မြန်မာနိုင်ငံအတွင်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာမည့် မြန်မာ့ရိုးရာ ပန်းပုလုပ်ငန်းတွင် အခြေခံဖြစ်သော ပန်းပုပြုလုပ်ရန် လိုအပ်သောသစ်မာများ အလွယ်တကူ ဝယ်ယူရရှိရေး၊ လုပ်ငန်းလိုင်စင်များ ရရှိရေး၊ ကျွမ်းကျင်သောပန်းပု ပညာရှင်များ ပေါ်ထွက်လာစေရေးနှင့် ကောင်းမွန်သော ဈေးကွက်တစ်ခု ဖြစ်ပေါ်လာစေရေးအတွက် အခက်အခဲ၊ လိုအပ်ချက်များ အနည်းငယ်ရှိနေသေးကြောင်း သိရသည်။
လက်မှုအနုပညာကို ခံစားထုလုပ်
"ပန်းပုရုပ်တစ်ခု ထုလုပ်ဖို့ဆိုတာ အချိန်၊ ကာလ သတ်မှတ်လို့ မရပါဘူး။ ကိုယ် အလုပ်လုပ်တဲ့အချိန် စိတ်ဝင်စားမှုရှိမှ အသက်ဝင်၊ လက်ရာမြောက်တဲ့အတွက် သစ်အရွယ်အစား အသေး၊ အကြီး၊ ပုံစံကို ကြည့်ပြီး ကိုယ့်ရဲ့ စိတ်ကူး၊ လေးဖက်လေးတန် ပုံစံကိုကြည့်ပြီး လက်မှုအနုပညာကို ခံစားထုဆစ်ရတာပါ။ သစ်အရည်အသွေး၊ လက်ရာပေါ်မှာ အရွယ်အစားအလိုက် ဈေးနှုန်း အနိမ့်၊ အမြင့် ရှိပါတယ်။ ထုလုပ်ပြီးတဲ့ ပန်းပုရုပ်တစ်ခုအတိုင်း သင့်တော်တဲ့ လက်ခရပါတယ်။ ပန်းပုရုပ်လိုင်းမှာ ရုပ်လုံး၊ ရုပ်ကြွ၊ တစ်ခြမ်းမောက်ပိုင်းဆိုတာရှိပြီး ရရှိတဲ့ သစ်အမျိုး အစားပုံသဏ္ဌာန်ပေါ်မူတည်ပြီး လိုချင်တဲ့ပုံကို စိတ်ကူးယဉ် ထုလုပ်ရတာပါ။ သစ်တိုသစ်စ၊ သစ်မြစ်ဆုံ၊ သစ်ငုတ်တို၊ သစ်ဆွေးကအစ အားလုံးအသုံးပြုလို့ ရပါတယ်။ ပန်းပု ထုရာမှာ အကောင်းဆုံး သစ်အမျိုးအစားတွေက တောကြီး ပိတောက်၊ တမလန်း၊ ကျွန်း၊ ကုက္ကို၊ ပိတောက်၊ ယင်း တိုက်သားများ ဖြစ်ပါတယ်။ လိုအပ်တဲ့ သစ်ကုန်ကြမ်းရရှိဖို့၊ လုပ်ငန်းလိုင်စင်ရရှိဖို့ ဆောင်ရွက်ရတာ ခက်ခဲပေမယ့် ထုလုပ်ပြီးတဲ့ ကုန်ချောပန်းပုရုပ်တွေကို နိုင်ငံတော်က လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပေးထားပါတယ်။ အခု ဒီမြို့မှာ အဖွဲ့လိုက်လာပြီး နေထိုင် စားစရိတ်ငြိမ်းနဲ့ ပန်းပုရုပ်တွေ ထုလုပ်ပေးနေတာပါ။ နေ့စား၊ လခစား၊ ပုတ်ပြတ် အမျိုးမျိုး ရှိပါတယ်။ သူ့အရည်အချင်းအလိုက် လုပ်အားခ မတူညီ ပါဘူး။ ကိုယ်ထုလုပ်ပြီးတဲ့ ပန်းပုရုပ်ပေါ်မူတည်ပြီး လက်ခရပါတယ်။ အသက် ၁၄ နှစ်အရွယ်ကတည်းက ပညာသင် ထုလုပ်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော် ဒီပညာနဲ့ အသက်မွေးခဲ့ တာပါ။ အဆင်ပြေပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဒါးပိန်မြို့မှ လာရောက်လုပ်ကိုင်သူ ကိုရဲနိုင် (မြန်မာ့ရိုးရာပန်းပညာရှင်များ အစည်းအရုံး အသင်းဝင်)က ပြောသည်။
