မောင်သာ(ရှေးဟောင်းသုတေသန)
မြန်မာရာဇဝင်ကျမ်းများတွင် တကောင်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဖောင်ဖြင့် အမျှောခံခဲ့ကြရသည့် မျက်မမြင်ညီနောင်နှစ်ပါးကို ဘီလူးမက မျက်စိမြင်စေရန် စတင်ကုသသည့် နေရာအဖြစ် ထင်ရှားသည့် စကုသည် မကွေးတိုင်းဒေသကြီးအတွင်း မင်းဘူးမြို့မှ အနောက်မြောက်ဘက် ၁၁ မိုင်အကွာတွင် တည်ရှိသည်။ မျက်စိ စတင်ကုသသည့် နေရာသည် စကု၊ မျက်စိ စတင်လင်းသည့် နေရာသည် စလင်းဟုဆိုကြသော်လည်း ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာလျှင် စလင်းပြီးမှ စကုသို့ရောက်ရှိသဖြင့် ယင်းနေရာနှစ်ခုသည် အထက်အောက် ပြောင်းပြန်ဖြစ်နေကာ ရာဇဝင်စကားသည် စဉ်းစားဖွယ်ဖြစ်နေပေသည်။
သမိုင်းထဲမှ မင်းဘူးနှင့် စကု
မင်းဘူးမြို့သည် အနောက်ရိုးမတွင် မြစ်ဖျားခံကာ စီးဆင်းလာသည့် မန်းချောင်းနှင့် ဧရာဝတီမြစ်တို့ ပူးပေါင်း သည့် နေရာတွင်ရှိသဖြင့် မန်းပူး၊ မင်းပူးမှ ပြောင်းလဲလာခဲ့ သည်ဟု ဆိုကြသည်။ အချို့ကလည်း မမင်းပူးဘုရားကို အစွဲပြု၍ မင်းဘူးဟု အမည်တွင်ခဲ့သည်ဟု ဆိုသည်။
ဆရာတော် မင်းဘူးဦးဩဘာသ၏ တေမိယဇာတ် တော် နိဂုံးအရ မင်းဘူးမြို့နေရာတွင် မိုးညှင်းမင်းတရားနှင့် ရှင်ဘို့မယ်တို့ ပေါင်းဆုံခဲ့ကာ မင်းပူးဟု အမည်တွင်ခဲ့ပြီး “မိုးညှင်းဘို့မယ်၊ မင်းနှစ်သွယ်၊ ဖူးလှယ်ဂဟေ၊ ဆုံကွန်း ဗွေ” ဟု မှတ်သားအပ်ကြောင်း စာရေးဆရာ လက်ဝဲမင်းညို (ဦးချမ်းသာ)က ရေးသားခဲ့သည်။
မင်းဘူးမြို့သည် ရန်ကုန်မြို့မှ ရေကြောင်းအတိုင်း ၃၇၆ မိုင်ကွာဝေးလျက် မကွေးမြို့နှင့် မင်းဘူးမြို့ကို ဧရာဝတီမြစ်က ပိုင်းခြားထားပြီး မင်းဘူးမြို့မှ စက္ကိန်းတဲ စေတီနှင့် မကွေးမြို့မှ မြသလွန်စေတီတို့သည် မြစ်တစ် ဖက်ကမ်းစီ၌ မျက်နှာချင်းဆိုင် တည်ရှိနေကြသည်။
ဂေါတမ ဘုရားရှင်လက်ထက်က ဝါဏိစ္စဂါမဟု အမည်တွင်ခဲ့သည့် ယခု ပွင့်ဖြူမြို့နယ် သစ်တော်ရွာမှ ကုန်သည်ညီနောင် နှစ်ဦးအနက် မဟာပုဏ္ဏသည် ရဟန်းပြု၍ စကုမြို့ လက်ရှိ ထေရ်ကြီးဘုရား နေရာဖြစ် သည့် မာတုလာဂီရအရပ်၌ တရားအားထုတ်ခဲ့သည်။ ယင်းနေရာတွင် ကျေးငှက်သာရကာများ ပျော်မြူးကြ သဖြင့် ပါဠိဘာသာဖြင့် သကုနဟု ခေါ်ဆိုခဲ့ရာမှ ကာလ ရွေ့လျောလာချိန်တွင် သကု ၊ စကု ဟု အမည်တွင်ခဲ့သည် ဟု ယူဆကြသည်။
