လူ့ခန္ဓာကိုယ်မှာ Circadian Rhythm လို့ခေါ်တဲ့ တစ်နေ့ကို ၂၄ နာရီ အချိန်မှန်မှန် လည်ပတ်နေ အောင်ထိန်းညှိပေးတဲ့ စနစ်တစ်ခုရှိပါတယ်။

 

အကယ်၍ Circadian Rhythm ကို ဆန့်ကျင်ပြီး အကြောင်းအမျိုးမျိုးနဲ့ညဘက်တွေမှာ ရက်ဆက်ပြီး အစားအသောက်တွေ စားသောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဟော်မုန်းအပြောင်းအလဲတွေ၊ ခန္ဓာကိုယ်က အစိတ်အပိုင်းတွေရဲ့လုပ်ဆောင်ချက် အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

 

ညဘက်အစာစားတဲ့အခါ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေကတော့ –

•           ၁ – ဟော်မုန်းထုတ်လုပ်မှုပြောင်းလဲလာခြင်း

ညဘက်အစာစားခြင်းက အင်ဆူလင်ဟော်မုန်းပမာဏကို အပြောင်းအလဲတွေ ဖြစ်စေနိုင်ပါတယ်။ အင်ဆူလင် ကတော့ ခန္ဓာကိုယ်ရဲ့ စနစ်တော်တော်များများကို ထိန်းညှိပေးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့ အရေးအကြီးဆုံးလုပ်ငန်းကတော့ သွေးတွင်းသကြားပမာဏကို ထိန်းညှိပေးတာပါ။

 

အစာစားလိုက်တဲ့အခါမှာ အစားအသောက်တွေကနေ သကြားဓာတ်ကို အူကနေ စုပ်ယူပါတယ်။ ပိုလျှံနေတဲ့ သကြား ဓာတ်တွေအတွက် ပန်ကရိယကနေ အင်ဆူလင်ဓာတ်ကိုထုတ်ပြီး သကြားအပိုတွေကို ဆဲလ်ထဲ ထည့်ပြီး သိမ်းဆည်းပါတယ်။ အင်ဆူလင်ဟော်မုန်းပမာဏ ပုံမမှန်တဲ့အခါ သွေးတွင်းသကြားဓာတ် လိုတာထက် ပိုလာတဲ့အတွက် ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေပဲ ဖြစ်လာစေပါတယ်။

 

•           ၂ – အခြားသောဟော်မုန်းများ မြင့်တက်လာခြင်း

 

အင်ဆူလင်တစ်ခုတည်းသာမကဘဲ အခြားသော သွေးတွင်းအချိုဓာတ် မြင့်တက်စေတဲ့ ဟော်မုန်းတွေဖြစ်တဲ့ ဂလူကာဂွန် (Glucagon) နဲ့ လက်ပ်တင် (Leptin) ဟော်မုန်းတွေကလည်း ပိုမိုထွက်လာစေပါတယ်။

 

•           ၃ – ယောင်ရမ်းမှုကိုအားပေးသော ဒြပ်ပေါင်းများပိုထွက်လာခြင်း

လေ့လာမှုတွေအရ ညပိုင်းမှာ အစာစားတဲ့အခါ ယောင်ရမ်းမှုကို အားပေးတဲ့ ပရိုတိန်းဓာတ်တစ်မျိုး ပိုထွက်လာကြောင်း တွေ့ရှိရပါတယ်။

ညနေပိုင်း ၅ နာရီကနေ ညလယ်ပိုင်းအထိ အစာစားသုံးတတ်ကြသူတွေမှာ C reactive protein လို့ခေါ်တဲ့ ပရိုတိန်းဓာတ်တစ်မျိုး ၃ ဆခန့်ပိုမိုထွက်လာကြောင်းတွေ့ရှိရပါတယ်။

 

•           ၄ – မှတ်ဉာဏ်ကျဆင်းလာခြင်း

ညဘက်အစာစားခြင်းက မှတ်ဉာဏ်ချို့ယွင်းမှုကို ဖြစ်လာစေနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

နောက်ဆုံးလေ့လာချက်တွေအရ ပုံမှန်အိပ်ချိန်တွေမှာ မအိပ်ဘဲ အစားစားခြင်းက မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ သင်ကြားခြင်းတွေကို ထိခိုက်စေနိုင်ကြောင်း တွေ့ရှိလာရပါတယ်။

 

