နေပြည်တော် ၁၂ ဇန်နဝါရီ

အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်းရေး တွေ့ဆုံညှိနှိုင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ကနောင်ခန်းမ၌ ကျင်းပရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌများ၊ လှိုင်သာယာမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့ဆွေးနွေးပွဲသည် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်ရာတွင် အခြေခံကျသည့်အဖွဲ့ဖြစ်သော အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ကို စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် ဖွဲ့စည်းနိုင်ရေးရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားရေးရာ ဥပဒေများ ပြင်ဆင်ရေးဆွဲခြင်းလုပ်ငန်းစဉ်ကို ဦးစားပေး ဆောင်ရွက်လျက်ရှိသည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်၊  လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ တည်ဆဲအလုပ်သမားရေးရာ ဥပဒေများနှင့်အညီ အလုပ်သမားများ၏ ရပိုင်ခွင့်များ ခံစားခွင့်ရရှိရေး၊ လုပ်ငန်းခွင် အေးချမ်းသာယာရေးတို့အတွက် အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေတွင် အလုပ်သမား ၃၀ ဦးနှင့်အထက် အလုပ်လုပ်ကိုင်နေသော လုပ်ငန်းဌာနများတွင် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ကို အလုပ်ရှင်က ဥပဒေနှင့်အညီ ဖွဲ့စည်းရန်နှင့် အလုပ်သမားဘက်ကဖြစ်စေ၊ အလုပ်ရှင်ဘက်ကဖြစ်စေ မိမိတို့၏ နစ်နာချက်ကို အဆိုပါဖွဲ့စည်းထားသည့် ညှိနှိုင်းရေးကော်မတီသို့ တိုင်ကြား၍ ဆွေးနွေးညှိနှိုင်းရန် ပြဋ္ဌာန်းထားပါကြောင်း၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) သည် အလုပ်ရှင်နှင့် အလုပ်သမားအကြား ဖြစ်ပွားလာနိုင်သည့် အငြင်းပွားမှုများ၊ ပဋိပက္ခများကို လျော့နည်းစေနိုင်သည်သာမက နှစ်ဦးနှစ်ဖက်အကြား မိမိတို့၏ လိုလားချက်များကို ကနဦးဆွေးနွေးညှိနှိုင်းခြင်းဖြင့် အငြင်းပွားမှုများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ပြီး ပြေငြိမ်းမှုရရှိစေရေး အခြေခံကျသော အဖွဲ့ဖြစ်သည့်အတွက် WCC ကို မဖြစ်မနေ ဖွဲ့စည်းနိုင်ရေး တွန်းအားပေးသည့်အနေဖြင့် လာရောက်ဆွေးနွေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထိုနောက် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်းနိုင်ရေးအတွက် တွေ့ကြုံနိုင်သည့် အခက်အခဲများကို အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များက အကြံပြုဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန်ရှိ Mr. Chung Fook Pui ပိုင်ဆိုင်သော Bogard Lingerie (Yangon) Ltd. ၏ Bogard Lingerie Myanmar Training Center ၌ မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့၏ အထည်ချုပ်လုပ်သား အလုပ်အကိုင် (Garment Sewing Machine Operator) (Level-1) အတွက် လုပ်သား(၅၀)ဦးအား ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ် ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

(သတင်းစဉ်)

 

mdn