မြန်မာ့စွယ်စုံကျမ်း၌ ဖော်ပြထားချက်များအရ မြန်မာမင်းများလက်ထက်တွင် စကုကို စကုမြို့ဝန်က အုပ်ချုပ်ခဲ့ကာ မြို့ဝန်၊ မြို့သူကြီးများသည် စကုဒေသတွင် မြန်မာမှုလက်ရာ သစ်သားဘုန်းကြီးကျောင်းများကို တည် ဆောက်ခဲ့ကြသည်။ စကုဒေသ၏ အဓိကလုပ်ငန်းသည် လယ်ယာစိုက်ပျိုးရေးဖြစ်ကာ မန်းချောင်းမှရေကို ဆည်များဖြင့် သွင်း၍စိုက်ပျိုးကြသည်။ စကုနယ်မှ ထွက်သည့်စပါးသည် စကုဗြတ်ဟု ထင်ရှားကာ “စပါးမှာ စကုဗြတ်၊ မယားမှာတစ်ခုလပ်”ဟု ဆိုရိုးစကားရှိခဲ့သည်။
မြန်မာနိုင်ငံကို အင်္ဂလိပ်တို့သိမ်းပိုက်ခဲ့ပြီး ၁၈၈၆ ခုနှစ်တွင် စကု၌ ခရိုင်ရုံးစိုက်ခဲ့သည်။ သို့သော် တော်လှန် ရေးကောင်စီ အစိုးရလက်ထက် (၁၉၆၂ ခုနှစ်)တွင် ခရိုင်ရုံးများကို မင်းဘူးသို့ ပြောင်းရွှေ့၍ စကု၌ မြို့နယ်ရုံး များ စိုက်ခဲ့သည်။ ၁၉၇၂ ခုနှစ် ဩဂုတ်လ ၇ ရက်တွင် အုပ်ချုပ်ပုံစနစ်ပြောင်းလဲ သတ်မှတ်ချက်အရ ခရိုင်အဆင့် မရှိတော့သဖြင့် စကုမှမြို့နယ်ရုံးများကို မင်းဘူးသို့ပြောင်း ရွှေ့ဖွင့်လှစ်ခဲ့သည်။ ၁၉၇၃ ခုနှစ် မတ်လ ၃၁ ရက်တွင် မင်းဘူး(စကု)မြို့နယ်ကို မြို့နှစ်ခု (မင်းဘူးနှင့်စကု)၊ ရပ်ကွက် ခုနစ်ခု၊ ကျေးရွာအုပ်စု ၈၇ အုပ်စု၊ ကျေးရွာ ၁၅၀ ဖြင့် ဖွဲ့စည်းခဲ့သည်။
ဧရိယာ ၆၄၂ ဒသမ ၇၁ စတုရန်းမိုင်ကျယ်ဝန်းသည့် မင်းဘူး(စကု)မြို့နယ်သည် အရှေ့မှ အနောက်သို့ ၄၆ မိုင် နှင့် တောင်မှ မြောက်သို့ ၄၂ မိုင်ရှည်လျားကာ အရှေ့ဘက် တွင် ဧရာဝတီမြစ်ခြားလျက် မကွေးမြို့နယ်၊ အနောက် ဘက်တွင် ငဖဲမြို့နယ်၊ တောင်ဘက်တွင် မင်းလှမြို့နယ်၊ မြောက်ဘက်တွင် ပွင့်ဖြူမြို့နယ်တို့နှင့် နယ်နိမိတ်ထိ စပ်နေသည်။ တောင်ကုန်းတောင်တန်းများ ပေါများသည့် မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်သည် မြောက်မှ တောင်သို့လည်းကောင်း၊ ဆားပွက်ချောင်းနှင့် မန်းချောင်း သည် အနောက်မှ အရှေ့သို့လည်းကောင်း စီးဆင်းနေကြ သည်။
မင်းဘူး(စကု)မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင် အထက် ၁၆၄ ပေမြင့်၍ ပူပြင်းခြောက်သွေ့သော မိုးနည်း ရပ်ဝန်းဒေသ ဖြစ်သော်လည်း ၂၀၁၇ ခုနှစ်တွင် မိုးရေချိန် ၄၈ ဒသမ ၅၄ လက်မ ရွာသွန်းခဲ့သည်။ မြို့နယ်၏ ငါးနှစ် အတွင်း အနိမ့်ဆုံးအပူချိန်သည် ၆ ဒသမ ၅ စင်တီဂရိတ် ဖြစ်၍ အမြင့်ဆုံးအပူချိန်သည် ၄၈ ဒသမ ၅၄ စင်တီဂရိတ် ဖြစ်သည်။
၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် မင်းဘူး(စကု)မြို့နယ်၏ လူဦးရေသည် ၁၉၂၂၉၅ ဦးဖြစ်၍ ဗမာလူမျိုး များက ၉၉ ရာခိုင်နှုန်း ( ၁၈၀၄၉၇ ) ဦး ဖြစ်ကာ ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းများအရ လက်ရှိ အချိန်တွင် မင်းဘူး(စကု)မြို့နယ်တွင် ဘုရား ၊ စေတီ ၂၁၀၊ ဘုန်းကြီးကျောင်း ၂၂၉ ကျောင်းရှိသည့်အနက် စကုမြို့ ဝန်းကျင်၌ ဘုရားစေတီ ၁၄၄ ဆူတည်ရှိသည်။ မင်းဘူး (စကု)မြို့နယ်ရှိ မန်းရွှေစက်တော်၊ ရှင်ပင်စက္ကိန်းတဲနှင့် ဓာတ်တော်ကုန်းစေတီတို့နှင့်အတူ စကုမြို့ရှိ ထေရ်ကြီး ဘုရားသည် အထူးထင်ရှားသည့် ရှေးဟောင်း သာသနိက အဆောက်အဦတစ်ခု ဖြစ်ပေသည်။
မင်းဘူးမြို့ အမှတ် (၁) ရပ်ကွက်ရှိ ဦးဩဘာသ ပိဋကတ်တိုက်နှင့် စကုမြို့အမှတ် (၁) ရပ်ကွက်ရှိ မှန်ကင်း ရုပ်စုံကျောင်းနှင့် ပိဋကတ်တိုက်ကို သမိုင်းဝင်ထင်ရှား သော အဆောက်အအုံများအဖြစ် မင်းဘူးမြို့နယ် ဒေသဆိုင်ရာ အချက်အလက်များမှတ်တမ်းတွင် ဖော်ပြ ထားသည်။
သုတေသီအချို့၏ လေ့လာသုတေသနပြုချက်များ အရ စကုဒေသတွင် ပျူယဉ်ကျေးမှု အထောက်အထား အချို့ကို တွေ့ရှိခဲ့သဖြင့် စကုသည် ပျူခေတ်ကပင် တည်ရှိ ခဲ့ကြောင်း ယူဆမှုများရှိခဲ့သည်။ လက်ရှိအချိန်တွင် စကု ဒေသ၌ လက်စင်းရာပါသည့် အုတ်များဖြင့် ဆောက်လုပ်ခဲ့ သည့် အဆောက်အအုံပန္နက်ဟောင်းများနှင့် ရှေးဟောင်း အဆောက်အအုံများကို တွေ့ရှိရပြီး မြန်မာမှု သစ်သား ဘုန်းကြီးကျောင်းများလည်း ကျန်ရှိနေသည်။
ရှေးဟောင်းဘုန်းကြီးကျောင်းများ
မြန်မာနိုင်ငံ နေရာဒေသအသီးသီး၌ အုတ် သို့မဟုတ် သစ်သားဘုန်းကြီးကျောင်းများကို တည်ဆောက်ခဲ့ကြရာ ဘုရင်နှင့် တော်ဝင်မိသားစုများ၊ သူဌေးသူကြွယ်များ တည်ဆောက်ခဲ့သည့်ကျောင်းနှင့် သာသနိကအဆောက် အဦများသည် မန္တလေး၊ အင်းဝ၊ စစ်ကိုင်း၊ စလေ၊ စလင်း၊ မြိုင် အစရှိသည့် မြို့နယ်များတွင် အများဆုံးကျန်ရှိ နေသည်။
ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီးစာအုပ်တွင် ဖော်ပြထားချက်များအရ အလောင်းမင်းတရား ဦးအောင်ဇေယျ၊ နောင်တော်ကြီး၊ မြေဒူးမင်း၊ ဗဒုံမင်း၊ စစ်ကိုင်းမင်း၊ သာယာဝတီမင်း၊ ပုဂံမင်း၊ မင်းတုန်းမင်းနှင့် သီပေါမင်းတို့သည် ဘုန်းတော်ကြီးကျောင်းများကို တည်ဆောက်လှူဒါန်းခဲ့ကြသည်။ မြန်မာ့ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းအများစုကို မြန်မာ့ဗိသုကာဟန်ဖြင့် သာ တည်ဆောက်ခဲ့သော်လည်း သာကဝန်ကျောင်းနှင့်ယောအတွင်းဝန်ကျောင်းကဲ့သို့ အနောက်တိုင်းနှင့် မြန်မာဟန်ရောနှော တည်ဆောက်ထားသည့် ကျောင်းများ လည်း အနည်းငယ်ရှိခဲ့သည်။
ယေဘုယျအားဖြင့် မြန်မာဘုန်းတော်ကြီးကျောင်း များကို ပြာသာဒ်ဆောင်၊ စနုဆောင်၊ ဆောင်မကြီးနှင့် ဘောဂဆောင်တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ခဲ့ကြသည်။
ဘုန်းတော်ကြီးကျောင်း၏ ရှေ့ဘက်ဆုံး(ခေါင်းရင်း ဘက်) တွင်ရှိသည့် ပြာသာဒ်ဆောင်ကို ပြာသာဒ် ငါးဆင့်၊ ခုနစ်ဆင့်၊ ကိုးဆင့်ထားလေ့ရှိရာတွင် ခုနစ်ဆင့်က အများ ဆုံးဖြစ်သည်။ ပြာသာဒ်ဆောင်၏ အရှေ့ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်တို့တွင် ဘုရင်၊ မိဖုရားနှင့် ဆရာတော်များသာ အတက်အဆင်း ပြုကြရသည့် လှေကားတစ်ခုစီကို တပ်ဆင်ထားလေ့ရှိသည်။
ပြာသာဒ်ဆောင်တွင် ဘုရားပလ္လင်နှင့် ဗုဒ္ဓဆင်းတု တော် ထားရှိသည်။ ပြာသာဒ်ဆောင်နှင့် ဆောင်မကြီး၌ ကျောင်းထိုင်ဘုန်းကြီး သီတင်းသုံးနေထိုင်၍ ယင်း အဆောင်နှစ်ခုကို ဆက်ထားသည့် စနုဆောင်တွင် ကျောင်းထိုင်ဘုန်းကြီးက အာဂန္တုဧည့်သည် ရဟန်း သံဃာများကို ဧည့်ခံတွေ့ဆုံသည်။
ဘုန်းတော်ကြီးကျောင်း၏ အဓိကအဆောင်ဖြစ်သည့် ဆောင်မကြီးကို နှစ်ထပ်လည်ပေါ် တည်ဆောက်ထားလျှင် ထားဝယ်ဆောင်၊ သုံးထပ်သို့မဟုတ် လေးထပ်လည်ပေါ် တည်ဆောက်ထားလျှင် ဇေတဝန်ဆောင်ဟု ခေါ်ဆိုကြပြီး ဆောင်မကြီး၏ လည်ပေါ်ကို ငါးထပ်ဆောက်လေ့ မရှိချေ။ ဆောင်မကြီး၏ ဘေးပတ်လည်တွင် အပြင်သို့ ထုတ်ထား သော အမိုး(စမြင်)ရှိကာ နှစ်ထပ် စမြင်ခံကျောင်း၊ သုံးထပ် စမြင်ခံကျောင်းဟု ခေါ်ဆိုမှုများလည်း ရှိသည်။
