နေပြည်တော် ၁၅ ဖေဖော်ဝါရီ

 

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရုံးချုပ်၌ ကျင်းပသည်။

 

mdn

 

ရှေးဦးစွာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၄)နှစ်တာခရီး မှတ်တမ်းအစီအစဉ်ကို ပြသသည်။

 

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် ၇၄ နှစ်တာ သက်တမ်းကို အောင်မြင်စွာ ဖြတ်သန်းကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ၁၉၄၆ ခုနှစ်တွင် ဗမာ့အသံအဖြစ်စတင်ခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် မြန်မာ့အသံ၊ ၁၉၈၀ ပြည့်နှစ်တွင် အရုပ်နှင့်အသံပါတွဲဖက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပါကြောင်း၊ ရုပ်မြင်သံကြားစတင် ကြည့်ရှုခွင့်ရရှိခဲ့သည်မှာ နှစ်ပေါင်း ၄၀ ခန့်ရှိလာပြီး ရေဒီယိုနားသောတ ဆင်ခွင့်ရရှိခဲ့သည်မှာလည်း  ၇၄ နှစ်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ဖြတ်သန်းလာခဲ့သည့် သမိုင်းကြောင်းသည် အလွန်ပင် ရှည်လျားခဲ့ပြီဖြစ်ပါကြောင်း။

 

ကိန်းဂဏန်းကာလမြင့်လာလေလေ အမည်နာမ၏ တန်ဖိုးသည်လည်း ရင့်လာလေဖြစ်ပါကြောင်း၊ အတွေ့အကြုံကောင်းများ ပိုမိုရရှိလာခြင်းကြောင့် တန်ဖိုးလည်း မြင့်မားလာရပါကြောင်း၊ (၇၄)နှစ်သက်တမ်းကို ဖြတ်သန်းခဲ့ပြီး ခေတ်ကာလ အဆက်ဆက် ဖြစ်ရပ်များကို ပြည်သူများထံတင်ဆက်နိုင်ခဲ့ပါကြောင်း၊ လွတ်လပ်ရေးမရခင်ကတည်းက ပေါ်ထွက်ခဲ့သည့် ဌာနကြီးဖြစ်ပြီး နိုင်ငံရေးခေတ်စနစ်အမျိုးမျိုး ပြောင်းလဲလာမှုနှင့်အတူ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည်လည်း ပြောင်းလဲမှုများစွာကို ကြုံတွေ့ခဲ့ရပါကြောင်း။

 

2

 

ပြန်ကြားရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ဆောင်ပုဒ်လည်းဖြစ်သည့် ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်တို့သည် ခေတ်စနစ်များမည်သို့ပင် ပြောင်းလဲသော်လည်း ပြည်သူများအတွက် လိုအပ်လျက်ရှိ နေဦးမည်ဖြစ်ပါကြောင်း၊ အစိုးရတိုင်းသည် အများပြည်သူနှင့် ဆက်သွယ်သည့် ဆက်သွယ်ရေး ယန္တရားလိုအပ်မည် ဖြစ်ပါကြောင်း၊ အမည်နာမများသာ ပြောင်းလဲသွားနိုင်လျှင် ပြောင်းလဲသွားနိုင်သော်လည်း လုပ်ငန်း၏ အနှစ်သာရမှာ ဆက်လက်တည်ရှိနေမည် ဖြစ်ပါကြောင်း၊ ယခင်နေရာများတွင် နည်းပညာသစ်များက အစားထိုးဝင်ရောက်လာနိုင်ပါကြောင်း၊ ယနေ့ အွန်လိုင်းခေတ်တွင်လည်း လူအများအတွက် သတင်းအချက်အလက်ပေးခြင်း၊ အသိပညာပေးခြင်းနှင့် ဖျော်ဖြေခြင်းတို့မှာ လိုအပ်နေမည်ပင် ဖြစ်ပါကြောင်း၊ ခေတ်စနစ်နှင့်အညီ နည်းပညာများကို အသုံးပြု၍ တင်ပြပုံပြောင်းလဲ ဆန်းသစ်ခြင်းများကို ဖော်ထုတ်ကြရမည်ဖြစ်ပါကြောင်း၊ မည်သို့ပင်ဖြစ်စေ အသွင်သဏ္ဌာန်များ ကွာခြားသွားနိုင်သော်လည်း အတွင်းအနှစ်သာရသည် ပြောင်းလဲမှုမရှိဘဲ အတတ်ပညာများပိုမို ဖြည့်ဆည်းကာ ပိုမိုတိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်သွားကြ စေလိုပါကြောင်း။

 

