လေရှီး ၁၃ ဇန်နဝါရီ

 

၂၀၁၉ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်ထိ လေရှီးမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

“နာဂရိုးရာယဉ်ကျေးမှု ပွဲတော်ကာလမှာ ဇန်နဝါရီ ၁၄ ရက်နှင့် ၁၅ ရက်ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၆ ရက်နေ့ကတော့ သီခြားဖျော်ဖြေတင်ဆက်မှုတွေ ရှိပါတယ်။ အားကစားပြိုင်ပွဲများနှင့် ရိုးရာဓလေ့ ပြခန်းများကိုလည်း ဇန်နဝါရီ ၁၂ ရက်နေ့က စတင်ပြုလုပ်ပေးပါတယ်။ လေရှီး၊ လဟယ်၊ နန်းယွန်း၊ ဟုမ္မလင်း၊ ခန္တီး၊ ရန်ကုန်၊ မန္တလေး၊ ဖားကန့် စသည့် မြို့နယ်ပေါင်းစုံနှင့် နယ်ပေါင်းစုံတို့မှ (ကိုကာ့၊ လောင်ဖူးရီ၊ တန်ကွန်၊ မကူရီ၊ ဂျက်ဂျရ်) မျိုးနွယ်စုများနှင့် ကူကီးချင်းမျိုးနွယ်စုတို့၏ ရိုးရာယဉ်ကျေးမှုအက (ကျား၊ မ)အဖွဲ့၊ အားကစားအဖွဲ့၊ မြို့နယ်ယဉ်ကျေးမှု ကိုယ်စားလှယ်များနှင့် ရိုးရာအကအဖွဲ့ ကိုယ်စားလှယ်များ စသည့် ပြည်တွင်းဧည့်သည် စုစုပေါင်း (၁၀ဝ၀)ကျော်အား  ပွဲတော်ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေး ဆပ်ကော်မတီက လေရှီးမြို့ပေါ်ရှိ အမှုထမ်း၊ မြို့မ၊ အောင်မင်္ဂလာ စသည့် ရပ်ကွက်များနှင့် ရေဒေါင်ကျေးရွာတို့ရှိ (ထက်၊ လယ်၊ မှု) အခြေခံပညာကျောင်းများနှင့် ဂျက်ဂျရ်ယဉ်ကျေးမှုရုံးတို့တွင် တည်းခိုနေရာအဖြစ် အခမဲ့ စီစဉ်ပေးထားပါတယ်” ဟု ပွဲတော်ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးကျော်ကျော်ဟန်က ပြောသည်။

 

အဆိုပါ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်တွင် အားကစားပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီစဉ်များ၊ ဌာနဆိုင်ရာ အသိပညာပေးပြခန်းများ၊ ရိုးရာဓလေ့ပြခန်းများ ဖွင့်လှစ်ပြသပေးသည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ ကုသဆောင်ရွက်ပေးလျက်ရှိကာ နာဂရိုးရာ အမှတ်တရ အဝတ်အထည်နှင့် အသုံးဆောင်ပစ္စည်း အရောင်းဆိုင်များကိုပါ ဖွင့်လှစ်ပေးထားပြီး ပွဲတော်လာ ပြည်သူများအတွက် အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန်တို့အတွက် လုံခြုံရေးကိစ္စများကို တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ပွဲတော်တွင် ရိုးရာယဉ်ကျေးမှုမီးပုံပွဲများ၊ မျိုးနွယ်စုအလိုက် ရိုးရာယဉ်ကျေးမှု အကများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည့်အပြင် အဆိုပါဒေသသို့ လာရောက်သော ပြည်တွင်းပြည်ပ ခရီးသွားများက လေရှီးမြို့ အခြေပြုကာ ရိုးရာနေအိမ် အဆောက်အဦပြတိုက်၊ လေခါးထစ်လယ်ယာစိုက်ခင်း၊ လေးရှီးမြို့ ဘုရားတောင်ရှုခင်းမြင်ကွင်း၊ စာရာမေရိတောင်အလှ ရှုခင်းမြင်ကွင်း၊ ရွှေ့ပြောင်းတောင်ယာစိုက်ခင်းများကို လေ့လာကြကြောင်း သိရသည်။

 

mdn

 

အဆိုပါ နာဂရိုးရာယဉ်ကျေးမှုပွဲတော်ကို ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများ၊ ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်၊ နာဂရိုးရာယဉ်ကျေးမှု အနုပညာများကို ဖော်ထုတ်၍ ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်သွားရန်၊ နာဂမျိုးနွယ်စုများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် နားလည်မှုများ ပိုမိုရရှိလာစေရန်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို နာဂတိုင်းရင်းသားများမှ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်သွားနိုင်ရန်နှင့် နာဂမျိုးနွယ်စုအချင်းချင်း ရင်းနှီးချစ်ကြည်မှုကို အခြေခံ၍ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ကာ ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားလာစေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)