၁၇ ဇွန်
ပြည်တွင်းသတင်းမီဒီယာအဖွဲ့သည် ဇွန် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် မောင်တောဒေသတွင် သတင်းရယူစဉ်အတွင်း ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိနေသည့် လှေစီးဒုက္ခသည်များနှင့် စပ်လျဉ်းပြီး စခန်းတွင်ရောက်ရှိနေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ရေးသားတင်ပြလိုက်ပါသည်။
မေး။ လက်ခံရေးစခန်းမှာရောက်နေတဲ့ လှေစီးဒုက္ခသည်တွေကို ဘယ်လိုပြန်လည် နေရာချထားသွားမလဲ။ လှေစီးဒုက္ခသည်တွေထဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေလည်း ပါနေတယ်ဆိုတော့ ဘယ်လို ဆောင်ရွက်သွားမလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ ဇွန်(၁၁)ရက်နေ့ကနေစပြီး ဒီဘက်ကမ်းခြေကိုရောက်ရှိလာတဲ့ လှေစီးဒုက္ခသည် (၁၀၄)ဦးကို သက်ဆိုင်ရာတာဝန်ရှိသူတွေက စိစစ်ဖို့ ငါးခူရလက်ခံရေးစခန်းကို ခေါ်ဆောင်လာတယ်။ ဒီမှာ စောင့်ရှောက်ထားပြီး တာဝန်ရှိတဲ့ ဌာနဆိုင်ရာတွေက စစ်ဆေးမေးမြန်းမှုတွေလုပ်တယ်။ သူတို့ ဘယ်ကလာကြသလဲဆိုတာ မေးမြန်းတယ်။ မေးမြန်းတဲ့အခါကျတော့ ဟိုဘက်ကလာတယ်။ လာတဲ့အခါ သူတို့လှေပျက်လို့ ဒီဘက်ကမ်းရောက်လာတယ်။ အဲဒီထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁၂)ယောက်ရယ် ဘူးသီးတောင်၊ မောင်တောဒေသမှာ ယခင်တုန်းကနေခဲ့တဲ့ အစ္စလာမ်ဘာသာဝင် (၉၂)ယောက် အားလုံးစုစုပေါင်း (၁၀၄)ဦး ရောက်ရှိလာတယ်။ စိစစ်တဲ့အခါ ၁၂ ဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားလို့ ပြောတယ်။ စစ်တွေမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ဆီ ကျွန်တော်တို့ဆီက လူဝင်မှုကြီးကြပ်ရေး ညွန်ကြားရေးမှူးနဲ့ ဖုန်းဆက်တယ်။ ဖုန်းဆက်ပြီး ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၂ ဦးကို ဖုန်းနဲ့ စကားပြောခိုင်းလိုက်တယ်။ စကားပြောတဲ့အခါကျတော့ လေယူလေသိမ်းကတော့ ဘင်္ဂလားဒေ့ရှ် လေယူလေသိမ်း။ အသံသိပ်မသဲကွဲဘူး။ စကားပြောရတာအားမရဘူး။ သေချာအောင် ၁၇ ရက်နေ့နဲ့ ၁၇ ရက်နောက်ပိုင်းကို လာပြီးအင်တာဗျူးမယ်လို့ ကောင်စစ်ဝန်က ပြောတယ်။ သူတို့ဆီမှာလည်း ဘင်္ဂလားဒေ့ရှ် IT ကတ်တွေရှိတယ်ပြောတယ်။ တွေ့ဆုံပြီးတာနဲ့ သူတို့နိုင်ငံသားဆိုရင် နှစ်နိုင်ငံလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်မယ်။
