၂၀၂၀ နှစ်သစ် ပထမသုံးရက်တာကာလ၏ ဒုတိယနေ့တွင် သွားရောက်လည်ပတ်ရန် ရွေးချယ်ခဲ့သော နေရာမှာ ကျိုတိုမြို့၏ အကျော်ကြားဆုံး နတ်ကွန်းတစ်ခုဖြစ်သော ဖူရှီမိအီနားရိနတ်ကွန်း ဖြစ်ပါသည်။
ဖူရှီမိအီနားရိနတ်ကွန်း
ဖူရှီမိအီနားရိရှင်တိုနတ်ကွန်းသည် ဂျပန် နိုင်ငံတွင် အထင်ရှားဆုံး နတ်ကွန်းများထဲမှ တစ်ခုဖြစ်ပြီး နတ်ကွန်းအတွင်း၌ လိမ္မော်ရောင် နတ်ကွန်းအဝင်ဂိတ်တိုင်များ (torri) ထောင်နှင့်ချီရှိသဖြင့် ကျိုတိုသို့လာရောက်ကြသူများ မဖြစ်မနေ သွားရောက်ကြသည့် နတ်ကွန်းတစ်ခု ဖြစ်သည်။ အဆိုပါ တစ်ခု နှင့်တစ်ခု ပူးကပ်တည်ရှိနေသော နတ်ကွန်း အဝင်ဂိတ်များသည် အရွယ်အစားပေါင်းစုံရှိကာ နတ်ကွန်းအတွင်းပိုင်းအစမှ နတ်ကွန်းတည်ရှိသည့် အထွတ်အမြတ်ထားရာ အီနားရိတောင် (Mount Inari) ထိပ်ထိတိုင် တောင်တက်တောလမ်းများတစ်လျှောက် ကွန်ရက်ကြီးသဖွယ် ချိတ်ဆက်ရောက်ရှိသည်။ နတ်ကွန်း၏ တရားဝင်ဝက်ဘ်ဆိုက် အဆိုအရ နတ်ကွန်းနှင့်ချိတ်ဆက်နေသော တောင်ပေါ်လမ်းများတွင် လိမ္မော်ရောင် နတ်ကွန်းဂိတ် ၁၀ဝ၀ဝ နီးပါးခန့်ရှိသည်ဟု သိရပြီး အဆိုပါနတ်ကွန်းတိုင်များတွင် တစ်ဦးချင်း သို့မဟုတ် ကုမ္ပဏီအလှူရှင် အမည်များ ရေးထိုးထားသည်။ တိုင်တစ်တိုင်လျှင် အကြီး၊ အသေးအရွယ်အစားကိုလိုက်၍ ယန်း ၄၀ဝ၀ဝ၀ မှ သန်းဂဏန်းအထိ တန်ကြေးရှိသည်ဟု သိရသည်။
ဖူရှီမိအီနားရိ နတ်ကွန်းတစ်ခုလုံး၏ ပရိဝုဏ်သည် စကွဲယားမီတာ ၈၇၀ဝ၀ဝ (၉၃၆၄၆၀၂ စကွဲယားပေ) ကျယ်ဝန်းပြီး ဖူရှီမိသည် နတ်ကွန်းရှိရာ အရပ်ဒေသကို ကိုယ်စားပြုပြီး အီနားရိ (Inari) သည် ဆန် စပါးကို ကိုယ်စားပြုသည်ကို သိရသည်။ သို့ဖြစ်ရာ ဖူရှီမိအီနားရိရှင်တိုနတ်ကွန်းတွင် ပူဇော်ကိုးကွယ်သည့် နတ်မင်းမှာ စားနပ်ရိက္ခာ ဖူလုံပြည့်စုံမှုနှင့် ဆန်ရေစပါးပေါကြွယ်ဝမှုကို ဆောင်ကြဉ်းပေးသည့် အီနားရိနတ်မင်း (Inari Okami/ Shinto god of rice) ဖြစ်သည်ဟု သိရသည်။ နတ်ကွန်းတွင် ‘ဘဝ တွင် ပျော်ရွှင်ခြင်း၊ ချမ်းသာကြွယ်ဝခြင်းတို့ဖြင့် နေထိုင်နိုင်အောင် ကျွန်ုပ်တို့အား ကျွေးမွေး သော၊ ဆင်ယင်သော၊ နေရာထိုင်ခင်းပေးသော၊ ကာကွယ်စောင့်ရှောက်သော နတ်မင်း’၊ ‘ဘဝ တွင် ပျော်ရွှင်ခြင်း၊ ချမ်းသာကြွယ်ဝခြင်းတို့ဖြင့် နေထိုင်နိုင်အောင် ဘုရင်မင်းမြတ်မှသည် သာမန်ပြည်သူများအထိ စောင့်ရှောက်ပေး သောနတ်မင်း’ဟု ရေးသားဖော်ပြထားသည်။ နတ်ကွန်း နေရာအတော်များများတွင် မြေခွေးရုပ်များလည်းရှိပြီး အဆိုပါ မြေခွေး (byakkosa) များသည် အီနားရိနတ်မင်း၏ အထောက်တော်၊ ဆက်သားများအဖြစ် ကိုယ်စားပြုသည်ဟု သိရသည်။ ဂျပန်နိုင်ငံ တစ်ဝန်းတွင် အီနားရိနတ်ကွန်းများ ၃၀ဝ၀ဝ ခန့်ရှိပြီး ဖူရှီမိအီနားရိနတ်ကွန်းသည် အဆိုပါ ဆန်စပါးကိုယ်စားပြု နတ်ကွန်းများ၏ မိခင် နတ်ကွန်းဖြစ်သည်ဟု ဆိုပါသည်။ ရှေးယခင်က နတ်ကွန်းတွင် ကောက်ပဲသီးနှံ ဆန်ရေစပါး အထွက်တိုးစေရန်နှင့် မိုးလေဝသမှန်ကန်စေရန် အဓိကထားဆုတောင်းကြသော်လည်း ယနေ့ခေတ်တွင်မူ စီးပွားရေးကောင်းမွန်စေရန်၊ မိသားစုဘဝ လုံခြုံချောမွေ့မှုရှိစေရန်၊ ယာဉ် ကားအန္တရာယ် ကင်းရှင်းစေရန်၊ အနုပညာလုပ်ငန်းများ တိုးတက်အောင်မြင် စေရန်စသဖြင့် ဆုတောင်းကြသည်ဟု နတ်ကွန်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထား သည်။
ဖူရှီမိအီနားရိနတ်ကွန်း၏ သမိုင်းသည် များစွာရှည်လျားပြီး မြို့တော်ကို ကျိုတိုသို့ ပြောင်းရွှေ့သည့် ၇၉၄ ခုနှစ်ဝန်းကျင်နှင့် ထိုမတိုင်မီအစပြုသည်ဟု သမိုင်းမှတ်တမ်းများကဆိုသည်။ နတ်ကွန်းသမိုင်းကို ရေးသားဖော်ပြရပါလျှင် မြန်မာနိုင်ငံမှ နတ်သမိုင်းများကဲ့သို့ပင် ရိုးရာဒဏ္ဍာရီများဖြင့် ရှည်လျား ရှုပ်ထွေးလှမည် ဖြစ်သည်။ သမိုင်းမှတ်တမ်းများအရ နတ်ကွန်းသည် မီးဘေး၊ လက်နက်ဘေး တို့ကြောင့် ပျက်စီးခဲ့ရပြီး ၁၄၉၉ ခုနှစ်တွင် နတ်ကွန်းအဆောက်အဦအား ပြန်လည် တည်ဆောက်ခဲ့သည်။ ၁၅၈၉ ခုနှစ်တွင် ပင်မ နတ်ကွန်းအဝင်ဂိတ်အား တည်ဆောက်ခဲ့ပြီး ၁၆၉၄ ခုနှစ်တွင် တစ်ဖန် နတ်ကွန်းအဆောက် အဦအား ထပ်မံပြန်လည်တည်ဆောက်ခဲ့သည်။ ၁၈၇၁ ခုနှစ်တွင် ဂျပန်မဲဂျီအစိုးရက နတ်ကွန်းအား မဟာနတ်ကွန်းကြီးအဖြစ်လည်းကောင်း၊ ၁၉၀၉ ခုနှစ်တွင် နတ်ကွန်းပင်မဝတ်ပြုဆောင် အား အမျိုးသားအမွေအနှစ်အဖြစ် လည်းကောင်း သတ်မှတ်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် အီနားရိ နတ်မင်း (Inari Okami) အီနားရိတောင် (Mount Inari) တွင် စတင်ရောက်ရှိနေထိုင်ခြင်း နှစ် ၁၂၅၀ ပြည့် အခမ်းအနားများ ကျင်းပခဲ့သည်။ ၁၄၉၉ ခုနှစ်မှ ၁၉၉၉ ခုနှစ်ထိ နတ်ကွန်း အဆောက်အဦ ပြန်လည်တည်ဆောက်ခဲ့ခြင်း နှစ် ၅၀ဝ ပြည့် အခမ်းအနားကို ကျင်းပခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် နတ်ကွန်းစတင် တည်ထောင်ခြင်း ၁၃၀ဝ ပြည့် အခမ်းအနားများ ကျင်းပခဲ့သည်။
နတ်ကွန်းသို့လာရောက်ကြသော နိုင်ငံခြား သားအများစုသည် နတ်ကွန်းနှင့်ဆက်စပ် တည်ရှိနေသော အီနားရိတောင် တောင်တက် လမ်းများအား စိတ်ဝင်စားကြပြီး တောင်အစ၊ အဆုံး တက်မည်ဆိုပါက အသွား၊ အပြန် နှစ်နာရီမှ သုံးနာရီဝန်းကျင်ကြာမြင့်သည်ဟု သိရသည်။ တောင်တက်လမ်း တစ်လျှောက်တွင် သေးငယ်သော နတ်ကွန်းများနှင့် သက်ဆိုင်ရာ နတ်ကွန်းတိုင်များကို တွေ့ရမည်ဖြစ်သည်။ တောင်ထိပ်ရောက်ခါနီးလေ ဂိတ်တိုင်များ တွေ့ရနည်းလေဖြစ်ပြီး တောင်တစ်ဝက်နေရာ (Yotsutsuji intersection) တွင် ကျိုတိုမြို့ တစ်ခွင်အား တောင်တန်းများ နောက်ခံဖြင့် မြင်ကွင်းကျယ်ရှုမြင်ရမည်ဖြစ်သည်။ နတ်ကွန်း တည်ရှိရာ ကျိုတိုမြို့ ဖူရှီမိဧရိယာတစ်ဝိုက် ထင်ရှားလူသိများသော အစားအစာများမှာ အီနားရိဆူရှီ (Inari Sushi) နှင့် ခိဆူနဲခေါက်ဆွဲ (Kitsune Udon) တို့ ဖြစ်ကြသည်။

ကိုယ်တွေ့ ဖူရှီမိအီနားရိနတ်ကွန်း
မွန်းတည့် ၁၂ နာရီခန့်တွင် အဆောင်မှ ဖူရှီမိနတ်ကွန်းသို့ မသွားမီ အဆောင်အနီး ငါး မိနစ်သာသာလမ်းလျှောက်ရသည့် နာမည်ကြီး နတ်ကွန်းတစ်ခုဖြစ်သော ဟေရန်နတ်ကွန်း (Heian Shrine) ဆီ ခဏဝင်လေ့လာခဲ့သည်။ နတ်ကွန်းမဝင်မီကတည်းက အဝင်လမ်းဘေး ဘယ်၊ ညာမှာ လမ်းဘေးစားသောက်ဆိုင်များ အစီအရီဖွင့်ထားပြီး လူများလည်း ပြည့်ကျပ်နေ ပါသည်။ မကြာခဏရောက်နေသည့် နတ်ကွန်းအတွင်း ခဏတစ်ဖြုတ်ဝင်ကြည့်ရာ အတွင်း၌ အင်မတန်ကျယ်ပြောလှသည့် ရင်ပြင်ကြီးထဲမှာ လူများ နေရာအနှံ့တွေ့ရပါသည်။ အပြင်တွင် လည်း များပြားလှသည့်လူများ ဟေရန် နတ်ကွန်းအတွင်းကို အဆက်မပြတ်ဝင်လာနေဆဲ ဖြစ်ပါသည်။ ကိုယ်တကယ်သွားမည့် နတ်ကွန်းက ဖူရှီမိအီနားရိနတ်ကွန်းဖြစ်တာကြောင့် ဟေရန်နတ်ကွန်းမှာ ခဏတစ်ဖြုတ် လေ့လာပြီး ဟိဂါရှီယာမဘူတာရုံဆီ ထွက်လာခဲ့ပါသည်။ လမ်းမှာ မက်ဒေါ်နယ်စားသောက် ဆိုင်မှာ နေ့လယ်စာဝင်စားရန် စိတ်ကူးသော် လည်း ဖူရှီမိနတ်ကွန်းဘက်မှာ တို့ဟူးဖြင့် လုပ်သည့် အီနားရိဆူရှီ နာမည်ကြီးသည် ဆိုသည်နှင့် ဆူရှီကြိုက်သောစာရေးသူ အဲဒီ ရောက်မှ နေ့လယ်စာ အီနားရိဆူရှီဖြင့် စားမည် ဆိုပြီး ဆက်ထွက်လာခဲ့ပါသည်။ ဖူရှီမိနတ်ကွန်း ဆီ သွားရမည့်လမ်းကြောင်းက နည်းနည်း ရှုပ်ထွေးခြင်းကြောင့် ဘူတာရုံ၌ နည်းနည်းမေးရပါသည်။ နောက်ဆုံးနတ်ကွန်းကို ရထားနှစ်ဆင့် ပြောင်းစီးပြီး ရောက်သွားပါသည်။
နတ်ကွန်းအနားရှိ JR Inari Station ရောက်သည်နှင့် ဘူတာအနီးမှာ လူအများအပြားသည် နတ်ကွန်းရှိရာဘက်ဆီ ဦးတည်သွားလာနေကြပါသည်။ လူအုပ်ကြီးကို ကြည့်ပြီး နည်းနည်းတောင် လန့်သွားမိပါသည်။ လူများက နတ်ကွန်းရှိရာဆီ ရထားအသွားအလာရှိသည့် သံလမ်းပေါ်မှ ဖြတ်သွားရသည်မို့ လမ်းတစ်လျှောက် ယူနီဖောင်းဝတ်တာဝန်ရှိ သူများက အထူးဂရုတစိုက် ကားလမ်း၊ ရထားလမ်းများကို ရှင်းလင်းနေသည်ကိုတွေ့ရပါသည်။ စာရေးသူလည်း ဗိုက်ဆာသည်နှင့် လူအဝင်၊ အထွက်များသည့် စားသောက်ဆိုင် တစ်ဆိုင်ဝင်ပြီး ဂျပန်ရိုးရာ ခေါက်ဆွဲကြော်တစ်ပွဲ (Kyoto Curry Stir- Fried Rice Noodle) နှင့် ကြက်ကြော်တစ်ပွဲမှာလိုက်သည်။ တစ်ပွဲယန်း ၅၀ဝ စီ ပေးရသည်။ ဆူရှီက တစ်လိပ်ကို ယန်း ၁၅ဝ နှင့် သုံးလိပ်ဆိုတော့ ယန်း ၄၅၀ ကျသင့် ပါသည်။ ခေါက်ဆွဲကြော်က နည်းနည်းလေးပဲရပြီး ကြက်ကြော်က အများကြီးရသည်။ အီနားရိ ဆူရှီဆိုသည်မှာ ပုံမှန်က ဆူရှီမှာ ငါးအဓိက အသုံးပြုပေမယ့် ၎င်းအီနားရိဆူရှီမှာတော့ တို့ဟူးကို အသုံးပြုထားပါသည်။ ထို့ကြောင့် ဈေးလည်း သက်သာသည်၊ စားကြည့်တော့ ချိုသည်၊ လတ်ဆတ်သည်၊ စားကောင်းပါသည်။ သို့သော် ငါးဆူရှီလောက် မကြိုက်လှ။ တို့ဟူး ဆူရှီ၊ ကြက်ကြော်နှင့် ခေါက်ဆွဲကြော်စားပြီးတော့ နတ်ကွန်းဆီဝင်ဖို့ အသင့်ဖြစ်နေပါပြီ။
