူများမှ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်နိုင်သည့် အချက်များကိုဖြန့်ဝေပေးအပ်ရန်၊ အခြေခံ ကျန်းမာရေး ဝန်ထမ်းပညာရှင်များနှင့် နှီးနွှယ်အဖွဲ့များအနေဖြင့် အဆိုပါ အချက်အလက်များကို ပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးရန်၊  အပြည်ပြည်ဆိုင်ရာလေဆိပ် (၃) ခုနှင့် တိုင်းဒေသကြီး/ ပြည်နယ် (၄)ခုမှ မြို့နယ် (၁၀) မြို့နယ်ရှိ ဝင်ထွက်သွားလာနေမှုများသည် အရေးကြီးသဖြင့် ဤကိစ္စကိုအမြဲတမ်း အတွင်းဝန်မှ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် မည်သို့ဆောင်ရွက်နေသည်ကို အမြန်ဆုံးသုံးသပ်၍  ယခုထက်ပိုမို ထိရောက်မြန်ဆန်စေရန် ဆွေးနွေးပြီးပြည်ထောင်စုဝန်ကြီးထံ အမြန်ဆုံး တင်ပြရန်၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် လွန်ခဲ့သော (၁၄) ရက်အတွင်းတရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ခရီးသွားရာဇဝင်ရှိသူများ ရှာဖွေစုံစမ်း၍ ရောဂါစောင့်ကြပ်ကြည့်ရှုရန်၊ လုပ်ငန်း များဆောင်ရွက်ရာတွင် ဝန်ကြီး ဌာနရှိဌာနပေါင်းစုံမှ ပါဝင်ဆောင်ရွက်ရန်နှင့် ယခုအချိန်သည် အရေးကြီးသောအချိန်ကာလ ဖြစ်သဖြင့် ရောဂါနှိမ်နင်းရေးသာမက ပြည်သူ့ကျန်းမာရေးဝန်ထမ်းများကိုပါ အားဖြည့် တာဝန်ချထားပြီးအားလုံး ညီညွတ်စွာဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ (CEU) သို့ အခြား ဌာနများမှ ဝင်ရောက် ပူးပေါင်းကာလုပ်ငန်းများ ဆောင်ရွက်ရန်၊ ဤရောဂါသည် လူစုလူဝေးများပြားသည့် ပွဲလမ်းသဘင်များတွင်ပိုမို ကူးစက် ပျံ့ပွားနိုင်သည်ဖြစ်၍ ပွဲလမ်းသဘင် များကိုယခုကာလအတွင်းတတ်နိုင်သမျှလျေှာ့ချခြင်းဖြင့် ရောဂါကူးစက်ပျံ့ပွားမှုများကို ကာကွယ်လျှော့ချနိုင်မည်ဖြစ်သည်ဆိုသည့် အချက်သည် အလေးအနက်ထားထည့်သွင်း စဉ်းစားရမည့် အချက်ဖြစ်ပါကြောင်း။

 

ယခုကဲ့သို့ နေ့စဉ်လုပ်ငန်းဆန်းစစ်သုံးသပ်မှု၊ ဆွေးနွေးတိုင်ပင် အကြံပြုမှုများ ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်)၊ ကပ်ရောဂါဗေဒဌာနမှ ပါဝင်ပြီးဖြစ်စဉ်အခြေအနေ အရပ်ရပ်ကို သုံးသပ်၍ ကပ်ရောဂါဗေဒရှုထောင့်မှ ဆွေးနွေးအကြံပြုချက်များ ပေးအပ်ရန်၊ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ ဆောက်လုပ်ဆဲ (၂) ထပ်လူနာ ဆောင်သစ်နှင့် (၃) ထပ်လူနာဆောင်သစ်များအမြန်ဆုံး ဆောက်လုပ်ပြီးစီး ရေးအတွက် စီစဉ်ဆောင်ရွက်ရန်နှင့် ဝန်ကြီးဌာနမှ လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်မည်ဖြစ်ပါကြောင်း။

 

2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသောအဆုတ်ရောင်ရောဂါ နှင့် ပတ်သက်၍ ဝန်ကြီးဌာနများပေါင်းစပ်ညှိနှိုင်းဆက်သွယ်ရေး ကော်မတီအစည်းအဝေးကို အပတ်စဉ်ပြုလုပ် ဆောင်ရွက်ရန်၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသောအဆုတ်ရောင်ရောဂါ သံသယလက္ခဏာ များတွေ့ရှိပါက မဖြစ်မနေသတင်းပေးပို့ရေး (mandatory reporting) အတွက် တည်ဆဲ ဥပဒေများနှင့် အညီဆောင်ရွက်သွားနိုင်ရေးကို ထည့်သွင်းစဉ်းစားရန်၊ အထက်ပါ ကိစ္စရပ်များ အားလုံးကိုထည့်သွင်းစဉ်းစားရန်နှင့် ယနေ့မိမိလမ်းညွှန် မှာကြားချက်များကို တိကျစွာ အမြန်ဆုံးဆောင်ရွက်ရန်ပြောကြားသည်။

 

အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားချုပ် (ပြည်သူ့ကျန်း မာရေး)၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိယ ညွှန်ကြားရေးမျူးချုပ် (ဓာတ်ခွဲ)၊ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ ကူးစက်ရောဂါကုသရေးဆိုင်ရာ ပါမောက္ခများ၊ အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာနနှင့် တာဝန်ရှိသူများတက်ရောက်သည်။

(သတင်းစဉ်)