(၉၂)ဦးကိုလည်း စိစစ်နေပါတယ်။ သူတို့မှာက ရည်ရွယ်ချက်အမျိုးမျိုးရှိကြတယ်။ တချို့ကလည်း ဒီဘက်ကိုလာဖို့ လှေပေါ်တက်လာတယ်လို့လဲ ပြောတဲ့သူရှိတယ်။ တချို့ကလဲ မလေးရှားသွားမယ်ဆိုပြီး ပြောတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၂ ဦးကတော့ မလေးရှားသွား အလုပ်လုပ်ဖို့လို့ပြောတယ်။ လှေသမားတွေကို ကြိုတင်ငွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ငွေ နှစ်သောင်းကို မလေးရောက်ရင် ပေးရမယ်ဆိုတာတွေ ပြောပြတယ်။ အားလုံးပေါင်း ဘင်္ဂလားဒေ့ရှ်ငွေ ၂ သိန်းလောက် အကုန်ခံပြီးသွားရတဲ့ သဘောရှိကြတယ်။ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ သွားကြပေမယ့်လည်း တချို့က ဒီဘက်ကိုပြန်လာချင်လို့ လှေပေါ်တက်လာတယ် ပြောတယ်။ တချို့ကလည်း သူတို့ယောကျာ်းတွေ ဟိုဘက်မှာရှိလို့ သွားတယ်ပြောတယ်။ ယောကျာ်းလေး တွေကလည်း မလေးကိုသွားမယ် ပြောတယ်။
ရာသီဥတုက အလွန်ဆိုးဝါးနေတဲ့အတွက် လှေပွဲစားတွေက လှေမကောင်းတော့တဲ့အတွက် ဒီဘက်ကမ်းကပ်ပြီးတော့ ရောက်လာတဲ့အနေအထားမျိုး တွေ့ရတယ်။ ဘူးသီးတောင် မောင်တောဘက်မှာ နေခဲ့တဲ့သူတွေ ကိုယ်တိုင်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က ကယ်ဆယ်ရေး စခန်းတွေမှာ နေခဲ့တဲ့သူတွေဆိုတာ သိရတယ်။
UEHRD ရဲ့ ပြည်ထောင်စုစီမံကိန်းအရ ဒီဘက်မှာနေခဲ့တဲ့သူတွေအတွက် သူတို့ကို မေးတဲ့အခါကျတော့ သူတို့က ဒီမှာပဲပြန်နေချင်ပါတယ် ပြောတယ်။ သူတို့ရဲ့မိဘတွေ ဆွေမျိုးတွေက ဟိုဘက်စခန်းတွေမှာ ကျန်ခဲ့တဲ့သူတွေလည်း ရှိနေတယ်။ နီးစပ်ရာဆွေမျိုးရွာတွေမှာ နေချင်ပါတယ်ဆိုတဲ့အတွက် အခုစာရင်းတွေပြုစုနေတယ်။ နှစ်နိုင်ငံသဘော တူညီချက်အရ လက်ခံမယ်ဆိုရင် ဒီကိုရောက်လာတဲ့သူတွေကို သူတို့သဘောဆန္ဒအလျောက် ဘယ်မှာနေချင်သလဲ စသဖြင့်မေးတယ်။ သူတို့ကိုနေရာချထားမယ့် နေရာမှာ အိမ်တွေတည်ဆောက်မယ်။ ဟိုဘက်စခန်းမှာရှိတဲ့ သူတို့မိဘဆွေမျိုးတွေကို ခေါ်ချင်တယ်ဆိုရင်လည်း ဟိုဘက်စခန်းမှာရှိတဲ့ စာရင်းတွေတောင်းမယ်။ တောင်းပြီးလုပ် ထုံးလုပ်နည်းအရ ဟိုဘက်ကို