ခြူးစန္ဒီနွေး
လွန်ခဲ့တဲ့သုံးပတ်ကျော်ခန့်က ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ပြုလုပ်ခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာတော့ ယူအေအီး၊ တူရကီနဲ့ ရုရှားနိုင်ငံတို့အပါအဝင် နိုင်ငံအချို့ကနေ ကတိရရှိခဲ့ပါတယ်။ အဲဒီကတိကစစ်ပွဲတွေဖြစ်နေတဲ့ လစ်ဗျားနိုင်ငံကို လက်နက်တွေ၊ ကြေးစားစစ်သည်တွေ ထောက်ပံ့တာမျိုး မလုပ်တော့ဘူးဆိုတဲ့ကတိပါပဲ။ အဲဒီနေ့က ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ကြတဲ့ ဥရောပနဲ့ အမေရိကန် ခေါင်းဆောင်တွေကတော့ လစ်ဗျားနိုင်ငံကိုလက်နက်ထောက်ပံ့နေကြတဲ့အပေါ် အတင်းကြီးဖိအားပေးခဲ့တာမျိုး မရှိပါဘူး။ ကုလသမဂ္ဂရဲ့လက်နက်တင်ပို့ခွင့် ပိတ်ပင်မှုကို အတင်းအကျပ်လိုက်နာခိုင်းပြီး မလိုက်နာရင် ပိတ်ဆို့အရေးယူမှုတွေပြုလုပ်မယ်ဆိုတာမျိုးလည်း မလုပ်ခဲ့ကြပါဘူး။ လစ်ဗျား စစ်ပွဲအတွင်း လက်နက်ထောက်ပံ့ကြသူတွေက သူတို့ဘာသာသူတို့ ဒီကတိကို ပေးခဲ့ကြတာပါ။
လက်နက်တင်ပို့မှု ပိုမိုများလာ
ဘာလင်မြို့မှာကျင်းပတဲ့ ထိပ်သီးအစည်းအဝေး အပြီးမှာတော့ ကုလသမဂ္ဂက ကျောထောက်နောက်ခံ ပြုထားတဲ့ လစ်ဗျားအစိုးရတပ်တွေနဲ့ အရှေ့ပိုင်းအခြေစိုက်သူပုန်တပ်ဖွဲ့တွေဆီ လက်နက်တင်ပို့မှုတွေများ ပြားလာခဲ့ပါတယ်။ တူရကီဘက်ကရော ယူအေအီး ဘက်ကပါ လက်နက်တွေ ပိုမိုတင်ပို့လာတာပါပဲ။ တူရကီ ဘက်က လေကြောင်းရန်ကာကွယ်ရေးစနစ်၊ လက်နက် ကြီးများ ထောက်ပံ့ပေးခဲ့ပြီး တူရကီ-ဆီးရီးယား ကြေးစား တိုက်ခိုက်ရေးသမား၊ စစ်ရေးအကြံပေးနဲ့ စစ်ရေးလေ့ကျင့် ပေးသူ စုစုပေါင်း ၃၅၀၀ ကိုလည်း လစ်ဗျားနိုင်ငံကိုစေလွှတ် ခဲ့ပါတယ်။ တူရကီဘက်ကပေးတဲ့အကူအညီတွေက တော့ ထရီပိုလီမြို့မှာရှိတဲ့ ကုလသမဂ္ဂက ကျောထောက် နောက်ခံပြုထားတဲ့အစိုးရကို ထောက်ပံ့ပေးဖို့ပါပဲ။
ယူအေအီးကလည်းထောက်ပံ့
တစ်ချိန်တည်းမှာပဲ ယူအေအီးဘက်က ကုန်ပစ္စည်း တင်လေယာဉ်တွေဟာလည်း ခါလစ်ဖာဟတ်ဖ်တာ ဦးဆောင်တဲ့ အရှေ့ပိုင်းအခြေစိုက်တပ်တွေကို ထောက်ပံ့ ပေးဖို့ ထွက်ခွာလာခဲ့ကြပါတယ်။ ခါလစ်ဖာဦးဆောင်တဲ့ တပ်တွေဟာ ပြီးခဲ့တဲ့နှစ် ဧပြီလကစလို့ထရီပိုလီမြို့ကိုသိမ်းယူနိုင်ရေး အပြင်းအထန်ကြိုးစားကြရင်း လစ်ဗျား နိုင်ငံရဲ့တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာတာပဲ ဖြစ်ပါ တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ယူအေအီးအာဏာပိုင်တွေကိုမေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပါဘူး။ ရုရှားနိုင်ငံကတော့ ဝက်ဂ်နာအုပ်စုအတွက်အလုပ်လုပ်ပေးနေတဲ့ ကြေးစားစစ်သည်တွေနဲ့ အဆက်အသွယ် မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ဝက်ဂ်နာအုပ်စုက ကြေးစား တပ်ဖွဲ့ဝင်တွေဟာ ခါလစ်ဖာရဲ့တပ်ဖွဲ့ဝင်တွေကို ကူညီပြီး တိုက်ခိုက်ပေးနေတာလည်း ဖြစ်ပါတယ်။
