နေပြည်တော် ၇ ဖေဖော်ဝါရီ
တတိယအကြိမ် မြန်မာ-ဂျပန် ပတ်ဝန်းကျင်ရေးရာ ပူးပေါင်းဆောင်ရွက်ရေး မူဝါဒဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက နှစ်နိုင်ငံအကြား “ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ”ကို ၂၀၁၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပြီး ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု များကို တိုးမြှင့်ဆောင်ရွက်နိုင်သည့်အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ ပထမအကြိမ် မူဝါဒဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်တွင် ကျင်းပနိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ဆက်လက် ပူးပေါင်း ဆောင်ရွက်မည့် ပတ်ဝန်းကျင် ဆိုင်ရာ ပူးတွဲကြေညာချက်ကို ထုတ်ပြန်နိုင်ခဲ့ပါကြောင်း။
နှစ်နိုင်ငံအကြား ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ကာဗွန် ထုတ်လွှတ်မှု လျော့နည်းသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချွန်လွှာကို ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး JCM စီမံကိန်း(၇)ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းများနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ရလဒ်ကောင်းများ ထွက်ပေါ်လာရန် အကောင်းဆုံး ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာနှင့် စွန့်ပစ်ပစ္စည်းဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ်များကို ကဏ္ဍအသီးသီးတွင် လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရန်အတွက် နှစ်နိုင်ငံနည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။
လေထုညစ်ညမ်းမှုနှင့် ရေထုညစ်ညမ်းမှုထိန်းချုပ်ရေး၊ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေး၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ရေး စသည့် နယ်ပယ်များအပြင် စောင့်ကြပ်ကြည့်ရှု စစ်ဆေးရေးလုပ်ငန်းများ၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်စေရေး လုပ်ငန်းများတွင်လည်း ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင် ရန် မျှော်လင့်ပါကြောင်း၊ ယခုကဲ့သို့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင် ခြင်းဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များအပါအဝင် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်း ကျင်အစီအစဉ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် အထောက်အကူပြုစေမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms. Ayuko Kato က အမှာစကား ပြောကြားသည်။
ယင်းနောက် ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံးမှ ညွှန်ကြာရေးမှူး Mr. Ryuzo Sugimoto နှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းတို့က ဂျပန်-မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို သုံးသပ်တင်ပြကြသည်။
ထို့နောက် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ တာဝန်ရှိသူများက ရေထုညစ်ညမ်းမှုနှင့် ရေဆိုးသန့်စင်မှု နည်းပညာ၊ အဏ္ဏဝါပလပ်စတစ်စွန့်ပစ်ပစ္စည်းများနှင့် စွန့်ပစ်ပစ္စည်းစီမံခန့် ခွဲမှု၊ လေထုညစ်ညမ်းမှု၊ ပတ်ဝန်းကျင်နှင့်ညီညွတ်၍ ရေရှည်တည်တံ့သော သယ်ယူ ပို့ဆောင်မှု၊ ကာဗွန်ထုတ်လွှတ်မှု လျော့ချရေးနှင့် ရောင်းဝယ်ရေးဖက်စပ်လုပ်ငန်းစဉ်များ၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားကြရာ တက်ရောက်လာကြသူများက သိလိုသည်များနှင့် စပ်လျဉ်း၍ မေးမြန်းကြသည်။
ဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပို့ဆောင်ရေး၊ လျှပ်စစ်၊ စက်မှုလက်မှု၊ ဆက်သွယ်ရေး၊ စွမ်းအင်နှင့် လမ်းပန်းဝန်ကြီး ဦးဝင်းဌေး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး မစ္စတာ အိချီရော့ မာရုယာမ၊ အမြဲတမ်းအတွင်းဝန်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ-ဂျပန် နှစ်နိုင်ငံ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲမစတင်မီ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေနှင့် ဂျပန်နိုင်ငံ ပတ်ဝန်းကျင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms. Ayuko Katoတို့သည် မြန်မာ-ဂျပန် ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးကြသည်။
(သတင်းစဉ်)