မန္တလေး ၃၀ ဇွန်

မန္တလေးစည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှာ နှစ်ပေါင်း ၄၀ ကျော် တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့တဲ့ ဦးစိုးဝင်းကို ဝန်ထမ်းသက်တမ်းတစ်လျှောက်ကြိုးစားအားထုတ်ခဲ့မှုကို ဂုဏ်ပြုတဲ့ အနေနဲ့ ပထမဆုံးအကြိမ်ရာထူးတိုးမြှင့်ခံရပါတယ်။ အခုလိုရာထူးတိုးမြှင့်ခံရတာနဲ့ ပတ်သက်လို့ ဦးစိုးဝင်းကို Myanmar Digital News က ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး။ ။စည်ပင်ဝန်ထမ်းအဖြစ်ဘယ်အချိန်ကစတင်ပြီးတာဝန်ထမ်းဆောင်ခဲ့တာလဲ။

ဖြေ။ ။စည်ပင်သာယာ သန့်ရှင်းရေးဝန်ထမ်းအဖြစ် ၁၉၇၆ ကစပြီးတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ စည်ပင်သန့်ရှင်းရေးဌာနမှာ မြောင်းဆယ်အလုပ်သမားအဖြစ်ကနေ အလုပ်စဝင်ခဲ့တာပါ။အခုဆို ဝန်းထမ်းလုပ်သက် ၄၂ နှစ်လောက်ရှိပါပြီ။

မေး။ ။ဘယ်ရာထူးအဆင့်ကိုတိုးပေးခံရတာလဲ။

ဖြေ။ ။ကျွမ်းကျင်အဆင့် ၈ ကနေ ၊ ကျွမ်းကျင် ၁၀ ကိုပေးတယ်။ကျွန်တော်တို့ဌာနက ကျွမ်းကျင် ၁၀ ဆိုတာမရှိဘူးလေ။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန ၊ ဆက်သွယ်ရေး (၁) ရာထူးကိုပေး လိုက်တာပါ။ ပညာအရည်အချင်းက ဆယ်တန်းအဆင့်လောက်ပဲ။ ကျွန်တော်တို့အဆင့်က ကျွမ်းကျင် ၆ ၊ ကျွမ်းကျင် ၈ လောက်ပဲရှိရမှာ။ အခုဟာက တကယ့် အရာရှိရာထူးတိုးပေးတယ်။ လစာကလည်း အရာရှိရာလစာပေးတယ်။

မေး။ ။အခုလိုရာထူးတိုးမြှင့်ခံရတဲ့အတွက် ဘယ်လိုခံစားရလဲ။

ဖြေ။ ။အခုလိုရာထူးတိုးမြှင့်ခံရတဲ့အတွက် အတိုင်းမသိဝမ်းသာခဲ့ပါတယ်။ ထင်မထားတဲ့ ရာထူးကို တိုးမြှင့်ပေးတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။

မေး။ ။နှစ်ပေါင်း ၄၀ ကျော်အတွင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှာ သန့်ရှင်းရေးဝန်ထမ်းအဖြစ် ဘယ်နေရာတွေမှာ တာဝန်ထမ်းဆောင်ခဲ့လဲ။

ဖြေ။ ။မြောင်းဆယ်အလုပ်သမားအဖြစ် ၇ နှစ် ၊ ကျွမ်းကျင် ၄ မှာ ၁၀နှစ်လောက်လုပ်ခဲ့တယ်။ အဲဒီကနေ ကျွမ်းကျင် ၆ ရတယ်။ကျွမ်း ၆ မှာ ၁၄ နှစ်လောက်လုပ်ခဲ့ပြီး ၊ အခု ကျွမ်းကျင် ၈ အဆင့်ရခဲ့တယ်။

မေး။ ။ ကျွမ်းကျင်အဆင့်တွေက ဘယ်လိုသတ်မှတ်တာလဲ။

ဖြေ။ ။အရင်တုန်းက ကျွန်တော်တို့သန့်ရှင်းရေးဌာနက ကျွမ်းကျင်အဆင့်ဆိုရင် အနည်းဆုံး အခြေခံပညာအလယ်တန်းအောင်ပေါ့လေ။အဲဒီကနေ ပညာအရည်အချင်းတွေက မြင့်လာတဲ့အခါ ဆယ်တန်းအောင်လို့သတ်မှတ်လိုက်တယ်။ ဆယ်တန်းအောင်လို့သတ်မှတ်လိုက်တဲ့အခါ ကျွန်တော်က ဆယ်တန်းမအောင်တော့ ဖြေဆိုခွင့်မရဘူးပေါ့။ဒါပေမယ့် လုပ်သက်ကလည်း ၄၂ နှစ်လောက်ရှိပြီ ၊ ဌာနကလည်း ဘယ်ဌာနမှမသွားခဲ့ဘူး။ ဒီသန့်ရှင်းရေးဌာနကိုပဲလုပ်ခဲ့ရတာ။