ဆောင်မကြီးအလယ်တွင် မာရဘင်(ကြမ်းပြင်မှ အမိုး အထိ ပိတ်ဆီးထားသော အကာအရံ) ကန့်၍ အရှေ့နှင့် အနောက်ပိုင်းခြားကာ အရှေ့မာရဘင်ဆောင်၊ အနောက် မာရဘင်ဆောင်ဟု ခေါ်ဆိုသည်။ မာရဘင်ဆောင်များ၌ နေ့ဘက်တွင် လူပရိသတ်များကို ဧည့်ခံ၍ ညပိုင်းတွင် ရဟန်းသံဃာများ ကျိန်းစက်သည်။ အချို့ ဘုန်းကြီး ကျောင်းများတွင် အရှေ့မာရဘင်၌ ဥပုသ်စောင့် တရားနာ သူများနားခိုကြကာ အနောက်မာရဘင်ဆောင်၌ သက်ကြီး ဝါကြီး ဆရာတော်များ သီတင်းသုံးသည်။ မာရဘင်တွင် အရှေ့ဆောင်နှင့် အနောက်ဆောင်ကူးရန် အပေါက် နှစ်ပေါက်ဖောက်ထားသည်။
မာရဘင်၏ ရှေ့ခန်းတွင် တံကဲပါရှိသော ပလ္လင်ကို ထားရှိပြီး နောက်ခန်းတွင် တံကဲမပါသော ပလ္လင်ကို ထားရှိသည်။ ဆောင်မကြီး၏ ဝဲယာနှစ်ဖက်တွင် ရဟန်း သံဃာများနှင့် အမျိုးသားများတက်ဆင်းရန် လှေကား နှစ်ခုနှင့် အမျိုးသမီးများတက်ဆင်းရန် လှေကားနှစ်ခုတပ် ဆင်သည်။ မြန်မာဘုန်းကြီးကျောင်းများတွင် ထုထည် ကြီးမား၍ လှပသော သရက်ကင်းအုတ် လှေကားများကို မြင်တွေ့ကြရသည်။
ဘုန်းကြီးကျောင်း၏ အနောက်ဘက်ဆုံးရှိ ဘောဂ ဆောင်ကို ဆောင်မကြီး၏ ကြမ်းခင်းအောက်သို့ အနည်း ငယ် နှိမ့်ထားသည်။ ဘောဂဆောင်တွင် အခန်းသုံးခန်းပါရှိ ၍ ဘေးဘက်တစ်ခန်းတွင် ပန်းကန်ခွက်ယောက်များထား၍ ကျန်ဘေးခန်းတွင် သစ်သီးဝလံများနှင့် စားသောက်ဖွယ်ရာ များကို သိမ်းဆည်းပြီး အလယ်ခန်း၌ ကိုရင်များနေကြ သည်။
အချို့ ဘုန်းကြီးကျောင်းများတွင် ယင်းအဆောင် လေးဆောင်အပြင် ကျောင်းတွင်တိုးလာသည့် သံဃာများ နေထိုင်ရန် ခုံးဆောင်တစ်ခုကို ဆောင်မကြီးရှေ့၌ဖြစ်စေ၊ ဆောင်မကြီးနှင့် ဘောဂဆောင်ကြား၌ဖြစ်စေ၊ ဆောင်မ ကြီးနှင့်စနုဆောင်ကြား၌ဖြစ်စေ သင့်လျော်သည့် နေရာ တစ်ခုခု၌ ဆောက်လုပ်သည်။ ခုံးဆောင်သည် မြေစိုက် အဆောင် မဟုတ်ချေ။ ကုန်းဘောင်ခေတ်နှောင်းနှင့် ကိုလိုနီခေတ်ဦးပိုင်း ဘုန်းကြီးကျောင်းအချို့တွင် ဆောင်မ ကြီးနှင့် ဘောဂဆောင်အကြား၌ ဘောဂစနု ဆောင်အမည် ဖြင့် အဆောင်ကူးတစ်ခုကို တည်ဆောက်ခဲ့ကြရာ ယင်းပုံစံ ကို မန္တလေးမြို့ရှိ ရွှေအင်ပင်ဘုန်းတော်ကြီးကျောင်းတွင် မြင်တွေ့နိုင်ကြသည်။
စကု သစ်သား ဘုန်းကြီးကျောင်းများ
