၄  ဇူလိုင်

 

မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။ အဆိုပါ အခမ်းအနားသို့ တက်ရောက်ကြသူများ၏ အမျိုးသမီးအခန်းကဏ္ဍနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်များကို ဖော်ပြအပ်ပါသည် - 

 

လှဝတီ(ဥက္ကဋ္ဌ)

မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း

 

ကျွန်မတို့ အသင်းရဲ့ ရည်ရွယ်ချက်ထဲမှာ မြန်မာအမျိုးသမီးတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ဆောင်ရွက်ဖို့ဆိုတာ ပါပါတယ်။ ဒါကြောင့်မို့ စီးပွားရေးလုပ်ငန်းတွေမှာ အောင်မြင်နေတဲ့ အမျိုးသမီးတွေကအစ ကျေးလက်ဒေသတွေမှာရှိတဲ့ အမျိုးသမီးတွေအဆုံး သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုပြီးအောင်မြင်အောင် ကူညီဆောင်ရွက်ပေးနေပါတယ်။ ထက်မြက်တယ်ဆိုတဲ့နေရာမှာ အမျိုးသားက ပိုထက်မြက်တယ်ဆိုတာ ရှိနိုင်သလို၊ အမျိုးသမီးတွေက ပိုထက်မြက်တာလည်း ရှိပါတယ်။ ပိုပြီးတော်တဲ့ သူက ခေါင်းဆောင်နေရာကို ရောက်ရှိမှာဖြစ်ပါတယ်။ အမျိုးသမီးရယ်၊ အမျိုးသားရယ် ခွဲခြားပြောလို့မရပါဘူး။ ကျွန်မတို့နိုင်ငံမှာလည်း အရင်ကထက်စာရင် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အလေးထားဦးစားပေးလာတယ်။ ကဏ္ဍအသီးသီးကနေ ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။ စီးပွားရေး ကဏ္ဍမှာလည်း အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ပိုပြီးဆောင်ရွက်လာကြတယ်။ ပိုပြီးဆောင်ရွက်ဖို့ အခွင့်အရေးတွေလည်း ရလာကြတယ်။ လက်ရှိကာလမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ရင်ပေါင်တန်းဆောင်ရွက်လာကြပြီ။ တချို့နေရာတွေမှာဆိုရင် အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုပြီး ဦးဆောင်နေတာကို တွေ့လာရပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှာ ကျွန်မတို့အသင်းလည်း ပါဝင် ပါတယ်။ ပြီးတော့ ဒီနေ့လို အခမ်းအနားမျိုးကိုလည်း မျှော်လင့်တယ်။ ပြခန်းမှာလည်း ကျွန်မတို့အသင်းက လုပ်ဆောင်တဲ့ ထုတ်ကုန်အချို့ကို ပါဝင်ပြသထားပါတယ်။
ကျွန်မတို့အသင်းမှာ ပါဝင်တဲ့ အမျိုးသမီး စီးပွားရေးလုပ်ငန်းတွေက အများကြီးရှိပါတယ်။ အခုဆိုရင် အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် ၁၆၀ဝ လောက်ရှိနေပြီ။ ဒီစီးပွားရေးလုပ်ငန်းတွေရဲ့ လုပ်ငန်းနေရာတွေမှာ အမျိုးသမီးတွေကို ဦးစားပေးခန့်ပေးဖို့ အချင်းချင်းတိုက်တွန်းနှိုးဆော်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နိုင်ငံမှာ အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက ပိုများတယ်။ ဒါကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကနေ ကူညီပံ့ပိုးပေးနိုင်အောင်ပါ။ လက်ရှိမှာ ကျွန်မတို့နိုင်ငံက အမျိုးသမီးတွေဟာ SME လုပ်ငန်းတွေနဲ့ ပိုပြီးအလုပ်ဖြစ်ကြတယ်။

 

ဒေါ်ထားထား(ဒါရိုက်တာ)

Akhaya Women Myanmar

 