ဆက်သွယ်အကြောင်းကြားပြီးတော့မှ ဒီလူတွေကတော့ အဲဒီမှာရှိပါတယ်စသဖြင့် ပြောမှာပါ။ အဲဒီလိုပြောပြလိုက်ရင် ပိုပြီးတော့မှ သေချာတဲ့သဘောမျိုး။ (၉၂)ယောက်က မောင်တောဒသမှာ နေတယ်ဆိုတာ သေချာတယ်။ ပိုပြီးသေချာအောင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေကိုခေါ်ပြီး မေးနေတယ်။
မေး။ လှေစီးဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်းရာမှာ ဘင်္ဂလားဒေ့ရှ်က ကယ်ဆယ်ရေးစခန်းမှာ သူတို့နေထိုင်စဉ်ကာလမှာ မြန်မာဘက်က ပြန်လည်လက်ခံဖို့ ပေးပို့လိုက်တဲ့ ဖောင်ပုံစံတွေ သူတို့မရဘူးလို့ ပြောတယ်။ လာပေးတာလည်း မရှိဘူးပြောတယ်။ ဒီပေါ်မှာ ဘယ်လိုစီစဉ်သွားဖို့ရှိပါသလဲ။
ဖြေ။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးလည်း ဘင်္ဂလားဒေ့ရှ်ဘက်က ကယ်ဆယ်ရေးစခန်းတွေကို သွားတယ်။ ခင်ဗျားတို့မေးသလို မေးတယ်။ မသိဘူး ပြောတယ်။ ပြည်ထောင်စုဝန်ကြီးက နားလည်အောင် ရှင်းပြတယ်။ နှစ်နိုင်ငံသဘောတူညီချက်ထဲမှာ ဒီအကြောင်းအရာတွေကို ထည့်လည်းရေးတယ်။ ပူးတွဲလည်းပေးလိုက်တယ်။ ဟိုဘက်ကမလုပ်တာပါ။ မလုပ်တဲ့အပိုင်းကိုလည်း ဒီဟာတွေလုပ်နိုင်ဖို့အတွက် သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ဒီဟာကို သံတမန်လမ်းကြောင်းက သွားရမှာ။ အကြောင်းကြားထားတယ်ဆိုတာကိုလည်း ဒီအတိုင်းဆက်လုပ်ပေးဖို့ ပြောထားတယ်။ ဒါကိုလည်းအခု ရောက်လာတဲ့လူတွေကိုလည်း ပြောပြတယ်။ ဒီလိုဒီလို လက်ခံပေးတယ်။ နေစရာမရှိတဲ့သူတွေကို နေစရာဖန်တီးပေးမယ်။ အိမ်တွေပြန်ဆောက်တဲ့ အခါမှာလည်း ကိုယ့်အတွက်လည်း လုပ်အားခရမယ်။ ကိုယ်အိမ်လည်းပြီးသွားမယ်။ အဲဒီလိုပုံစံမျိုးနဲ့ လုပ်နေတဲ့ အစီစဉ်တွေရှိတယ်ဆိုတာ သူတို့ကို ပြောပြတယ်။
အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်ပြီး ဘာလုပ်ချင်တာလဲ။ ကိုယ်က ဘာကျွမ်းကျင်တာလဲဆိုတာလည်း မေးပြီးတော့မှ သူတို့နဲ့အပ်စပ်တဲ့ လုပ်ငန်းတွေဆိုရင် အသက်မွေးဝမ်းကြောင်း ပြန်ထူထောင်တဲ့ လုပ်ငန်းတွေကို ဆက်ပြီးလုပ်ပေးရမှာပါ။ ပြီးခဲ့တဲ့ အသုတ်ဆိုရင်လည်း သူတို့ဒေသ သူတို့ပြန်သွားကြပြီ။ လက်ခံရေး စခန်းရောက်တယ်။ လက်ခံရေး စခန်းကနေပြီးတော့မှ စိစစ်မှုတွေလုပ်ပြီး ကြားစခန်း လှဖိုးခေါင်သွားမယ်။ လှဖိုးခေါင်ကနေ သူတို့အတွက် လိုအပ်တာတွေယူပြီးတာနဲ့ သူတို့ရဲ့ဆွေမျိုး၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကနေ လာခေါ်သွားမယ်။ ခေါ်သွားတဲ့အချိန်မှာ လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပေးလိုက်တယ်။
