လွိုင်ကော် ၁၃ ဇန်နဝါရီ
(၆၇)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကယားပြည်နယ် လူထုဗဟိုပြုစီမံကိန်း သတင်းလှုံ့ဆော် ပြန်ကြားရေးပြခန်းကို ဇန်နဝါရီ ၁၀ ရက်မှ ၁၈ ရက်အထိ ဖွင့်လှစ်ပြသလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြခန်းတွင် လူထုဗဟိုပြုစီမံကိန်းမှ ဆောင်ရွက်ပြီးစီးခဲ့သော အဆောက်အဦပုံစံငယ်များ၊ စီမံကိန်းလုပ်ငန်းခွဲများ ဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိသော မှတ်တမ်းဓာတ်ပုံများကို ပြသထားပြီး ကယားပြည်နယ်အတွင်းမှ လာရောက်ကြည့်ရှုလေ့လာကြသော ပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ စီမံကိန်းနှင့် ပတ်သက်သည့် မေးခွန်းများ မေးမြန်းကာ ဖြေဆိုနိုင်သူများအား စီမံကိန်းတံဆိပ်ပါ မိုးကာ၊ အင်္ကျီ၊ ကျောပိုးအိတ်၊ တီရှပ်၊ ဦးထုပ်များကို လက်ဆောင်များအဖြစ် ပေးအပ်ခဲ့သည်။

အဆိုပါ ပြခန်းကို ကယားပြည်နယ် လူထုဗဟိုပြုစီမံကိန်းမှ ဆောင်ရွက်နေသော သတင်းအချက် အလက်များအား ပြည်သူလူထုမှ ကျယ်ကျယ်ပြန့် ပြန့်သိရှိနိုင်စေရန် ရည်ရွယ်၍ (၆၇)နှစ်မြောက် ကယားပြည်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဖွင့်လှစ်ပြသခြင်းဖြစ်ကြောင်း လူထုဗဟိုပြု စီမံကိန်းတာဝန်ခံ ဦးနန်းထိုက်ရွှေထံမှ သိရသည်။
ဝတ်ရည်(မယ်စဲ့)