နေပြည်တော် ၁၃ ဇန်နဝါရီ
အလုပ်တစ်ခုကို လုပ်ကိုင်ဆောင်ရွက်ရာတွင် စစ်မှန်သောစေတနာဖြင့် လုပ်ကိုင်ဆောင်ရွက်မှသာ အောင်မြင်မှုရရှိနိုင်သည်။ စေတနာမှန်ကန် သော်လည်း အလုပ်မမှန်ကန်ပါက အချည်းနှီးပင်။ အလုပ်မှန်ကန်သော် လည်း စေတနာမမှန်ကန်ပါကလည်း အချည်းနှီးပင်။ ထို့ကြောင့် မှန်ကန် သောစေတနာနှင့် ထပ်တူထပ်မျှကျသည့် မှန်ကန်သော လုပ်ရပ်သည်သာ စစ်မှန်သောအကျိုးရလဒ်ကို ဆောင်ကြဉ်းပေးနိုင်သည်။
မြန်မာပြည်မြောက်ဖျား ဝေးလံသောဒေသတစ်ခုတွင် ဒေသခံ တိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝ မြင့်မားရေးကို မြှင့်တင်ပေးနိုင် သည့် လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဓာတ်အားရရှိရေးကို နိုင်ငံတော် က ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ယင်းသည် ပြည်ထောင်စုတိုင်းရင်းသား များအပေါ်ထားရှိသည့် မှန်ကန်သော စေတနာနှင့်လက်တွေ့လုပ်ဆောင် ပေးနိုင်မှုပင်ဖြစ်သည်။
“ကျွန်မတို့ရဲ့အစိုးရဟာ ပြည်ထောင်စုသားသမီးတွေအားလုံး အပေါ်မှာ စေတနာ၊ မေတ္တာထားပြီး ကြိုးစားနေတယ်ဆိုတာကို သိစေချင် ပါတယ်။ သိစေချင်တယ်ဆိုတာ ဂုဏ်ယူချင်လို့ မဟုတ်ပါဘူး၊ မင်္ဂလာယူ ချင်လို့လည်း မဟုတ်ပါဘူး။ ကျွန်မတို့ကြားမှာရှိတဲ့ ဆက်နွှယ်မှုတွေ ပိုပြီးခိုင်မာစေချင်လို့ပါ။ ဘယ်လိုပဲ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ စီမံကိန်းတွေရဲ့ အဓိကပံ့ပိုးမှုကတော့ စေတနာနဲ့လုပ်ပုံကိုင်ပုံ မှန်ကန်မှု အပေါ်မှာ မူတည်ပါတယ်” ဟု ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် ဇန်နဝါရီလ ၉ ရက်နေ့က ကျင်းပသည့် အထက် နမ့်ထွမ်ရေအားလျှစ်စစ် ဓာတ်အားပေးစက်ရုံဖွင့်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ပြည်ထောင်စုမြန်မာနိုင်ငံအတွက် အဓိကလိုအပ်ချက်မှာ တန်းတူ ညီမျှရေးပင်ဖြစ်သည်။ တန်းတူညီမျှ အတူတကွဖွံ့ဖြိုးတိုးတက်မှသာ ချစ်ကြည် ရင်းနှီးမှုတိုးတက်ခိုင်မာလာပြီး ယုံကြည်မှုကိုတည်ဆောက်နိုင် မည်ဖြစ် သည်။ ယုံကြည်မှုတည်ဆောက်နိုင်လျှင် ထာဝရငြိမ်းချမ်းမှုလည်း ဖြစ်ထွန်းခိုင်မာမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မြို့ပြများမှာ ဖွံ့ဖြိုး တိုးတက်နေပြီး ကျေးလက်များ၊ အထူးသဖြင့် နယ်စပ်ဒေသ၊ တောင်တန်း ဒေသများမှာ ဖွံ့ဖြိုးမှုကွာဟချက်များ ရှိနေသည်။
ထို့ကြောင့် ကချင်ပြည်နယ် တောင်တန်းဒေသများကဲ့သို့ ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို မှန်ကန်သော စေတနာဖြင့် လိုအပ်ချက်များအား တတ်နိုင်သမျှဖြည့်ဆည်းပေးနေသည်ကိုတွေ့ရသည်။ ဆောင်ရွက်ပေး နိုင်မှုမှာ ကြီးမားသောပမာဏမဟုတ်သော်လည်း ဝေးလံခေါင်ဖျားသော ထိုအရပ်ဒေသအတွက် တန်ဖိုးကြီးမားလှမည်ဖြစ်သည်။ အနေဝေးသော တိုင်းရင်းသားပြည်သူအချင်းချင်းအကြား အနေနီးပြီး ချစ်ကြည်ရင်းနှီးမှု တိုးလာအောင်၊ စီးပွားဖွံ့ဖြိုးလာအောင် လမ်းပန်းဆက်သွယ်ရေးက အထောက်အကူပြုမည်။ ဒေသခံတိုင်းရင်းသားပြည်သူများ လူမှုဘဝ မြင့်မားလာအောင်၊ နောင်လာနောက်သားများ လမ်းပွင့်သွားအောင် စွမ်းအင်ကဏ္ဍတစ်ခု တည်ဆောက်ပေးသည်။ အဓိကစေတနာမှာ ပြည်ထောင်စုအနာဂတ်၊ ပြည်ထောင်စု စိတ်ဓာတ်ကို အုတ်တစ်ချပ်၊ သဲတစ်ပွင့် ဖြည့်ဆည်းပေးခြင်းဖြစ်သည်။
လွယ်ကူသော အလုပ်တစ်ခုထက် ခက်ခဲသောအလုပ်တစ်ခုကို အောင်မြင်အောင်ဆောင်ရွက်နိုင်သည်မှာ မှန်ကန်သောစေတနာနှင့် မှန်ကန်သောလုပ်ရပ်များကြောင့်ပင်ဖြစ်သည်။ ပြည်ထောင်စုကြီးအတွက် အရေးကြီးသော လုပ်ငန်းများကိုလုပ်ပေးနိုင်ခြင်း၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာပြီး သံယောဇဉ်နှင့် သစ္စာတည်နိုင်အောင် လုပ်ပေးနိုင်ခြင်းသည် ပြည်ထောင်စုကို တည်ဆောက်ခြင်းဖြစ်၍ ဂုဏ်ယူဖွယ်၊ ကျေနပ်ဖွယ်၊ ဝမ်းမြောက်ဖွယ်ဖြစ်သည်။
ယခု နိုင်ငံတော်က တည်ဆောက်ဖွင့်လှစ်ပေးခဲ့သော ပူတာအို မြို့နယ်အနောက်ဘက်ရှိ ၃ ဒသမ ၂ မဂ္ဂါဝပ်ရှိ ရေအားလျှပ်စစ်စက်ရုံမှ ပူတာအိုမြို့ပေါ် ၁၀ ရပ်ကွက်နှင့် မချမ်းဘော့မြို့ပေါ် လေးရပ်ကွက် အပါအဝင် ပတ်ဝန်းကျင်ကျေးရွာ ၂၃ ရွာအား ၂၄ နာရီ လျှပ်စစ်ဓာတ် အားဖြန့်ဖြူးပေးနိုင်ခြင်းသည် ဒေသခံတိုင်းရင်းသား ပြည်သူများအတွက် အဖိုးတန်သော လက်ငင်းအကျိုးရလဒ်ပင်ဖြစ်သည်။
သို့ဖြစ်ရာ ပြည်ထောင်စုတိုင်းရင်း သားများအပေါ်ထားရှိသည့် မှန်ကန်သည့် စေတနာနှင့် လုပ်ကိုင်ဆောင်ရွက်ပေးမှုများသည် ပြည်ထောင်စုကြီး တစ်ခုလုံး ဖွံ့ဖြိုးရေး၊ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်း သာယာရေးကို အလေးထားဦးတည်နေသည်ဟု ရှုမြင်ပါသည်။ ။
ကြေးမုံ