စကုမြို့တွင်ရှိသည့် ထင်ရှားသော သစ်သားကျောင်း များအနက် ပထမတိုက်သုံးထပ်ကျောင်းနှင့် မှန်ကင်း ရုပ်စုံကျောင်းတို့သည် အထူးထင်ရှားကြသည်။ ထို့အတူ ပွင့်ဖြူမြို့နယ်အတွင်းရှိ လယ်ကိုင်းရုပ်စုံကျောင်းသည် စကုမြို့အနီးတွင် တည်ရှိကာ စကုမြို့မှ အလွယ်တကူ သွားရောက်နိုင်ပေသည်။ စကုမြို့သို့ ရောက်ရှိခိုက် မိမိတို့ အဖွဲ့အား ဒေသခံသုတေသီ ဦးမျိုးဇော်ဦးက သစ်သားဘုန်း ကြီးကျောင်းများသို့ လိုက်လံပို့ဆောင်ပြသခဲ့ပါသည်။
စကုမြို့ရှိ မူလပထမတိုက် သုံးထပ်ကျောင်းကို ၁၉၂၀ ပြည့်နှစ်နှောင်းပိုင်းတွင် သူကောင်းမျိုးနွယ်ဦးသိုက်နှင့် သားဖြစ်သူတို့က တည်ဆောက်ခဲ့ပြီး ၁၉၇၀ ပြည့်နှစ်တွင် ပြန်လည်မွမ်းမံပြင်ဆင်ကာ တစ်ခန်းလျှော့၍ ပြန်လည် ဆောက်လုပ်ခဲ့သည်။ စကုမြို့ ပထမတိုက် သုံးထပ်ကျောင်း မှတ်တမ်းကို ဥယျာဉ်ဇင်ကျောင်းပုရပိုက်တွင် ၁၂၆၆ ခုနှစ် နယုန်လပြည့်ကျော် ၆ ရက် ကြာသပတေးနေ့ နံနက် ၅ နာရီ ၇ မိနစ်တွင် ပန္နက်တင်၍ ညနေ လေးနာရီ မိနစ် ၃၀ တွင် စကုမြို့၊ အရှေ့ရပ် ကျောင်းဒကာ ဝန်မင်းကြီး သားမြို့ အုပ်မင်း၊ မြို့အုပ်ကတော် မရိုး၊ သမီး မဝက် တို့ ကုသိုလ်တော် ပထမတိုက် သုံးထပ်ကျောင်းတော်ကြီး ကို စိုက်ထူတော်မူသည်ဟု ရေးသားခဲ့သည်။
လက်ရှိမြင်တွေ့ကြရသည့် ပထမတိုက်သုံးထပ် ကျောင်းကို ကျွန်းတိုင် ၁၁၅ လုံးဖြင့် ပြုပြင်တည်ဆောက် ထားကာ အလျား ၁၁၁ ဒသမ ၅ ပေ၊ အနံ ၅၂ ဒသမ ၄၉ ပေရှိ၍ ပြာသာဒ်ဆောင်၊ စနုဆောင်နှင့် ဆောင်မကြီးတို့ ပါဝင်သည်။ ပြာသာဒ်ဆောင်ပေါ်တွင် ဘုံခုနစ်ဆင့် ပြာသာဒ်နှင့် စနုဆောင်ပေါ်တွင် ဘုံနှစ်ဆင့် ပြာသာဒ်တင် ထားပြီး ကျောင်းပေါ်သို့ တောင်ဘက် လှေကားမှ တက် ရောက် နိုင်ကြသည်။
ကျောင်းအောက်ထပ် နံရံလေးဖက်ကို အုတ်ဖြင့် တည်ဆောက်လျက် အပေါ်ထပ်ကို သစ်သားများဖြင့် ဆောက်လုပ်ကာ အပေါ်ထပ် လေးဖက်ပတ်လည်တွင် ဝရန်တာထုတ်ထားသဖြင့် ကျောင်းပတ်လည်ကို လှည့် ပတ်ကြည့်ရှုနိုင်သည်။ ဝရန်တာ ပတ်လည်လက်ရန်း များကို ပန်းကနုတ်များဖြင့် မွမ်းမံထားကာ အရှေ့ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်မျက်နှာစာရှိ တိုင်ထောင့် များတွင် ဝိဓူရ ဇာတ်တော်လာ ဇာတ်ကွက်ရုပ်တုများကို လက်ရာမြောက်စွာ ထုလုပ်ထားသည်။ မြောက်ဘက် ဝရန်တာ လက်ရန်းတွင် ယင်းအချိန်က လူနေမှုဘ၀ သရုပ်ဖော်ပုံများဖြစ်သည့် အိုးစည်တီးနေပုံ၊ တံမြက်စည်း လှည်းကျင်းနေပုံ စသည်တို့ကို မြင်တွေ့ကြရပေသည်။