မေး။ မြိုတွေအတွက် နေစရာအဆောက်အဦတွေ ဆောက်လုပ်ပေးထားတာ တွေ့ရပါတယ်။ အစ္စလာမ်ဘာသာဝင်တွေနဲ့ တွေ့တဲ့အခါမှာတော့ သူတို့အတွက် မီးလောင်သွားတဲ့နေရာတွေမှာ အဆောက်အဦ ဆောက်လုပ်ပေးတာ မရှိဘူးလို့ပြောတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက် သွားဖို့ရှိပါသလဲ။
ဖြေ။ ပန်းတောပြင်မှာ မီးလောင်သွားတဲ့အိမ် ၂၂ လုံးကိုတော့ မောင်တောနားမှာ ဆောက်ပေးထားတယ်။ ဆောက်ပြီးလို့ အိမ်မှာ တက်တောင်နေကြပါပြီ။ နောက်တစ်ခုက ကြိမ်ချောင်းတောင်မှာ ဆောက်နေတယ်။ ဒါက အိမ်အလုံး ၆၀ ပါ။ ဆောက်နေတာကလည်း အိန္ဒိယနိုင်ငံနဲ့ ကျွန်တော်တို့နိုင်ငံ MoU ထိုးပြီးတော့မှ သူတို့ရဲ့ထောက်ပံ့မှုနဲ့ ဆောက်နေပါတယ်။ ဆောက်တာကလည်း အိန္ဒိယအစိုးရက ရွေးချယ်ထားတဲ့ ကုမ္ပဏီကပဲဆောက်တာပါ။ ကျန်တဲ့အပိုင်းတွေမှာတော့ ရောက်လာတယ်ဆိုရင် သူတို့ရွာတွေနဲ့အနီးဆုံးမှာ အိမ်တွေဆောက်ပေးမယ်။ အဲဒီလိုဆောက်ပေးနိုင်ဖို့ စီစဉ်နေတယ်။ ပြီးခဲ့တဲ့ အသုတ်တုန်းကလည်း အိမ်တွေဆောက်ဖို့ ပိုက်ဆံတွေထုတ်ပေးနေပြီ။ အိမ်ပြင်ဖို့လိုတဲ့သူက အိမ်ပြင်မယ်။ ပြီးရင်တက်နေကြမယ်။ အိမ်လုံးဝမရှိတဲ့သူတွေကတော့ သူတို့အိမ်သူတို့ ဆောက်မယ်။ ဒါအတွက် လုပ်အားခလည်းရမယ်။ အိမ်လည်းပြီးသွားပါမယ်။
မေး။ လက်ရှိအချိန်ထိ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ တရားဝင်ရော၊ တရားမဝင်ရော ပြန်ဝင်လာတဲ့ လူဦးရေဘယ်လောက်ရှိပြီလဲဆိုတာ သိပါရစေ။
ဖြေ။ ဟိုဘက်ကနေ တရားဝင် ပြန်ရောက်လာတဲ့သူတစ်ယောက်မှ မရှိသေးပါဘူး။ မိမိဆန္ဒအလျောက် ပြန်ရောက်လာတဲ့သူ ၅ ဦး မိသားစုတစ်ဖွဲ့ရှိတယ်။ ဟိုတစ်လောက ၆၂ ယောက်တစ်ဖွဲ့ရှိတယ်။ အခုဒီမှာတော့ ၉၂ ယောက်ပါ။ ဒါတွေက တရားဝင်အနေနဲ့ နှစ်နိုင်ငံသဘောတူညီချက်နဲ့ လွှဲပြောင်းပေးတဲ့ဟာတော့ မဟုတ်ဘူး။ သူတို့ဆန္ဒအလျောက် ရောက်လာတာဖြစ်ပါတယ်။
စုစည်းတင်ပြ- မင်းသစ်(MNA)
ဓာတ်ပုံ/နေလင်း