ကျွန်မတို့အဖွဲ့အနေနဲ့ အမျိုးသမီးတွေ အကြမ်းဖက်ခံရတာတွေကို ကူညီဆောင်ရွက်ပေးပါတယ်။ အကြမ်းဖက်မှု ကာကွယ်တားဆီးရေးနဲ့ ပတ်သက်တာတွေကို အသိပညာပေးတာ၊ ကူညီဆောင်ရွက်ပေးတာတွေကို လုပ်ဆောင်ပေးပါတယ်။ ရင်ခွင်မဲ့ ကလေးများလျှော့ချရေးနဲ့ပတ်သက်လို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတာရှိပါတယ်။ ကျွန်မတို့ အဖွဲ့အနေနဲ့လည်း အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတာ ရှိပါတယ်။ ကျွန်မတို့ အသင်းတည်ထောင်စမှာ အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ Case တွေအတွက် ကူညီပေးဖို့ လိုအပ်တဲ့ လူအင်အား၊ နည်းပညာနဲ့ ငွေကြေးမပြည့်စုံဘူး။ ဒါပေမယ့် ကျွန်မတို့ဟာ ကူညီပေးချင်တဲ့ စိတ်နဲ့ အမျိုးသမီးတွေအတွက် ဘယ်လို ကူညီပေးရင် ရမလဲဆိုတာမျိုးနဲ့ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးတယ်။ အခုဆိုရင် ကျွန်မတို့အဖွဲ့အနေနဲ့ နည်းပညာတွေနဲ့ အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ Case တွေကို မှတ်တမ်းတင်နိုင်ပြီ၊ အမျိုးသမီးတွေအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ အခြားအဖွဲ့တွေကိုလည်း နည်းပညာတွေ မျှဝေနိုင်ပြီ။ ကျွန်မတို့အဖွဲ့တွေအနေနဲ့ ကျွန်မတို့ရဲ့ အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ အသိပညာပေး သင်ရိုးညွှန်းတမ်းတွေကို ကျန်းမာရေးဝန်ထမ်းတွေ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ လူမှုဝန်ထမ်းဦးစီးဌာန စတဲ့ ဌာနဆိုင်ရာက ဝန်ထမ်းတွေကိုလည်း မျှဝေပေးပါတယ်။ ဒီအတွက် အလုပ်ရုံဆွေးနွေးပွဲတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ တခြား ပြည်တွင်းအဖွဲ့အစည်းတွေကိုလည်း နည်းပညာတွေ မျှဝေပေးပါတယ်။
အမျိုးသမီးတွေကို ခွဲခြားနှိမ့်ချထားတဲ့ ဥပဒေတွေမရှိဘူး ဆိုပေမယ့် အမျိုးသမီးအခန်းကဏ္ဍ မြှင့်တင်ရေးအတွက် အရင်က ရေးဆွဲထားတဲ့ ဥပဒေတွေက အခုခေတ်နဲ့ မကိုက်ညီတာမျိုးရှိပါတယ်။ ဒါတွေကို ပြင်ဆင်ရမယ်။ ပြီးတော့ အမျိုးသမီးဆိုရင် အားနည်းတယ်၊ နိမ့်ကျတယ်လို့ထင်တဲ့ အယူအဆတွေလည်း ရှိနေသေးတယ်။ ဒါတွေကိုလည်း ပြောင်းရမယ်။ ဒီနေ့ ဆွေးနွေးပွဲမှာလည်း ကျွန်မအနေနဲ့ အမျိုးသမီးတွေဟာ တခြားသူတွေကို မှီခိုတဲ့ မှီခိုမဟုတ်ဘူး။ အိမ်သူအိမ်သားတွေကသာ အမျိုးသမီးတွေကို မှီခိုနေတဲ့အကြောင်းကို Positive Way နဲ့ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

 

ဒေါက်တာစန်းစန်းအေး (ညွှန်ကြားရေးမှူးချုပ်)

လူမှုဝန်ထမ်းဦးစီးဌာန

 