3

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများကိုလည်း အချိန်များစွာရင်းနှီးကာ လုပ်ငန်းခွင်အတွင်း တာဝန်ထမ်းဆောင်နေကြချိန်တွင် မိမိဖန်တီးသည့် လက်ရာ၊ မိမိ၏ ဆောင်ရွက်ချက်များကို ကိုယ်တိုင်အကဲဖြတ်ကာ မိမိတန်ဖိုးကို သတ်မှတ်ပြဋ္ဌာန်းစေလိုပါကြောင်း၊ နိုင်ငံအတွက်၊ ပြည်သူအတွက် တတ်စွမ်းသည့်လုပ်ငန်းတာဝန်များကို ပိုမိုဖြည့်ဆည်းကာ လေ့လာသင်ယူကြခြင်းဖြင့် တန်ဖိုးကိုမြှင့်တင်စေလိုပါကြောင်း၊ လုပ်ငန်းခွင်အတွင်း အာရုံစူးစိုက်လုပ်ကိုင်ခြင်းနှင့် ကဏ္ဍအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့် တိုးတက်မှုကိုရှာဖွေစေလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လာမည့်နှစ်သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုကာလကို ရောက်ရှိတော့မည်ဖြစ်ပါကြောင်း၊ လာမည့်နှစ်စိန်ရတုပွဲကိုလည်း ရုပ်ရှင်ရာပြည့်ပွဲတော်၊ တက္ကသိုလ်ရာပြည့်ပွဲတော်များနည်းတူ ခမ်းနားစွာပြသတင်ဆက် စေလိုပါကြောင်း၊ (၇၅)နှစ်တာကာလအတွင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ဆောင်ရွက်ခဲ့သည့် ဖြတ်သန်းမှုပုံရိပ်များ၊ ပစ္စည်းများနှင့် အမှတ်တရများကို ပြသစေလိုပါကြောင်း၊ ကြိုတင်၍လည်း ရုပ်သံအစီအစဉ်များတွင် စိန်ရတုပွဲအတွက် အစီအစဉ်များ ထည့်သွင်းတင်ဆက်စေလိုပါကြောင်း၊ ဂုဏ်ယူဝံ့ကြွားစွာဖြင့် တင်ဆက်ပြသနိုင်ရန် အားလုံးဝိုင်းဝန်းကြိုးစားစေလိုပါကြောင်း ပြောကြားသည်။

 

4

 

ယင်း‌နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၁၉ ခုနှစ်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရုပ်သံထုတ်လုပ်၊ ထုတ်လွှင့်မှုဆိုင်ရာ ထူးချွန်ဆုရရှိသူများဖြစ်သည့် အိပ်မက်လမ်းသို့ခရီးရှည် အစီအစဉ်ဖြစ်သည့် ဝေးလံခေါင်ဖျားသည့်ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသသို့ သွားရောက်ကာ ပညာသင်ကြားပေးနေသည့် ပညာရေးဝန်ထမ်းများ၏ အကြောင်းကို ကြိုးစားတင်ဆက်နိုင်ခဲ့သဖြင့် တိုင်းရင်းသားရုပ်သံလိုင်းမှ ဝန်ထမ်းများအားလည်းကောင်း၊ အသံလွှင့်ဌာနခွဲမှ ဦးခွန်နေဝင်းအားလည်းကောင်း ဆုများချီးမြှင့်ပေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ရေဒီယိုတင်ဆက်မှု ထူးချွန်ဆုရရှိသူ အသံလွှင့်ဌာနခွဲမှ ဒေါ်သဲစုမိုးနှင့် ရုပ်မြင်သံကြားတင်ဆက်မှု ထူးချွန်ဆုရရှိသူ ရုပ်မြင်ဌာနခွဲမှ ဒေါ်အိမွန်ကျော်တို့အား ဂုဏ်ပြုဆုချီးမြှင့် ပေးအပ်သည်။

 

ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က စက်ပိုင်းဆိုင်ရာ ထူးချွန်ဆုရရှိသူ စက်မှုဌာနခွဲမှ  ဦးရဲမာန်ဦး၊ ရိုက်ကူးရေးပိုင်းဆိုင်ရာ ထူးချွန်ဆုရရှိသူ ဦးထွန်းနိုင်မောင်နှင့် ဌာနခွဲအလိုက် စံပြဆုရရှိသူများကို ဂုဏ်ပြုဆုများချီးမြှင့်သည်။

 

5

 

ယင်းနောက် ညွန်ကြားရေးမှူးချုပ်များ၊ ခေတ္တဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာ၀န်ရှိသူများက ဌာနခွဲအလိုက်စံပြဆုရရှိကြသူ ၈ ဉီးနှင့် ၂၀၁၉ ခုနှစ်တွင် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ရရှိသူများကို  ဂုဏ်ပြုဆုများချီးမြှင့်ကြသည်။

 

ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းများအားလုံးအတွက် ဝတ်စုံစရိတ်များကို ဒုတိယညွှန်ကြားရေးမှူးချုပ် (EIC) ဦးမျိုးမြင့်အောင်နှင့် ခေတ္တဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ) ဦးဇေယျာတို့ကို ပေးအပ်ပြီး နှစ်ပတ်လည်အခမ်းအနားအတွက် ကူညီပံ့ပိုးပေးသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ကုမ္ပဏီများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်သည်။

 

6

 

ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (၇၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဗလာမပါ ကံစမ်းမဲဖောက်ပေးသည့် အစီအစဉ်ကိုကျင်းပရာ ကံစမ်းမဲဆုကြီးများ ကံထူးသည့် ဝန်ထမ်းများအား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့ကလည်းကောင်း၊ ကျန်ဆုမဲများအား တာဝန်ရှိသူများကလည်းကောင်း မဲဖောက်ပေးခဲ့ကြသည်။

 

7

 

သတင်းစဉ်