ဆိုင်အပြင် ပြန်ထွက်၊ အပြင်ကလူအုပ်ကြီးနှင့် ရောနှောလိုက်ပါသွားရင်း လိမ္မော်ရောင် နတ်ကွန်းအဝင်ဂိတ်ဆီ ရောက်သွားပါသည်။ အဝင်ဂိတ်နှစ်ဂိတ်လောက်ကို ကျော်ပြီးနောက် ကြီးမားလှသော နှစ်ထပ်အဝင် မုခ်ဦးကြီး (two-storied gate) ကို တွေ့ရပါသည်။ မုခ်ဦးမှဝင်ဝင်ချင်း ဝတ်ပြုဆောင် (worship hall)၊ အဆို၊ အကဆောင် (hall of Shinto music and dance)၊ လက်ဖက်ရည်ပွဲဆောင် (tea ceremony room) စသဖြင့် တွေ့ရပြီး ဝတ်ပြုဆောင်အနောက်တွင် ပင်မနတ်ကွန်း (ပင်မဝတ်ပြုဆောင်)ကြီး (Main Shrine) တည်ရှိပါသည်။
ပင်မနတ်ကွန်းဝတ်ပြုဆောင်တွင် လူများကြိတ်ကြိတ်တိုး ဆုတောင်းဝတ်ပြုရန်တန်းစီ စောင့်နေကြပါသည်။ ကိုယ့်အလှည့်ရောက်ပြီဆိုလျှင် ရှင်တိုရိုးရာထုံးစံ အလှူခံပုံးမှာ အလှူငွေ အကြွစေ့ထည့်၊ ဦးနှစ်ကြိမ်ဦးညွှတ်၊ လက်ခုပ်နှစ်ချက်တီး (မိမိရောက်ရှိနေကြောင်း နတ်မင်းများအား အသိပေး)၊ ထို့နောက် လက်အုပ်ချီဆုတောင်း၊ နောက်တစ်ကြိမ် ဦးညွှတ်ပြီး ဆုတောင်းဝတ်ပြုခြင်း ပြီးဆုံးပါသည်။ ပင်မနတ်ကွန်းအတွင်း အဆောင်ထဲ မှာလည်း လူ ၁၀ဝ နီးပါးရှိပြီး သူတို့ကို ကျောပေးပြီး အပေါ်စင်မြင့်မှာ ရိုးရာနတ်ကွန်း ဝတ်စုံအပြည့်ဖြင့် နတ်ကွန်းအကြီးအကဲ နှစ်ဦးက ရွတ်ဖတ်ပူဇော်ခြင်းများ ပြုလုပ်နေသည်ကို တွေ့ရသည်။ အတွင်းမှာက လူအကန့်အသတ် ဖြင့်ဝင်ရသည်မို့ အပြင်မှလူများ အဆောင် အတွင်းကို ဝင်ရန် တန်းစီစောင့်နေသည်ကို လည်းတွေ့ရပြီး အင်္ဂလိပ်လို နိုင်ငံခြားသားများ အတွင်းသို့ ဝင်ခွင့်မပြုဟု ရေးထားသည်ကို တွေ့ရပါသည်။ နတ်ကွန်းတစ်နေရာတွင် ကြီးမားလှသော မြင်းဖြူရုပ်တုကြီး (white horse statue) ကို မှန်ခန်းတစ်ခုအတွင်းထားရှိသည်ကို တွေ့ရပြီး ၎င်းမြင်းကြီးသည် နတ်ကွန်းသမိုင်းနှင့် ပတ်သက်နေကြောင်းလည်း သိရပါသည်။
ပင်မနတ်ကွန်းကိုကျော်ပြီး ဆက်ထွက် လာသည်နှင့် အမြင့်ပိုင်းရောက်လာပါသည်။ လှေကားထစ်အချို့ တက်ရသည်။ နောက်ပြီး နတ်ကွန်းနှင့်ပတ်သက်လျှင် အောက်ခြေတိုင်မှာ အမည်းရောင် ခါးပတ်သဘောမျိုး သုတ်လိမ်းထားသည့် လိမ္မော်ရောင်နတ်ကွန်း အဝင်ဂိတ်များကို အရွယ်အစား အမျိုးမျိုး ရာထောင်ချီပြီး မဆုံးနိုင်အောင် မြင်တွေ့ရပါသည်။ ယင်းဂိတ် အစုအဝေးကြီးကို Senbon Torii (Thousands of red torii gates) လို့ သုံးနှုန်းကြပါသည်။ ယင်းနတ်ကွန်းဂိတ်များ အတိုင်း သွားမည်ဆိုလျှင် တဖြည်းဖြည်းနှင့် တောင်ထိပ်အထိ ရောက်သွားမည်ဖြစ်ပြီး တောင်ထိပ်မှ တောင်အဆင်း နတ်ကွန်းတိုင်များ အတိုင်း ‘ဂ’ ပုံသဏ္ဌာန်ကွေ့၍ တစ်ဖက်မှ တောင်အောက်ကို ပြန်လှည့်ဆင်းလာရမည် ဖြစ်သည်။ တောင်တက်၊ တောင်ဆင်း လမ်းတစ်လျှောက်တွင် ကံကောင်းစေသည် ဆိုသည့် ထင်းရှူးပင် (Good-luck pine trees) အများအပြားကိုလည်း တွေ့ရမည် ဖြစ်သည်။ ယင်းဂိတ်တိုင်များအကြား လူအုပ်ကြီးနှင့် အတော်လျှောက်ပြီးနောက် ဆက်မလျှောက်တော့ဘဲ ဘေးမှ သဘာဝ မြေသားတောလမ်းလေးအတိုင်း ဆက်တက်ပါသည်။ ထိုတောင်တက်လမ်း တစ်လျှောက်တွင် နတ်ကွန်းအသေးစားလေးများတွေ့ရပြီး ဘေးတစ်ဖက်တစ်ချက်မှာလည်း မကြာခဏ ဆိုသလို ကြီးမားလှသော ဝါးတောကြီးများ တွေ့ရပါသည်။ တောထဲတွင် မျောက်များကို တွေ့လျှင် မစရန်နှင့် ရန်ပြုတတ်သည့် အကြောင်းလည်း သတိပေးစာများ ချိတ်ဆွဲထားပါသည်။ စာရေးသူရောက်ရှိချိန်တွင် တောင်ပေါ်တောလမ်းအတိုင်း တက်သည့်သူ အများစုက အနောက်နိုင်ငံသားများဖြစ်သည်ကိုလည်း သတိပြုမိပါသည်။ စာရေးသူလည်း မိနစ် ၂၀ လောက် တောင်တက်လမ်းအတိုင်း တက်ပြီးနောက် ဆက်မတက်တော့ဘဲ တောလမ်းအတိုင်း ပြန်ဆင်းလာပါသည်။ ဘေးတစ်ဖက်တစ်ချက်တွင် အတန်ငယ် နက်ရှိုင်းသည့် လျှိုများ၊ ချောက်များ တွေ့ပါသည်။ နတ်ကွန်းဘက်ပြန်ရောက်လျှင် အနီးဝန်းကျင် ခဏလေ့လာ၊ နတ်ကွန်းအတွင်း ပြုမူလှုပ်ရှားနေကြသည့် ဂျပန်နှစ်သစ်ရိုးရာ အစဉ်အလာများအား ကြည့်ရှု၊ မြေခွေးရုပ်တုများနှင့် အခြားနတ်ကွန်းအဆောင်အယောင်များကို ဓာတ်ပုံရိုက်ပြီး နတ်ကွန်းထဲမှ ပြန်ထွက်လာခဲ့ပါသည်။
ဖူရှီမိအီနားရိနတ်ကွန်းသို့ သွားရောက်လိုပါက လိပ်စာမှာ 68 Fukakusa Yabunouchi-cho, Fushimi-ku, Kyoto City 612-0882 ဖြစ်ပြီး အနီးဆုံးဘူတာများမှာ JR Inari Station (JR Nara Line) နှင့် Fushimi-inari Station (Keihan Main Line) တို့ ဖြစ်ပါသည်။ နတ်ကွန်းနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များ ပိုမိုသိရှိလိုပါက http://inari.jp/en/ တွင် ဝင်ရောက် ဖတ်ရူလေ့လာနိုင်ပါသည်။ ။
အောင်အောင် IR