"သစ်သားပန်းပု အရောင်းဆိုင်ဖွင့်မယ်ဆိုပြီး ရည်ရွယ်ထားတာ တစ်နှစ်ကျော်ပါပြီ။ အခုဆို အရုပ်တော်တော်လေးတော့ စုဆောင်းရရှိပါပြီ။ နိုင်ငံအတွင်းက မြန်မာ့ပန်းပု ပညာရှင်တွေကို ခေါ်ယူပြီး ဈေးနှုန်းသတ်မှတ်ခြင်းမရှိဘဲ အနုပညာလက်ရာပေါ်ကြည့်ပြီး ထိုက်သင့်တဲ့ အခကြေးငွေ ချီးမြှင့်ပေးပါတယ်။ လိုအပ်တဲ့ သစ်ကုန်ကြမ်းကို ဒေသတွင်းမှာ လိုက်လံရှာဖွေ ဝယ်ယူရရှိတဲ့အတွက် သစ်သား ပန်းပုရုပ်တွေ ထုလုပ်နေတာပါ။ ဈေးကွက်အခြေအနေက ကောင်း၊ မကောင်း မသိရသေးပါဘူး။ စားသောက်ဆိုင်တွေက အော်ဒါမှာယူတဲ့ အလှဆင်ပန်းပုရုပ်တွေကို ဈေးနှုန်း သင့်တင့်စွာ ရောင်းချပေးပါတယ်။ ပရိဘောဂလုပ်ငန်း လိုင်စင်ရှိပါတယ်"ဟု သုဝဏ္ဏဝတီမြို့တွင် သစ်သားပန်းပု အရောင်းဆိုင်ဖွင့်လှစ်ရန် စီမံထားရှိသူ ဦးကျော်ဝေက ပြောသည်။
မြန်မာ့ရိုးရာပန်း ၁၀ မျိုးတွင် ပါဝင်သော ပန်းပုပညာရပ်ကို နိုင်ငံတော်က အသိအမှတ်ပြုအားပေး၍ သစ်သားပန်းပု ပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေးနေသည့်အပြင် အရည်အသွေးမြင့် ရရှိလာသည့် သစ်သားပန်းပုအချောထည်များကို လက်မှုနှင့် စက်မှုပညာ ပေါင်းစပ်၍လည်းကောင်း၊ လက်မှု နှင့် ထုလုပ်ထားသော လက်ရာကောင်း ရုပ်တုများကို စက်ဖြင့် ပုံစံထုတ် မှိုလောင်းပြီး ပုံစံတူသစ်အရွယ်အစားအလိုက် အရေအတွက်များစွာ ထုတ်လုပ်နိုင်ကြောင်း၊ ယခုအခါ ပြည်တွင်းဈေးကွက်၌ တန်ဖိုးမြင့်မားစွာ နေရာမယူနိုင်သေးသော်လည်း ပြည်ပဈေးကွက်သို့ စွန့်ပစ် ပစ္စည်းမှ တန်ဖိုးမြင့် အချောထည်ပစ္စည်းအဖြစ်သို့ ပြောင်းလဲ၍ အဆင့်အတန်းမီစွာ ထိုးဖောက်ဝင်ရောက်နိုင်ရန် လိုအပ်ချက်များ ရှိနေသေးကြောင်းနှင့် မျိုးဆက်သစ်ပန်းပု ပညာရှင် အရေအတွက်နည်းပါးလာကြောင်း ပန်းပုပညာရှင် တစ်ဦးဖြစ်သူ ကိုရှိန်းလူက ပြောသည်။
ခွန်(ဝင်း)