စစ်ပွဲတွင်ပါဝင်ရသည့်အကြောင်း
ဒီလိုအချိန်မှာပဲ အမေရိကန်နဲ့ ဥရောပခေါင်းဆောင် တွေကတော့ လစ်ဗျားနိုင်ငံရေးမှာ စေ့စပ်ညှိနှိုင်းပေးဖို့ ကြိုးစားနေတုန်းပဲလို့ ပြောပါတယ်။ အပစ်အခတ် ရပ်စဲရေးနဲ့နိုင်ငံရေးအရ အဖြေရှာမှုတွေ ပြုလုပ်ဖို့ သင့်တော်တဲ့လုပ်ဆောင်မှုတွေကို လုပ်ဆောင်ဆဲပဲလို့ အမေရိကန်နဲ့ဥရောပက အရာရှိတွေက ပြောပါတယ်။ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟေမီအက်ခ်ဆွိုင်းကတော့ တူရကီအနေနဲ့ လစ်ဗျားစစ်ပွဲ မှာ ပါဝင်ရခြင်းအကြောင်းကတော့ ကုလသမဂ္ဂက ကျောထောက်နောက်ခံပေးထားတဲ့ လစ်ဗျားအစိုးရရဲ့တောင်းဆိုမှုကြောင့်လို့ပြောပါတယ်။ တူရကီနိုင်ငံရဲ့ ထောက်ပံ့မှုတွေဟာ ကုလသမဂ္ဂရဲ့ တားမြစ်မိန့်ကို ချိုးဖောက်ခြင်းမရှိပါဘူးလို့ ပြောကြားခဲ့ပါတယ်။
ကတိမတည်ကြ
စစ်ရေးအရကျွမ်းကျင်သူတွေ၊ လေ့ကျင့်ပေးသူ တွေကို လစ်ဗျားဆီ စေလွှတ်ပေးခဲ့ခြင်းသာဖြစ်တယ်လို့တူရကီ ဘက်က ဆက်ပြောပါတယ်။ ကုလသမဂ္ဂကတော့ တိုက်ပွဲဖြစ်နေတဲ့ နှစ်ဖွဲ့စလုံးကို အပစ်အခတ်ရပ်စဲကြဖို့ ဆွေးနွေးပြောဆိုခဲ့ပါတယ်။ လစ်ဗျားနိုင်ငံအတွင်းကို လက်နက်တင်ပို့မှု ရပ်သွားတယ်ဆိုတဲ့ တိုးတက်မှုမျိုး မတွေ့ရဘူးလို့ ကုလသမဂ္ဂအရာရှိတွေနဲ့ သုတေသီတွေ က ပြောပါတယ်။ ဘာလင်အစည်းအဝေးပွဲရဲ့ ကတိတွေ ကို မစောင့်ထိန်းကြပါဘူး။ လက်နက်တင်သွင်းခွင့်ပိတ်ပင်တားဆီးတဲ့ အမိန့်ဟာ ဘာမှအသုံးမဝင်သလိုပါပဲ။ ယနေ့လစ်ဗျား နိုင်ငံရဲ့ကံကြမ္မာကတော့ အခြားသော နိုင်ငံခြောက် နိုင်ငံရဲ့လက်ထဲမှာ ရှိနေပါတယ်။ ၂၀၁၁ခုနှစ် အစောပိုင်း ကစလို့ လစ်ဗျားနိုင်ငံအတွင်း လက်နက်၊ ကြေးစားတပ်ဖွဲ့နဲ့ လေ့ကျင့်သင်ကြားပေးသူတွေ စီးဝင် လာခဲ့ပါတယ်။
ချိုးဖောက်ခံနေရ
လစ်ဗျားနိုင်ငံကို လက်နက်ထောက်ပံ့ခဲ့ကြတဲ့ နိုင်ငံတွေကို ကုလသမဂ္ဂနဲ့အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ခဲ့ကြခြင်းမရှိပါဘူး။ လစ်ဗျား နိုင်ငံမှာလက်ရှိဖြစ်နေတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး တကယ်ပဲစိတ်ပျက်မိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။ အချို့သော တိုင်းပြည်တွေရဲ့ ကတိမတည်မှုကိုလည်း ပြောသွား ခဲ့ပါတယ်။ သူတို့ဟာ လစ်ဗျားနိုင်ငံရဲ့ အရေးကိစ္စမှာ ပါဝင်စွက်ဖက်ခြင်းမရှိဘူးလို့ ကတိတွေ ပေးခဲ့ကြတယ်။ နောက်ပြီး လက်နက်ပေးပို့တာ၊ ပါဝင်တိုက်ခိုက်ပေးတာမျိုး မလုပ်ပါဘူးလို့လည်း ကတိတွေပေးခဲ့ကြပါတယ်။ အမှန်တရားကတော့ လုံခြုံရေးကောင်စီရဲ့လက်နက် တင်ပို့ခွင့်အမိန့်ဟာ အခုချိန်အထိ ချိုးဖောက်ခံနေရတုန်း ပါပဲ။