မြန်မာအမျိုးသမီးများနေ့ ကျင်းပရတဲ့ အကြောင်းအရင်းကို အရင်ဆုံးအနေနဲ့ ပြည်သူလူထုသိအောင် ပြောချင်ပါတယ်။ ၁၉၉၅ ခုနှစ်မှာ တရုတ်နိ်ုင်ငံ ပေကျင်းမြို့မှာ နိ်ုင်ငံပေါင်း ၁၈၉ နိုင်ငံက အမျိုးသမီးတွေ တက်ရောက်တဲ့ အမျိုးသမီးညီလာခံကနေ ဆုံးဖြတ်ချက် နှစ်ခု ချမှတ်နိ်ုင်ခဲ့ပါတယ်။ ပထမတစ်ချက်က နိ်ုင်ငံတော်အဆင့် အမျိုးသမီးအရေးကို ဆောင်ရွက်မယ့် ယန္တရားတစ်ရပ် ပေါ်ပေါက်လာဖို့ အမျိုးသမီး ကော်မတီပဲဖြစ်ဖြစ်၊ အမျိုးသမီးအဖွဲ့တွေပဲဖြစ်ဖြစ် နိ်ုင်ငံတော်အဆင့် ပေါ်ပေါက်လာဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့တယ်။ ဒုတိယဆုံးဖြတ်ချက်က အမျိုးသမီးတွေဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ငန်းအစီအစဉ်တွေ ချမှတ်ရမယ်ဆိုပြီး ဆုံးဖြတ်ချက်နှစ်ခုကို ချမှတ်ခဲ့တယ်။ ဆုံးဖြတ်ချက် နှစ်ရပ်နဲ့အညီ ကျွန်မတို့ မြန်မာနိုင်ငံမှာ ၁၉၉၆ ခုနှစ် ဇူလိုင် ၃ ရက်မှာ ကော်မတီတစ်ခုကို နိုင်ငံတော်အဆင့် ယန္တရားတစ်ရပ်အနေနဲ့ တည်ထောင်နိုင်ခဲ့တယ်။ ဒီလို စတင်ဖွဲ့စည်းမှုအထိမ်းအမှတ်အနေနဲ့ မြန်မာအမျိုးသမီးများနေ့ဆိုပြီး ကျင်းပတာဖြစ်ပါတယ်။ နိုင်ငံတော်အဆင့် ယန္တရားမှာ ဥက္ကဋ္ဌအနေနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက်ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီထဲမှာ ဘယ်သူတွေ ပါဝင်သလဲဆိုရင် အမျိုးသမီးအရေးကို တက်ကြွစွာ ဆောင်ရွက်နေတဲ့ လူမှုအဖွဲ့အစည်းတွေ၊ မြေပြင်မှာ လက်တွေ့ဆောင်ရွက်နေတဲ့ ကွန်ရက်တွေ ပါဝင်တယ်။

 

ပေကျင်းညီလာခံမှာချမှတ်ခဲ့တဲ့ အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ငန်းအစီအစဉ်တွေ ချမှတ်ရမယ်ဆိုပြီး ကျွန်မတို့ နိ်ုင်ငံကလည်း ၂၀၁၃-၂၀၂၂ ခုနှစ်ဆိုပြီး ဆယ်နှစ်တာ စီမံကိန်းနဲ့ ကျွန်မတို့ အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအစဉ်တွေ ချမှတ်တယ်။ အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါမှာ ယခုအစိုးရသက်တမ်းကာလက ဒုတိယသက်တမ်းကာလဖြစ်ပါတယ်။ ဒုတိယသက်တမ်းကာလ ငါးနှစ်အတွင်းမှာ မြန်မာနိ်ုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီရဲ့ ဦးဆောင်မှုနဲ့ မူဝါဒပိုင်းဆိုင်ရာတွေ၊ ဆုံးဖြတ်ချက်ပေးမှုဆိုင်ရာတွေ ဆောင်ရွက်ပေးပါတယ်။ ဒီနှစ် ထူးခြားမှုက ရင်ခွင်မဲ့ကလေး လျှော့ချရေးနဲ့ ကာကွယ်စောင့်ရှောက်ရေး အသင်းဆိုပြီး ပေါ်ပေါက်လာပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ လှုပ်ရှားဆောင်ရွက်နေပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနရဲ့အောက်မှာ စွန့်ပစ်ကလေးတွေအတွက် ကလေးပြုစုရေးဌာန ခုနစ်ခု ဖွင့်လှစ်ဆောင်ရွက်နေတယ်။ ကလေးသူငယ်ဆိုင်ရာ ဥပဒေလည်း လွှတ်တော်မှာ ရောက်ရှိနေပါပြီ။ ကလေးသူငယ်တွေမှာ ရှင်သန်ခွင့်ရှိရမယ်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့် ရှိရမယ်၊ ကြီးထွားဖွံ့ဖြိုးခွင့်ရှိရမယ်၊ ပါဝင်ခွင့် ရှိရမယ်ဆိုတဲ့ အခွင့်အရေး လေးရပ်ရှိပါတယ်။ ကလေးသူငယ်တွေ ဒီလိုအခွင့်အရေး ရရှိအောင် ဆောင်ရွက်ပေးနေပါတယ်။

