၂ ဇူလိုင်
Forever Group မှစီစဉ်ရိုက်ကူးပြီး သရုပ်ဆောင် နက္ခ၊ စည်သူဝင်း၊ ကျော်ထက်၊ လပြည့်၊ သာထက်၊ ဉာဏ်ဇော်၊ ဇော်ဦး၊ အကယ်ဒမီအောင်ခိုင်၊ ပြေဇင်၊ မြနှင်းရည်လွင်၊ နန်းစန္ဒာလှထွန်း၊ ခွန်နေခြည်ချို၊ အကယ်ဒမီမေသဉ္စာဦး၊သိင်္ဂီထွန်းတို့ပါဝင်မည်" ဝင်္ကာဘာရှင်းတမ်း" ရုပ်သံဇာတ်လမ်းတွဲကို မကြာမီရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဇာတ်လမ်းတွဲသည် ကိုသောင်း၏ ဇာတ်လမ်းဖြစ်ပြီး Jet (Artist House) နှင့် နေလတို့က ဇာတ်ညွှန်း ရေးသားပြီး ဒါရိုက်တာ ကိုသောင်းက ရိုက်ကူးသွားမည်ဖြစ်ရာ သရုပ်ဆောင် မြနှင်းရည်လွင်အား ရိုက်ကူးရေး မစတင်မီ တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။
မေး။ ။ ဒီဇာတ်လမ်းထဲမှာ ဘယ်လိုပုံစံနဲ့တင်ဆက်သွားမလဲ။
ဖြေ။ ။ဇာတ်ကားကို ဇူလိုင် ၅ရက်မှာစရိုက်ကြမယ်။ ကျွန်မကတော့ ရိုက်ကူးရက်က ၇ ရက်နေ့မှစမှာ။ ဒီကားက ကျွန်မရဲ့ ဇာတ်လမ်းတွဲရိုက်ကူးမှု ခြောက်ကားမြောက်ဖြစ်ပါတယ်။ လက်ရှိမြန်မာ့အသံမှာပြနေတာက ဇနီးချောများကွန်ရက်၊ ပြီးသွားတာက နွေကန္တာဦး၊ ကြမ္မာနွံတို့ဖြစ်ပါတယ်။ လက်ရှိရိုက်မှာက ဝင်္ကဘာရှင်းတမ်းပါ။ ရိုက်ကူးဆဲကတော့ ဆုံမှတ်ဇာတ်လမ်းတွဲပါ။ ဒီဇာတ်ကားမှာတော့ တစ်ခုခုကို လျို့ဝှက်ထားတဲ့ တည်ငြိမ်တဲ့ အိမ်ထောင်ရှင်အမျိုးသမီးနေရာက သရုပ်ဆောင်ရမှာပါ။ ကလေးလေးလည်းရှိမယ်။ ပေးချင်တာက ပရိသတ်ရင်ထဲကို ပညာရဖို့နဲ့ အသိအမြင်တစ်ခုခု ဝင်သွားဖို့အတွက်ဆိုပြီးလို့ ထင်ပါတယ်။
မေး။ ။ဇာတ်လမ်းတွဲတွေ တောက်လျှောက်ရိုက်ကူးခွင့်ရခဲ့တဲ့အတွက် အနုပညာအရည်အသွေးပိုင်းကိုရော အားရပြီလား။
ဖြေ။ ။ ဇာတ်လမ်းတွဲ ဆိုတာမျိူးက တစ်ခန်းဆိုတစ်ခန်း အနုပညာဖန်တီးနိုင်မှုကို ပြနိုင်ရင် ပြနိုင်သလောက် ပရိသတ်စိတ်ဝင်စားမူရနိုင်တယ်လို့ ထင်ပါတယ်။ ဇာတ်လမ်းတွဲ ရိုက်ပြီဆိုကတည်းက အားလုံးကောင်းနေ ၊ညီနေမှ အဆင်ပြေပြေ နဲ့ ပြီးနိုင်တယ်။ တစ်ယောက်ထဲက