နေပြည်တော် ၇ ဖေဖော်ဝါရီ

 

ထွန်းဖောင်ဒေးရှင်းသည် မြန်မာစာပေလောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ပရိသတ်တိုးပွားရေး၊ စာကောင်းပေမွန်များ ပေါ်ထွန်းရေးတို့ကို တစ်နည်းတစ်လမ်းမှ ပါဝင်ထောက်ကူသောအားဖြင့် “ထွန်းဖောင်ဒေးရှင်းစာပေဆု”ကို ၂၀ဝ၆ ခုနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့ပြီး ဆုများရွေးချယ် ချီးမြှင့်နိုင်ရန် စာအုပ်/စာမူများကို နှစ်စဉ်ဖိတ်ခေါ်ခဲ့ရာ ၂၀၁၉ ခုနှစ် (၁၄)ကြိမ်မြောက် ထွန်းဖောင်ဒေးရှင်းစာပေဆုများ ချီးမြှင့်ရန် ရွေးချယ်ထားသည့် စာအုပ်/စာမူများ စာရင်းကို ယနေ့ထုတ်ပြန်ကြေညာသည်။

 

၂၀၁၉ ခုနှစ် ထွန်းဖောင်ဒေးရှင်း တစ်သက်တာစာပေဆုရှင်အဖြစ် စာပေပညာရှင် ဆရာကြီး ဦးမြတ်သိန်း (ပါမောက္ခချုပ်-ငြိမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်) နှင့် ဆရာကြီး ဒေါက်တာကျော်ဝင်း (သမိုင်းပါမောက္ခ-ငြိမ်း၊ ရန်ကုန်တက္ကသိုလ်) တို့အား ဂုဏ်ပြုရွေးချယ်ချီးမြှင့်သည်။

 

စာအုပ်ဆုအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စာပေဆုတွင် မော်သာထွေး (မန္တလေး) ရေးသားသည့် စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့်ကြည့်မယ်၊ ရှေးဟောင်းကျမ်းစာပေဆုတွင် ထွန်းရီ (ရှေးဟောင်းသုတေသီ) ရေးသားပြုစုသည့် စာပေရိပ်မြုံ စာဆို ကြေးမုံသုတေသနမျိုးစုံကျမ်း၊ အတ္ထုပ္ပတ္တိစာပေဆုတွင် မောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် မင်းသုဝဏ်ဋီကာ၊ သမိုင်းစာပေဆုတွင် ဦးသိန်းလှိုင် ရေးသားသည့် ညောင်ရမ်းခေတ်၊ ကျန်းမာရေးစာပေဆုတွင် ဝင်းကြည်(မွန်ပြည်နယ်) ရေးသားသည့် ကျေးလက်ကျန်းမာရေး တိုက်စစ်မှူးနှင့် ကျန်းမာရေးစာစုများ၊ စီးပွားရေးစာပေဆုတွင် Richard Templar ၏ The Rules of Management ကို ကြည်ရွှန်း မြန်မာပြန်ဆိုသည့် စီးပွားရေးစီမံခန့်ခွဲမှု ပညာစည်းမျဉ်း ၁၀ဝ၊ ယဉ်ကျေးမှုစာပေဆုတွင် ပန်တျာမြကြည်ရေးသားသည့် သဘင်သုံးအလင်္ကာစာပေ မှတ်တမ်းများ၊ သုတပဒေသာ စာပေဆုတွင် မောင်မြကျော် (ကျောင်းအုပ်ကြီး-ငြိမ်း၊ ရန်ကင်းပညာရေးကောလိပ်) ရေးသားသည့် မြန်မာနိုင်ငံ ဆရာအတတ်ပညာသမိုင်း၊ ရည်ညွှန်းကျမ်းစာပေဆုတွင် ကိုမော် (အောင်သမာဓိ) ရေးသားသည့် မြန်မာ့ကျောက်မျက်ရတနာများနှင့် မိုးကုတ် ပတ္တမြားမြေသမိုင်း၊ လူငယ်စာပေဆုတွင် ခင်မာလာကြာဖြူ၏ ယုန်ကလေး နှာစေးနေသည်နှင့် စာပဒေသာစာပေဆုတွင် ဗိုလ်ရှိတ် (ရတနာပူရ) ၏ အင်းဝမြို့ ဗားကရာ ကျောင်းတော်ကြီး သမိုင်းတို့က ရရှိကြသည်။