 

အမျိုးသမီးအရေးတွေ ဆောင်ရွက်တယ်ဆိုတဲ့ နေရာမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီရဲ့အောက်မှာ လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းထားတယ်။ လုပ်ငန်းကော်မတီကို အထောက်အကူပြုပေးမယ့် နည်းပညာ အထောက်အကူပြု အဖွဲ့လေးရပ် ဖွဲ့စည်းဆောင်ရွက်နေပါတယ်

 

ဦးသန့်စင်ထွန်း (ရုံးအဖွဲ့မှူး)

မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း

 

ကျွန်တော်တို့အဖွဲ့အနေနဲ့ တစ်နိ်ုင်ငံလုံးမှာရှိတဲ့ အမျိုးသမီးနဲ့ ကလေးတွေရဲ့ဘဝ မြှင့်တင်ရေးကို ဆောင်ရွက် ပေးနေပါတယ်။ ဘုန်းတော်ကြီးသင် စာသင်ကျောင်းနဲ့ သွားလာမှုခက်ခဲတဲ့ ဒေသတွေက ရွာတွေအတွက် ကျေးလက်မီးလင်းရေးဆိုပြီး ဆိုလာနဲ့ မီးလင်းရေးကို ဆောင်ရွက်ပေးနေပါတယ်။ အခုဆိုရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်ခုနစ်ခုအတွက် ဆောင်ရွက်ပြီးပါပြီ။ ပြီးတော့ အဲဒီဒေသက အမျိုးသမီးတွေကို အိန္ဒိယနိုင်ငံကို သင်တန်းလွှတ်ပြီး သင်တန်းဆင်းလာရင် အဲဒီဒေသအတွက် မီးလင်းရေး ပြန်လုပ်ပေးနေတာလည်း ရှိပါတယ်။ ပြီးတော့ ကလေးတွေ အတွက်ဆိုရင် သွားရေးလာရေးခက်ခဲတဲ့ ကျေးလက်ဒေသတွေမှာ မူကြိုကျောင်းတွေ၊ စာသင်ကျောင်းတွေကို ဆောက်ပေးပါတယ်။ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေမှာဆိုရင် အမျိုးသမီးအိပ်ဆောင်တွေကို အဓိက ကူညီဆောက်လုပ်ပေးနေတာ ရှိပါတယ်။ အမျိုးသမီးတွေအတွက် ဝင်ငွေရလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတာလည်း ရှိပါတယ်။ ကရင်ပြည်နယ် ထော့ကော်ကိုး ဒေသမှာရှိတဲ့ အမျိုးသမီးတွေအတွက်ဆိုရင် ဝင်ငွေတိုးလုပ်ငန်းအဖြစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို အဓိကထား ဆောင်ရွက်ပေးပါတယ်။ ပြီးတော့ လာမယ့်နှစ်မှာဆိုရင်လည်း ကျေးလက်ဒေသက အမျိုးသမီးတွေကို အိန္ဒိယနိုင်ငံက ဆိုလာသင်တန်းတွေ တက်ရောက်ဖို့ စေလွှတ်သွားမှာ ဖြစ်ပါတယ်။

 

သတင်း-ရှင်မင်း၊ မွှေးကြူ

ဓာတ်ပုံ- ကျော်ရဲဆွေ