ကျောက်ဖြူ ၃ ဖေဖော်ဝါရီ

 

ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာနှင့်အညီ ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ စခန်းများကို ပိတ်သိမ်းနိုင်ရန်နှင့် လက်ရှိဆောင်ရွက်မည့် ကျောက်ဖြူ၊ ကျောက်တစ်လုံး ယာယီခိုလှုံရာစခန်းကို အောင်မြင်စွာပိတ်သိမ်းနိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့သို့ ကွင်းဆင်းကြည့်ရှုညှိနှိုင်းခြင်းများ ဆောင်ရွက်ကြသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ UEHRD ကော်မတီဥက္ကဌ၏ အကြံပေးပုဂ္ဂိုလ် ဦးတိုးအောင်၊ UEHRD လုပ်ငန်းအဖွဲ့များမှ တိုင်းရင်းသား လုပ်ငန်းရှင်များနှင့် ပညာရှင်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ ပြည်နယ်အဆင့်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ကျောက်ဖြူမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ရိပ်သာခန်းမ၌ ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးက ကျောက်ဖြူဒေသ၏ အခြေအနေ၊ ကျောက်ဖြူ၊ ကျောက်တစ်လုံးယာယီခိုလှုံရာစခန်း၏ လက်ရှိအခြေအနေ၊ ပြန်လည်နေရာချထားရန် လျာထားသည့် မြေနေရာအနေအထားများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာစီမံမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာဖြစ်ပေါ်လာပုံနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍများ၊ အလေးထား ဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဖြူမြို့ရှိ၊ ကျောက်တစ်လုံး ယာယီခိုလှုံရာစခန်းသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ပြန်လည်နေရာချထားမည့် လျာထားမြေနေရာအခြေအနေ၊ ရေထုတ်ပြွန်(၂)လုံးနှင့် ရေငန်တား တာဘောင်ဆည်ဖို့ခြင်းလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တစ်လုံးယာယီခိုလှုံရာ စခန်းရှိ ကော်မတီအဖွဲ့ဝင်များ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် တွေ့ဆုံဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးကြိုးပမ်းလျက်ရှိပါကြောင်း၊  မိမိတို့နိုင်ငံ၏ နေရာတစ်နေရာတွင် မငြိမ်းချမ်း ပါက တစ်နိုင်ငံလုံးငြိမ်းချမ်းသည်ဟု မဆိုနိုင်ပါကြောင်း၊ တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ဆက်စပ်နေပါကြောင်း၊ မိမိတို့စတင်တာဝန်ယူစဉ်ကပင် ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်း၊ ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစသည့် လုပ်ငန်းကော်မတီ (၄) ခုဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ လုပ်ငန်းများကို အစိုးရတစ်ခုတည်းက ဆောင်ရွက်၍ မရနိုင်ပါသဖြင့် လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ပါကြောင်း၊ ၂၀၁၇ခုနှစ် သြဂုတ်လတွင်ဖြစ်ပွားခဲ့သော ကိစ္စများကြောင့် လုပ်ငန်းဆောင်ရွက်ချက်များတွင် နှောင့်နှေးမှုများ ကြုံတွေ့ခဲ့ရပါကြောင်း၊ ယာယီခိုလှုံရာစခန်းများသည် ယာယီသာဖြစ်သင့်ပြီး ကာလကြာရှည်ပါက ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကိုထိခိုက်မည်ဖြစ်ကြောင်း၊ မိမိတို့၏ ဆောင်ရွက်မှုများသည် ရေရှည်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုသဟဇာတဖြစ်ရေးကို ဦးတည်လျက်ရှိရာ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာများဖြင့် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယခုအခါ ပြည်တွင်းနေရပ်စွန့်ခွာ သူများ၏ စခန်းများကို ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာကို ဖော်ဆောင်ပြီးဖြစ်ရာ လုပ်ငန်းစဉ်များချမှတ်ပြီး အကောင်အထည်ဖော်နိုင်ရေးအတွက် အကောင်းဆုံးမျှော်မှန်း၍ ညှိနှိုင်းဆောင်ရွက်မှုများမှ ရရှိလာသည့် အကောင်းဆုံးအဖြေများကို လက်ခံပြီး ပူးပေါင်းဆောင်ရွက်ပေးကြ စေလိုကြောင်းနှင့် ဆောင်ရွက်ကြရာတွင် တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု က ကျောက်တစ်လုံး ယာယီခိုလှုံရာစခန်း အတွင်း၌ နေထိုင်လျက်ရှိကြသော ပြည်တွင်းနေရပ်စွန့်ခွာသူများအား  ပြန်လည်နေရာချထား ရေးနှင့်စခန်း ပိတ်သိမ်းရေးဆိုင်ရာလုပ်ငန်းများတွင် ညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ စခန်းရှိပြည်တွင်းနေရပ်စွန့်ခွာသူများက ပညာသင်ကြားရေး၊ စားဝတ်နေရေး၊ လွတ်လပ်စွာသွားလာခွင့်နှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တွေ့ကြုံရသည့် အခက်အခဲများ၊ ဖြည့်ဆည်းပေးလိုသည့် အချက်များကို ဆွေးနွေးပြောကြားကြရာ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ရိပ်သာခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ကျောက်ဖြူမြို့နယ်ရှိ ဒေသခံမြို့မိမြို့ဖများ၊ ကျောက်ဖြူ ကျောက်တစ်လုံး ယာယီစခန်းရှိ စခန်းတာဝန်ခံနှင့် ကိုယ်စားလှယ်များကို တွေ့ဆုံ၍ ပြန်လည်နေရာချထားရေးနှင့်ပတ်သက်၍ သဘောထားအမြင်များကို ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်းများ ပြုလုပ်ကြသည်။

 

ယင်းနောက် ကျောက်ဖြူမြို့နယ်ဒေသခံ မြို့မိမြို့ဖများက ကျောက်တစ်လုံးယာယီ ခိုလှုံရာစခန်းကို ပြန်လည်နေရာချထားပေးမည့် လျာထားမြေနေရာ အခြေအနေများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးက ပြန်လည် ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ကျောက်ဖြူ ကျောက်တစ်လုံးစခန်း၏ ပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍  ကျောက်ဖြူမြို့နယ်ဒေသခံ မြို့မိမြို့ဖများ၏ သဘောထားများ၊ စခန်းတာဝန်ခံနှင့် ကိုယ်စားလှယ်များ၏ ဆန္ဒသဘောထားများကို ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ (UEHRD) ကော်မတီ၏ ညှိနှိုင်းရေးမှူးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ဆွေးနွေးခဲ့ကြသည်။

 

 ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကျောက်တစ်လုံး IDP စခန်းရှိနေရပ်စွန့်ခွာ သူများကို ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အမျိုးသားအဆင့် မဟာဗျူဟာနှင့် အညီဆောင်ရွက်နိုင်ရန် ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်