 

ယဉ်ကျေးမှုစာပေဆု(အင်္ဂလိပ်)တွင် SaiAungTun နှင့် Sao Hs သံသာတို့ ပူးတွဲရေးသားသည့် Taikhamti Legends and Law၊ အတ္ထုပ္ပတ္တိစာပေဆု (အင်္ဂလိပ်) တွင် ဦးအောင်ကြည် (ပညာရေး) ပြုစုပြီး ဦးသီဟ (အင်္ဂလိပ်စာပါမောက္ခ-ငြိမ်း) ဘာသာပြန်ဆိုသည့် Sayagyi U Than Oo တို့က ရရှိကြသည်။

 

စာမူဆုအတွက် သုတပဒေသာစာပေဆုတွင် လွင်မြန်မာ (မန်းတက္ကသိုလ်) ရေးသားသည့် မြန်မာစာပေမှ တိမ်မြုပ်နေသော ကွက်စိပ်နှင့် ကွက်စိပ်စာဆိုများ၊ သမိုင်းစာပေဆုတွင် နန္ဒာမင်းလွင် ရေးသားသည့် တုရင်္ဂအာဇာနည် မြန်မာ့မြင်းသည်တော်၊ ယဉ်ကျေးမှုစာပေဆုတွင် (မာန်သစ်ငြိမ်း-ရှေးဟောင်း သုတေသန) ရေးသားသည့် မြန်မာ့အရိမေတ္တေယျရုပ်တု၊ ဆင်းတုယဉ်ကျေးမှုနှင့် ကလေးစာပေဆုတွင် ထက်ဆင့်အောင်၏ သက်တန့်ရောင်စဉ်ပုံပြင်များတို့က ရရှိကြသည်။ သမိုင်းစာပေဆု (အင်္ဂလိပ်)တွင် Tun Myint Aung အင်္ဂလိပ်ဘာသာ ပြန်ဆိုသည့် The Yazawin - Kyawu ရရှိသည်။

 

(၁၄)ကြိမ်မြောက် ထွန်းဖောင်ဒေးရှင်း တစ်သက်တာစာပေဆုအတွက် ဆုငွေ ကျပ်သိန်း (၂၀)နှင့် စာအုပ်ဆုအတွက် ဆုငွေကျပ် (၁၅)သိန်းတို့ကို ထွန်းဖောင်ဒေးရှင်း အမှတ်တံဆိပ်ပါ ရွှေတံဆိပ်နှင့် ပူးတွဲချီးမြှင့်မည်ဖြစ်ပြီး စာမူဆုအတွက် ဆုငွေကျပ် (၇)သိန်း တိတိချီးမြှင့်ပါမည်။

 

ထွန်းဖောင်ဒေးရှင်း စာပေဆုချီးမြှင့်သည့် အခမ်းအနား ကျင်းပမည့်ရက်ကို ထပ်မံကြေညာမည်ဖြစ်သည်။ ဆုရရှိသူများသည် ထွန်းဖောင်ဒေးရှင်း စာပေဆုကော်မတီ၊ အမှတ် (၂၃/၂၄)၊ ဗဟိုရ်စည်အိမ်ရာ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ (ဖုန်း ဝ၉-၄၅၁၃၀၃၉၆၉)သို့ အမြန်ဆက်သွယ်ကြရန်နှင့် လိုင်စင်ဓါတ်ပုံ (၂)ပုံနှင့် ကိုယ်ရေးမှတ်တမ်းများကို တစ်ပတ်အတွင်း ပေးပို့ကြရန်ဖြစ်သည်။

 

၂၀၁၉ ခုနှစ်တွင် ထုတ်ဝေသည့် စာအုပ်များနှင့် မိမိကိုယ်တိုင် ရေးသားပြုစုထားသော စာမူများကို ပေးပို့လိုသော စာပေပညာရှင်များသည် ယနေ့မှစတင်၍ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၃၀ ရက်အတွင်း အထက်ပါလိပ်စာအတိုင်း ဆက်သွယ်ပေးပို့နိုင်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်