နေပြည်တော် ၁၁ ဖေဖော်ဝါရီ

မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)သို့ ၁၉၄၈ ခုနှစ် မေ ၁၈ ရက်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် စတင်ဝင်ရောက်ခဲ့သည်။ အဓမ္မခိုင်းစေမှုဆိုင်ရာ ILO ပြဋ္ဌာန်းချက်အမှတ် ၂၉ ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် ၂၀၀၂ ခုနှစ်တွင် ILO နှင့် လက်မှတ်ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာ၏  နောက်ဆက်တွဲနားလည်မှုစာချွန်လွှာ (Supplementary Understanding-SU)အရ ၂၀၀၇ ခုနှစ်မှ စတင်၍ ILO နှင့် ပူးပေါင်းကာ တိုင်ကြားမှုယန္တရား ထူထောင်ပြီး အဓမ္မခိုင်းစေမှု တိုင်ကြားချက်များကို ၂၀၁၈ ခုနှစ်ထိ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ 

၂၀၁၉ ခုနှစ်မှစ၍ အဓမ္မခိုင်းစေမှုတိုင်ကြားချက်များကို နိုင်ငံပိုင်ယန္တရားဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား (National Complaints Mechanism- NCM) ထူထောင်နိုင်ရေး ဆောင်ရွက်ဆဲကာလတွင် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားချက်များကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အပါအဝင် သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ (High Level Working Group-HLWG)မှ ကြားကာလ ယန္တရားအဖြစ် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်။

ယခုအခါ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားကို စတင်လည်ပတ် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်၍ မည်သူမဆို အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုများကို လွှတ်တော်၊ နိုင်ငံတော်သမ္မတရုံး၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ILO (ရန်ကုန်)နှင့် အခြားအဖွဲ့အစည်းများမှတစ်ဆင့် လည်းကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရုံးအမှတ် (၅၁)၊ နေပြည်တော်သို့ လူကိုယ်တိုင် (သို့မဟုတ်) စာဖြင့်လည်းကောင်း၊ ဖုန်းနံပါတ် ၀၆၇-၃၄၃၀၁၈၄၊ ၀၆၇-၃၄၃၀၂၂၉၊ ၀၆၇-၃၄၃၀၂၇၄ နှင့် email လိပ်စာ [email protected], [email protected], [email protected] များသို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ရုံးအဖွဲ့၊ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေးကြေညာထားကြောင်း သိရသည်။ 

သတင်းစဉ်