စကုမြို့ရှိ မှန်ကင်းရုပ်စုံကျောင်းကို ၁၈၆၆ ခုနှစ်တွင် ဒေါ်ငြိမ်းကောင်းက ကျွန်းတိုင် ၁၃၆ လုံးကို အင်္ဂတေ အုတ်ဖိနပ်များခံ၍ စိုက်ထူတည်ဆောက်ခဲ့ရာ အလျား ၁၃၁ ပေ၊ အနံ ၆၅ ပေခွဲ ရှိသည်။ ရုပ်စုံကျောင်းကို ပြာသာဒ်ဆောင်၊ စနုဆောင်နှင့် ဆောင်မကြီးတို့ဖြင့် ဖွဲ့စည်းထားသည်။ စနုဆောင်တစ်ဖက်တစ်ချက်တွင် ပစ္စည်းများသိုလှောင်သိမ်းဆည်းရန် ရည်ရွယ်ခဲ့ဟန် ရှိသည့် ဝဲဆောင်နှင့် ယာဆောင်ဟုခေါ်သည့် အဆောင်ပို တစ်ခုစီကို ထည့်သွင်းတည်ဆောက်ခဲ့သည်။
ကျောင်းပေါ်သို့တက်ရန် မြောက်ဘက်တွင် အုတ် လှေကားနှစ်ခုနှင့် တောင်ဘက်တွင် အုတ်လှေကား တစ်ခုရှိကာ ဆောင်မကြီးတွင် ကိန္နရာရုပ်များထွင်းထုထား သည့် တံခါးရွက်များကို တပ်ဆင်ထားသည်။ ကျောင်းတိုင် များကို သဲကျောက်ဖုံးများဖြင့် အုပ်ထားပြီး ကျောင်း၏ လက်ရန်းပတ်လည်တွင် ဗုဒ္ဓဝင် ဇာတ်ကွက် သစ်သားရုပ် များသာမက ကုန်းဘောင်ခေတ် လူနေမှုဘဝ သရုပ် ဖော်များကိုပါ ထုလုပ်တပ်ဆင်ခဲ့သည်။
မှန်ကင်းရုပ်စုံကျောင်း အနောက်မြောက်ဘက်တွင် စူဠပဒုမ ဇာတ်တော်မှ ဇာတ်ကွက်များကို ထုလုပ်ထားပြီး အရှေ့တောင်ထောင့်တွင် ဥဒေနဇာတ်တော်မှ ဇာတ်ကွက် နှင့် မြောက်ဘက်တွင် မမယ်ဥ ဇာတ်ကွက်များကို ထုလုပ် ထားသည်။ ထို့အတူ နဂါးရုပ်၊ ဘီလူးရုပ်၊ ဝန်ကြီး၊ စစ်သူ ကြီး၊ ရသေ့စသည့် အရုပ်များကို ထည့်သွင်းထုလုပ်ခဲ့ သည်။
စကုမြို့အနီးရှိ မြန်မာနိုင်ငံ၏ ထင်ရှားသော ရုပ်စုံ ကျောင်းတစ်ခုဖြစ်သည့် လယ်ကိုင်းရုပ်စုံကျောင်းကို ၁၈၉၁ ခုနှစ်ဝန်းကျင်က ကူနီသူကြီးသား ဖြစ်သူ ဦးအန်တော်နီက တည်ဆောက်ခဲ့သည်။ ဦးအန်တော်နီနှင့် သားဖြစ်သူတို့ သည် ယင်းနေရာတစ်ဝိုက်တွင် ဘုန်းကြီးကျောင်း ငါးကျောင်း ဆောက်လုပ်လှူဒါန်းခဲ့ကြသည်။
ဦးအန်တော်နီသည် လယ်ကိုင်းရုပ်စုံကျောင်းကို ငွေဒင်္ဂါး ၁၇ တောင်းခွဲ အကုန်အကျခံကာ တည်ဆောက်ခဲ့ သည်။ ကျောင်းဆောက်လုပ်မည့် အလုပ်သမားများ နေထိုင်စားသောက်ရန် အလှူရှင်ကပင် တာဝန်ယူခဲ့ပြီး ဦးအန်တော်နီနှင့် ဆွေမျိုးတော်စပ်သူ ကနီသူကြီးက ကျောင်းတည်ဆောက်မည့် ကျွန်းသစ်လုံးများ သယ်ဆောင် ရန် ဆင်များကို အခမဲ့ကူညီခဲ့သည်။
