ငဖဲ  ၁၃ ဇန်နဝါရီ  

 

မင်းဘူးခရိုင် ငဖဲမြို့နယ် ပင်ဦးကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာတွင် တောင်သူဦးဝင်းဆောင်၏ ကွင်းအမှတ် ၁၀ဝ၃၊ ဦးပိုင်အမှတ်-၇၊ စိုက်ဧက (၁.၅၀)တွင် စိုက်ပျိုးထားသော မိုးနှောင်းချည်မျှင်ရှည်ဝါ ငွေချည်-၉ ဝါမျိုးတောင်သူ ပညာပေး စံပြဝါစိုက်ခင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါတောင်သူ၏ ဝါစိုက်ခင်း၌ ကျင်းပသည်။

 

6

 

ကွင်းသရုပ်ပြပွဲတွင် ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးဝင်းအောင်က ရွှေတောင်-၈ နှင့် ငွေချည်-၉ ချည်မျှင်ရှည်ဝါမျိုးများက သီးလုံးဖောက်ပိုးဒဏ် ခံနိုင်ရည်ရှိပြီး အခြားမျိုးများထက် ပိုးသတ်ဆေးဖိုးနှင့် ဆေးဖျန်းကုန်ကျစရိတ် သက်သာခြင်း၊ ဝါအရည်အသွေး ကောင်းမွန်ပြီး ဝါဈေးနှုန်းပိုမိုရရှိခြင်း၊ ဝါပေါက်အရွယ်အစား ကြီးမားညီညာသောကြောင့် ဝါကောက်ရလွယ်ကူခြင်း၊ သိပံနည်းကျ စနစ်တကျ စိုက်ပျိုးနိုင်လျှင် တစ်ဧကကို ပိဿာချိန် ၁၀ဝ၀ ကျော်အထိ  ထွက်ရှိကြောင်း၊ ချည်မျှင်ရှည်ဝါ ဝင်ငွေအကျိုးအမြတ် မြင့်မားရေးအတွက် တောင်သူများ လိုက်နာဆောင်ရွက်ရမည့် စိုက်ပျိုးနည်းစနစ်များနှင့် တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။

 

7

 

"ငွေချည်-၉ ဝါမျိုးကို တိုက်ရိုက်အစေ့ချပြီး ၄ ကွက်ကြား စနစ်နဲ့စိုက်ပါတယ်၊ ၁ ဧကကို ဝါစေ့ ၃ ပိဿာခန့် စိုက်ပျိုးရပါတယ်၊ ဝါခေါင်လမှာ စစိုက်ပြီး ပြာသိုလကုန်လောက်ဆိုရင် ဝါကောက်လို့ရပါပြီ၊ ဖြုတ်စိမ်းကောင်များ ကျရောက်တဲ့အတွက် ပိုးသတ်ဆေးများ ဖြန်းပေးရပါတယ်၊ ၁ ဧကကို ဝါပိဿာချိန် ၈၀ဝ ကျော်ထွက်ပြီး ကျပ် ၁၃၅၀ ဈေးရောင်းရပါတယ်၊ ကုန်သည်များက ရွာထဲထိလာဝယ်ကြပြီး ဝါစိုက်ပျိုးရေးလုပ်ငန်း တွက်ခြေကိုက်ပါတယ်" ဟု တောင်သူဦးဝင်းဆောင်က ပြောသည်။

 

ငဖဲမြို့နယ် ပင်ဦးကျေးရွာအုပ်စုတွင် ငွေချည်-၉ ဝါမျိုး စိုက်ဧက (၇၀)ကျော် စိုက်ပျိုးကြပြီး တစ်မြို့နယ်လုံးအနေဖြင့် စိုက်ဧက (၃၅၇၀)ကျော်ရှိကြောင်း သိရသည်။ 

 

မယု(ငဖဲ)