သိပ်ကောင်းနေရုံနဲ့လည်း မရပါဘူး။ ရိုက်ခဲ့သမျှ တွေမှာတော့ ရိုက်ကူးခွင့် နည်းတာများတာ၊ အခန်းအရေအတွက် နည်းတာများတာထက် ရတဲ့နေရာလေးမှာ သဘာဝကျကျ သရုပ်ဆောင်နိုင်ဖို့က ပိုပြီး အရေးကြီးတယ်လို့ထင်ပြီး ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် လိုအပ်ချက် တွေကတော့ အမြဲရှိနေဦးမှာပါ။
မေး။ ။ဇာတ်လမ်းတွဲတွေ ရိုက်ကူးတဲ့အခါ ကိုယ်ကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့ အခြားအနုပညာလုပ်ငန်းတွေ ရော လုပ်နေသလားဆိုတာပြောပြပါဦး။
ဖြေ။ ။အခက်အခဲတော့ မဟုတ်ပါဘူး။ ရုပ်ရှင်ကားကြီးပဲရိုက်ရိုက် ၊ဇာတ်လမ်းတွဲပဲ ရိုက်ရိုက် သူနေရာနဲ့သူ အခက်တွေ့စရာလေးတွေတော့ ရှိတတ်ပါတယ်။ ဇာတ်ဝင်ခန်းတွေက များပြီး သရုပ်ဆောင်ကလည်း များတော့ ရိုက်ရက်တွေ ညှိရတာရှိတယ်။ ကိုယ်ဝတ်တဲ့ အဝတ်အစားမထပ်အောင်နဲ့ ဇာတ်လမ်းနဲ့ လိုက်ဖက်တာ တွေပြင် ဆင်ရတာမျိုးတော့ ရှိတယ်။ သရုပ်ဆောင်ပိုင်းဆိုရင်လည်း တစ်ရက်ထဲနဲ့ ငိုရတာမျိုး၊ရယ်ရတဲ့ ဇာတ်ဝင်ခန်းမျိုး တစ်ပြိုင်နက်ရိုက်ကူးရတာလည်း ရှိတယ်။
မေး။ ။မြနှင်းရည်လွင် ရိုက်ကူးချင်တဲ့ ဇာတ်ကောင်စရိုက်က ဘယ်လိုသရုပ်ဆောင်မှုတွေလဲဆိုတာပြောပါဦး။
ဖြေ။ ။ လက်ရှိရိုက်ခဲ့သမျှတော့ မြနှင်းက အငြိမ်ပုံစံမျိူးလေးတွေလိုက်တယ်လို့ ပရိသတ်ကလည်း ပြော ကြတယ်။ အငြိမ်ဇာတ်ရုပ်ဆိုတာ ဥပမာ ရှေ့နေ၊ဆရာဝန်မျိုးပေါ့လေ။ ဒါပေမယ့် ဗီလိန်ဇာတ်ရုပ်မျိုး၊ သူများမလုပ်ချင်တဲ့ ဇာတ်ကောင်စရိုက်မျိုးတော့ ပိုပြီး ရိုက်ချင်တဲ့စိတ်ဖြစ်တယ်။
အခြားအနုပညာလှုပ်ရှားမှုကတော့ မျက်နှာဖုံးများဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ မင်းသမီးငါးယောက်ပေါ့။ စိုးပြည့် သဇင့်၊ အေးဝတ်ရည်သောင်း၊ အိချောပို၊ မေတို့နဲ့ အတူတူ သရုပ်ဆောင်ဖို့ရှိတယ်။ အလှပြင်ဆိုင်က မိန်းကလေး တွေအကြောင်းကို ရိုက်ထားတာပါ။ မင်းသားကတော့ မင်းဦး၊ ကျော်ထက်အောင်နဲ့ Russell တို့ပါမယ်။
ကိုလင်း