လယ်ကိုင်းရုပ်စုံကျောင်းကို ကျွန်းသစ်လုံး ၂၁၄ လုံး ဖြင့် တည်ဆောက်ခဲ့ကာ ကျောင်းတွင် အလှဆင်မည့် ပန်းပုရုပ်များ ထုလုပ်ရန် မန္တလေးမြို့မှ ဆရာမှန်ကြီးနှင့် ပန်းပုပညာရှင် ၂၀ ကို ငှားရမ်းခဲ့သည်။ ရုပ်စုံကျောင်းကို ပြာသာဒ်ဆောင်၊ စနုဆောင်၊ ဆောင်မကြီးနှင့် ဘောဂ ဆောင်တို့ဖြင့် မြန်မာဘုန်းတော်ကြီးကျောင်း အင်္ဂါပြည့်စုံ စွာ တည်ဆောက်ခဲ့ပြီး လှေကားရှစ်စင်း တပ်ဆင်ခဲ့သည်။ ယခုအခါတွင် ပြာသာဒ်ဆောင်နှင့် စနုဆောင်တို့ ပြိုကျ ပျက်စီးနေကာ ဆောင်မကြီးနှင့် ဘောဂဆောင်တို့ကိုသာ မြင်တွေ့ကြရပေသည်။
ရုပ်စုံကျောင်း ပတ်လည်၌ ဗုဒ္ဓဝင်ဖြစ်တော်စဉ်ကို မယ်တော် မာယာ အိပ်မက်မက်မြင်ခန်းမှ ဘုရားပွင့်တော် မူခန်းအထိ ရုပ်တုများကို မြောက်ဘက်မှ တောင်ဘက်သို့ တိုင်အစဉ်အတိုင်း တပ်ဆင်ခဲ့သည်။ ရုပ်တုတစ်ခုစီ၏ အောက်တွင် ဇာတ်ကွက် အမည်များအား ရေးထွင်းထား သည့် သစ်သားပြားများကို တပ်ဆင်ထားသည်။ ကျောင်း ပေါ်တွင် မံဘုရား တစ်ဆူကို ယနေ့တိုင် ဖူးတွေ့ကြရသည်။ ကျောင်း အလှူရှင် ဦးအန်တော်နီနှင့် ဆွေမျိုးများ၏ အုတ်ဂူများသည် ကျောင်း၏ အနောက်ဘက် လယ်ကွင်း စပ်တွင် ယနေ့တိုင် တည်ရှိနေသော်လည်း ဂူများပတ် လည်၌ ချုံနွယ်များ ထူထပ်စွာ ပေါက်ရောက်နေသဖြင့် သွားရောက်နိုင်ခဲ့ခြင်း မရှိပါချေ။
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ရှိနေသည့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအနက် မင်းဘူး(စကု) မြို့နယ်ရှိ မြန်မာမှုလက်ရာသစ်သား ဘုန်းတော်ကြီးကျောင်းများသည် ထိန်းသိမ်းမှု အားနည်းမှု များကြောင့် ပျက်စီးယိုယွင်းမှုများ ရှိလာခဲ့ပေသည်။ သို့သော် မြန်မာမှု ဗိသုကာပညာကို အခြေတည်လျက် ရုပ်လုံးရုပ်ကြွ များဖြင့် အလှဆင်ထားသည့် ယင်းကျောင်းများကို ရေရှည်ထိန်းသိမ်းထားနိုင်သည်နှင့်အမျှ မြန်မာတို့၏ အနု လက်ရာများကို ပြည်တွင်းပြည်ပမှ လာရောက် ကြသူများ အား ဂုဏ်ယူဖွယ်ပြသထားနိုင်မည် ဖြစ်ပေသည်။ ။
ကိုးကား
မင်းဘူး(စကု)မြို့နယ် ဒေသဆိုင်ရာ
အချက်အလက်များ
မြန်မာမှု အဆင်တန်ဆာနှင့် ဘုန်းတော်ကြီး
ကျောင်းများ(မောင်ယဉ်လှိုင်း၊ ပျဉ်းမမြိုင်)
Splendour in Wood (Sylvia Fraser Lu)