•           ၅ – သွေးတွင်း ကိုလက်စ်ထရော ( Cholesterol ) ပမာဏမြင့်တက်လာခြင်း

ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေအရ သွေးတွင်းအဆီတွေကို အိပ်ချိန်တွေမှာ ခြေဖျက်လေ့ရှိပါတယ်။ ဒါကြောင့် ညဘက်အစာစားခြင်းက အဆီခြေဖျက်ခြင်းကို တားဆီးတဲ့အတွက် ကိုယ်တွင်းအဆီပမာဏကို မြင့်တက်စေပါတယ်။ ကိုယ်တွင်းအဆီပမာဏ မြင့်တက်လာခြင်းက နှလုံးရောဂါလိုမျိုး ရောဂါတွေနဲ့ပါ ဆက်စပ်နေတတ်ပြီး ညပိုင်းအလုပ်လုပ်ရသူတွေ၊ အထိုင်များသူတွေ၊ လှုပ်ရှားမှုနည်းသူတွေမှာ အဖြစ်များပါတယ်။

 

•           ၆ – ကိုယ်အလေးချိန် သိသိသာသာတက်လာခြင်း

ညဘက်အစာစားတာရဲ့ အသိသာဆုံးဆိုးကျိုးကတော့ ဝိတ်တက်လာတယ်ဆိုတာကတော့ လူတိုင်းသိပြီးသား နေမှာပါ။ ကိုယ်အလေးချိန်လျှော့ချချင်တဲ့သူတိုင်းကလည်း ညစာမစားတာကနေဘဲ စတင်ကြတာ များပါတယ်။

 

ကိုယ်အလေးချိန်ပေါ်မူတည်ပြီး လူတစ်ယောက်ဟာ တစ်နေ့ကို ကယ်လိုရီ ၂၀၀၀ ကနေ ၂၅၀၀ အထိလိုအပ်ပါတယ်။ ပုံမှန်အတိုင်းစားသောက်တဲ့ သူတစ်ယောက်အတွက် ညစာစားပြီးချိန်ဆိုရင် ကယ်လိုရီ ၂၀၀၀ ကနေ ၃၀၀၀ ကြားစားသုံးပြီးတာ များပါတယ်။ ဒါကြောင့်ညဘက် အစာစားတာက ကိုယ်အလေးချိန်ကို သိသိ သာသာတက်စေနိုင်ပါတယ်။

 

ညဘက်အစာစားတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေထက် အာလူးကြော် ၊ ရေခဲမုန့် ၊ ဆိုဒါပါတဲ့ အအေး အစရှိတဲ့ ကျန်းမာရေးအတွက် မကောင်းတာတွေကိုပဲ ရွေးချယ်မိတာလည်း များပါတယ်။ အကယ်၍ ညစာ စားပြီးတာတောင် ဗိုက်ဆာတုန်းဆိုရင် မုန်လာဥ ၊ စပျစ်သီး ၊ ပန်းသီးအစရှိတဲ့ အရာတွေကိုပိုပြီး ရွေးချယ်သင့်ပါတယ်။

 

ညပိုင်း အစာအလွန်အကြူး စားသုံးနေမိတာကို ဘယ်လိုရင်ဆိုင်ရမလဲ ?

 

ညဘက်အစာတွေ ပိုမစားမိအောင်အတွက် ညနေစာကို ပိုပြီးနောက်ကျမှစားတာ၊ စောစားတာမျိုးတွေ လုပ်စရာမလိုပါဘူး။ ပုံမှန်အချိန်အတိုင်းစားပါ၊ အကယ်၍များ ဗိုက်ထပ်ဆာလာမယ်ဆိုရင် ကစီဓာတ်ပြည့်ဝစွာပါဝင်တဲ့ အစာတွေကို ရှောင်ပါ။ အသားဓာတ်ပိုများတဲ့ အစေ့တွေ၊ အမျှင်ဓာတ်ပေါများတဲ့ အသီးတွေကို ရွေးချယ်ပါ။

 

ညဘက်စောစောအိပ်ပြီး စောစောထနိုင်အောင်ကြိုးစားပါ၊ ညဘက်တွေ အလုပ်လုပ်ရတဲ့ သူဆိုရင်တောင် အစာကိုပုံမှန်အချိန်အတိုင်း စားနိုင်အောင်ကြိုးစားပါ။ မလိုအပ်ဘဲ အစာတွေ အမြဲတမ်းစားနေတာကို ရှောင်ကြဉ်ပါ။

 

တစ်ရက်တစ်ညနဲ့တော့ မှန်ကန်တဲ့စားသောက်မှုရရှိဖို့ ခဲယဉ်းပေမယ့် ဇွဲရှိရှိနဲ့ပုံမှန် ပြုလုပ်သွားမယ်ဆိုရင်တော့ ညဘက်အစာစားခြင်းရဲ့ ဆိုးကျိုးတွေကို ရှောင်လွှဲနိုင်ပြီးပိုမိုကျန်းမာတဲ့ စားသောက်မှုပုံစံကို ရရှိလာမှာပါ။

 

ရေးသားသူ - Ye Zon Aung

ရေးသားသူ – မောင်မျိုးအောင် (ဆေး – ၁)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”