မေး။ ။သန့်ရှင်းရေးဌာနမှာ မြောင်းဆယ်အလုပ်အပြင်တခြားဘာတွေလုပ်ရပါသလဲ။

ဖြေ။ ။ မြောင်းအမှိုက်ကိုပဲ အဓိကဆယ်ရတယ်။အရေးပေါ်လာရင် ဌာနက ပေးတဲ့တာဝန်ကိုကျေပွန် အောင်ဆောင်ရွက်ပါတယ်။ပေးတဲ့တာဝန်ကို ညည်းလည်းမညည်းဘူး။ ကျွန်တော်က တစ်နှစ်တစ်ခါ ပေးတဲ့ ဝန်ထမ်းကောင်းဆုလည်းရတယ်။

မေး။ ။ ဝန်ထမ်းကောင်းဆု ဘယ်နှစ်ကြိမ်လောက်ရခဲ့လဲ။

ဖြေ။ ။စည်ပင်သာယာဌာနက ပေးတာနှစ်ခါရခဲ့တယ်။ နိုင်ငံတော်ကချီးမြှင့်တဲ့ ဝန်ထမ်းကောင်း ဆုလည်းရခဲ့ပါတယ်။စည်ပင်သာယာကပေးတဲ့ ဝန်ထမ်းကောင်းဆုကို ၂၀၁၄ ခုနှစ်မှာရခဲ့ပါတယ်။ နိုင်ငံတော်က ချီးမြှင့်တဲ့ ဝန်ထမ်းကောင်းဆုက ၂၀၁၈ ခုနှစ် ဇွန်လက ရခဲ့ပါတယ်။

မေး။ ။မန္တလေးစည်ပင်သာယာရေးကော်မတီမှာ အခုလိုရာထူးတိုးပေးတာ ပထမဆုံးပဲလို့သိရတယ်။

ဖြေ။ ။ ရာထူးတစ်ခုတိုးဖို့ဆိုရင် ဘွဲ့ရဖြစ်ရမယ်။ ဆယ်တန်းအောင်ရမယ်။အဲဒါမှဖြေဆိုခွင့်ရတယ်။ ကျွန်တော့်ရဲ့လုပ်သက်တစ်လျှောက်လုံးမှာ အခုက ပထမဆုံးအကြိမ် တိုးမြှင့်ခံရတာပဲ။

မေး။ ။တခြား လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းတွေကိုဘာများပြောချင်ပါသလဲ။

ဖြေ။ ။ ကျွန်တော်နဲ့အတူတာဝန်ထမ်းဆောင်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း အလုပ်ကို ကြိုးကြိုးစားစား ၊ ရိုးရိုးသားသားနဲ့လုပ်ဖို့ ၊ ပေးအပ်တဲ့တာဝန်ကိုလည်း မညည်းမညူ လုပ်ကြပါလို့ ပြောချင်ပါတယ်။

မေး။ ။သန့်ရှင်းရေးဌာနမှာ တာဝန်ထမ်းဆောင်တဲ့အချိန်မှာ ကြိုးကြိုးစားစားနဲ့လုပ်ခဲ့ရတဲ့ အလုပ် တွေထဲမှာ မှတ်မှတ်ရရရှိနေတာရှိလား။

ဖြေ။ ။၁၉၉၀ လောက်က မန္တလေးကျုံးပတ်လမ်းလုပ်တဲ့အချိန် ၊ လမ်းလယ်ကျွန်းတွေလုပ်ခဲ့တဲ့ အချိန်ကိုအမှတ်ရဆုံးပါပဲ။ အဲဒီအချိန်တုန်းက တစ်ပတ်တိတိ မိုးအလင်းလုပ်ခဲ့ရတယ်။

မေး။ ။တခြားဌာနတွေကိုဘာလိုမပြောင်းခဲ့တာလဲ။

ဖြေ။ ။ကျွန်တော့်ကို ကျန်တဲ့ဌာနတွေပြောင်းပေးတယ်။ မပြောင်းခဲ့ဘူး။ တခြားဌာနတွေက ငွေရေးကြေးရေးပိုင်းတွေပါတယ်။ သန့်ရှင်းရေးဌာနဆိုတာက မြောင်းဆယ် ၊ အမှိုက်သိမ်း ဒါလောက်ပဲလေ။သန့်ရှင်းရေးဌာနဆိုတာ မသန့်ရှင်းတဲ့နေရာကို သန့်ရှင်းရေးလုပ်တဲ့အခါ အမြင်လည်း ရှင်းသွား မယ်။ ကုသိုလ်လည်းရတယ်ဆိုတဲ့စိတ်နဲ့ လုပ်ဖြစ်တာပါ။

မေး။ ။ရှေ့ဆက်ပြီးတာဝန်တွေကို ဘယ်လိုဆက်လက်ဆောင်ရွက်သွားမလဲ။

ဖြေ။ ။ ရာထူးတိုးမြှင့်ခံရပြီးတဲ့အခါမှာလည်း ပေးအပ်တဲ့တာဝန်တွေကိုကျေကျေပွန်ပွန်ဆောင်ရွက်သွားမှာပါ။ 

ကျေးဇူးတင်ပါတယ်။

အိမို့မို့ခိုင်

SHARE THIS ON SOCIAL MEDIA