နေပြည်တော် ၁၃ ဇန်နဝါရီ
လူ့ဘဝရောက်လာသည့်အခါ မွေးဖွားလာခဲ့ရသည့် မိဘမျိုးရိုး၊ ပတ်ဝန်းကျင်အခြေအနေနှင့် သူ၏ကံအရ ကျား-မ၊ လူဖြူ လူမည်း လူဝါ၊ ဆင်းရဲ ချမ်းသာ၊ ရုပ်ဆိုး ရုပ်ချော၊ ဉာဏ်ရည်နိမ့်မြင့် ကွဲပြား ကွာခြား မွေးဖွားကြီးပြင်းခဲ့ရသည်။ ထိုအထဲတွင် ကိုးကွယ်ယုံကြည်မှုဆိုသည်လည်း တစ်စိတ်တစ်ပိုင်းပါ၏။ မိဘမျိုးရိုးအစဉ်အလာယုံကြည်မှုကို စွဲ၍ ကိုးကွယ် ယုံကြည်ကြသည်ကိုပါ ထည့်သွင်းစဉ်းစားလျှင် ကိုးကွယ် ယုံကြည်မှု ဆိုသည်ကလည်း မွေးဖွားလာသည့် အခြေခံပေါ်မှာ များစွာမူတည်နေ ပါသည်။
သို့သော်လည်း မည်သို့ပင် အသားအရောင်၊ လူမျိုးနှင့် ကိုးကွယ် ယုံကြည်ရာတို့ ကွဲပြားသည်ဖြစ်စေကာမူ အခြေခံအားဖြင့် ကောင်းမှု မကောင်းမှုဆိုသည်ကို စံထားသတ်မှတ်ကာ ကောင်းတာကို လုပ်၍ မကောင်းတာကို မလုပ်ဖို့ဟူသည်မှာ အစဉ်အလာအဆုံးအမဟု ဆိုရပါမည်။
ယေဘုယျအားဖြင့် ကောင်းတာလုပ်လျှင် ကောင်းသည့်အကျိုး ဖြစ်၍ မကောင်းတာလုပ်လျှင် မကောင်းသည့်အကျိုးသာ ဖြစ်လိမ့်မည်ဟု အားလုံးယုံကြည်ကြသည်။
ထို့ကြောင့် အတတ်နိုင်ဆုံး ကောင်းတာကိုသာ လုပ်ကြမည်၊ မကောင်းတာကို ရှောင်ကြဉ်ကြမည်ဆိုသည်ကလည်း လူသားတို့အတွက် ယေဘုယျအကျဆုံးနှင့် လိုက်နာရမည့် အဆုံးအမသာ ဖြစ်ချေ၏။
ယင်းသည့်အတွက် လူသားမျိုးနွယ်စုအားလုံးအတွက် အခြေခံနီတိမှာ ကောင်းတာကို လုပ်ကြရန်၊ မကောင်းတာကို ရှောင်ကြဉ်ကြရန်ဟူသည့် အစဉ်အလာ အဆုံးအမဖြစ်၏။
ဤနေရာတွင် လူ့လောကအတွက် အရေးကြီးသည့် အဆုံးအဖြတ်မှာ ပညာဉာဏ်ဖြစ်ပါသည်။ ပညာဟူသည်မှာ မည်သည်က ကောင်း၍ မည်သည်က မကောင်း ဟူသည်ကို ခွဲခြားဆန်းစစ် ဆုံးဖြတ် နိုင်ခြင်းကို ဆိုလိုပါသည်။
မိမိကိုယ်တိုင်အတွက်ရော လောကလူ့ရွာအတွက်ရော မည်သို့သော လုပ်ဆောင်မှုများက ကောင်းသည်ဖြစ်၍ မည်သည်တို့က မကောင်း ဟူသည်ကို ခွဲခြားနားလည်နိုင်ခြင်း၊ သုံးသပ်ဆုံးဖြတ်နိုင်ခြင်းတို့က ပညာဉာဏ် ရင့်သန်မှုပေါ်တွင် မူတည်နေသည်။ ပညာရှိသူက မိမိအတွက်၊ အခြားသူများအတွက်၊ လောက လူ့ဘောင်အတွက် ခြုံငုံသုံးသပ်ကာ ခွဲခြား နိုင်စွမ်းရှိ၏။ ယင်းသည် ဆင်းရဲချမ်းသာ၊ အသားအရောင်ကွဲပြားမှု၊ လူမျိုးဘာသာတို့နှင့်မဆိုင်။ မိမိ၏ တွေးခေါ်မြော်မြင်နိုင်မှုနှင့်သာ တိုက်ရိုက် ပတ်သက်နေ၏။
လူတစ်ဦး၏ ရင့်ကျက်မှု၊ တွေးတောကြံဆနိုင်မှု၊ အမြော်အမြင်ကြီးမှု၊ လောကအမြင် မြင့်မားကျယ်ပြန့်မှုတို့ပေါ်မှာတည်၍ ပညာဉာဏ် အတိမ်အနက် အနိမ့်အမြင့်တို့ ဖြစ်ရ၏။ ပညာဉာဏ်၏ လေးနက်မှုပေါ် တည်ကာ မည်သည်ကကောင်းသည် ဆိုးသည် ဆိုတာကို ခွဲခြားနိုင်စွမ်းရှိကာ ထိုခွဲခြားနိုင်မှုအတိုင်း ကောင်းတာလုပ် ဆိုးတာရှောင် ဟူ၍ဖြစ်ရ၏။
ထို့ကြောင့်ပင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အစရှိသည်ဖြင့် နေရာတကာတွင် ပညာ၏ အရေးပါမှုက ရှိနေပါသည်။ ယနေ့ ကာလကဲ့သို့သော တိုင်းပြည်နိုင်ငံနှင့်တကွ နိုင်ငံသူ နိုင်ငံသားများအားလုံး စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရချိန်၊ ထာဝရငြိမ်းချမ်းရေးအတွက် အားသွန်ကြိုးပမ်း ရုန်းကန်နေကြရသည့် အချိန်တွင် တကယ့်အမှန်တရားက ဘာ၊ တကယ်တမ်းအားလုံးအတွက် ကောင်းမွန်မှုက ဘာ၊ မိမိနှင့်တကွ လောကအလုံး သာယာငြိမ်းချမ်းနိုင်သည်က ဘာဆိုသည်ကို ရေရှည် မြော်မြင်ကာ ခွဲခြားသိမြင်နိုင်ကြဖို့က အရေးကြီးဆုံးဖြစ်သည်ဟု ယုံကြည် မိပါကြောင်း လေးစားစွာ တင်ပြအပ်ပါသတည်း။ ။
မြန်မာ့အလင်း