လက်နက်တွေ ဆက်လက်ရောက်လာဆဲ
လစ်ဗျားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စား လှယ် ဂတ်စ်ဆန်စလိန်းကတော့ ဘာလင်မြို့မှာ ပြုလုပ် ခဲ့တဲ့အစည်းအဝေးကို ဘယ်သူကမှ လေးစားလိုက်နာ ခြင်းမရှိဘူး။ လစ်ဗျားကို လက်နက်အသစ်တွေ၊ ကြေးစား တပ်ဖွဲ့ဝင်တွေဟာ လေကြောင်းကရော ရေကြောင်း ကပါ တဖွဲဖွဲရောက်လာကြဆဲလို့ပြောပါတယ်။ လစ်ဗျား နိုင်ငံမှာဆိုရင် တူရကီဟာ ရေနံနဲ့ဆောက်လုပ်ရေး စာချုပ်တွေကနေ ဒေါ်လာဘီလီယံနဲ့ချီ ဝင်ငွေရဖို့ နည်းလမ်းရှာနေပြီး အရှေ့အလယ်ပိုင်းဒေသနဲ့ မြေထဲ ပင်လယ်တို့မှာ လွှမ်းမိုးနိုင်ရေး ကြိုးပမ်းနေကြပါတယ်။ ယူအေအီး၊ အီဂျစ်အပါအဝင် ဒေသတွင်းနိုင်ငံတွေကတော့ တူရကီရဲ့ လွှမ်းမိုးမှု အင်အားကြီးထွားလာမှာကို ကြောက်ရွံ့နေကြပါတယ်။
တူရကီဆီအကူအညီတောင်း
ကုလသမဂ္ဂက ကျောထောက်နောက်ခံပြုပေးထား တဲ့ လစ်ဗျားအစိုးရကတော့ တူရကီဆီက စစ်ရေးအရ အကူအညီတွေ ပိုမိုရရှိအောင် တောင်းဆိုလာတယ်။ စီးပွားရေးအရသာမက လုံခြုံရေးဆိုင်ရာ သဘောတူညီ မှုတွေနဲ့ ဆွဲဆောင်မှုပြုလုပ်ခဲ့ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ လစ်ဗျားနိုင်ငံမှာ အပစ်အခတ် ရပ်စဲရေးအတွက် တိုက်ပွဲဖြစ်နေတဲ့ နှစ်ဖက်စလုံးကို မော်စကိုသို့ ခေါ်ယူပြီး ငြိမ်းချမ်းရေးရဖို့ကြိုးပမ်းပေးခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ခါလစ်ဖာဟတ်ဖ်တာဟာ ငြိမ်းချမ်းရေးစာချုပ်မှာ လက်မှတ်မထိုးဘဲပြန်သွားခဲ့ ပါတယ်။ ဒီလိုပါပဲ။ ဥရောပခေါင်းဆောင်တွေဟာလည်း ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ အစည်းအဝေးပြုလုပ်ပြီး လစ်ဗျားနိုင်ငံရဲ့ ပြဿနာကိုဖြေရှင်းပေးဖို့ ကြိုးပမ်းခဲ့ ပါတယ်။
တိုက်ပွဲတွေအတွက်လောင်စာ
ဘာလင်မှာ ဆွေးနွေးမှုမစတင်မီကတည်းက လစ်ဗျားနိုင်ငံရဲ့နေရာအချို့မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ ပါတယ်။ အရပ်သားတွေနေထိုင်တဲ့ နေရာတွေလည်း ထိခိုက်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် ဧပြီလကစလို့ လူပေါင်း ထောင်နဲ့ချီပြီးသေဆုံး၊ ဒဏ်ရာရရှိမှုတွေရှိသလို လူပေါင်း ၁၅၀၀၀ဝ ဟာလည်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ နိုင်ငံခြားကလက်နက်တွေ စီးဝင်နေသရွေ့တော့ လစ်ဗျား နိုင်ငံရဲ့ တိုက်ပွဲတွေကိုလောင်စာပေးသလိုဖြစ်နေဦးမှာပါပဲ။ ။
ကိုးကား - ဝါရှင်တန်ပို့စ်
မြန်မာ့အလင်း