၁၈  ဖေဖော်ဝါရီ

ဂျပန်နိုင်ငံရဲ့ စီးပွားရေးဟာ ငါးနှစ်ကျော်ဆိုတဲ့ကာလအတောအတွင်းမှာ အတော်လေး ကျဆင်းခဲ့ပြီး သုံးလတစ်ကြိမ် ဂျီဒီပီ တိုးတက်မှုနှုန်းဟာလည်း အဆိုးဆုံးပမာဏလို့ ဆိုရလောက်တဲ့အထိ ကျုံ့သွားခဲ့ပါတယ်။ အခွန်အခကြီးမြင့်မှုနဲ့ နိုင်ငံအတွင်း ဝင်ရောက်တိုက်ခတ်သွားခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေကလည်း ကမ္ဘာ့တတိယစီးပွားရေး အင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ ဂျပန်ကို ထိုးနှက်ခဲ့ပါတယ်။

ပြည်တွင်းထုတ်ကုန်လျော့ကျ

ပြီးခဲ့တဲ့ ဒီဇင်ဘာလအထိသုံးလတာအတွင်း ဂျပန်ရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန်ပမာဏဟာဆိုရင် ယခင် သုံးလပတ်ကထက် ၁ ဒသမ ၆ ရာခိုင်နှုန်း လျော့ကျသွားခဲ့ ပါတယ်။ ဒါတောင် တရုတ်နိုင်ငံမှာ စတင်ပျံ့နှံ့ခဲ့တဲ့ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုက အဲဒီအချိန် ဂျပန်ကို ရောက်ရှိမလာသေးဘူးလို့ ဖေဖော်ဝါရီ ၁၇ ရက်မှာ ရိုက်နှိပ်ဖော်ပြတဲ့ အစိုးရစာရင်းအင်း အချက်အလက်တွေမှာ ဆိုထားပါတယ်။

ဖော်ပြပါ သုံးလပတ်ကာလအတွင်းမှာပဲ နိုင်ငံရဲ့ စားသုံးခွန်ကောက်ခံမှုဟာ ၈ ရာခိုင်နှုန်းကနေ ၁ဝ ရာခိုင် နှုန်းအထိ မြင့်တက်သွားခဲ့သလို လူပေါင်း ၁၀၀ အထိ အသက်ဆုံးရှုံးစေခဲ့ပြီး ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ ဟာဂီဘစ်မုန်တိုင်း ဝင်ရောက်မှုကလည်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပျက်ခဲ့ပါတယ်။ စီးပွားရေးပညာရှင်တွေ ၁ ရာခိုင်နှုန်းလောက်အထိ ကျုံ့သွားနိုင်တဲ့ ဂျပန်ရဲ့ စီးပွားရေးအခြေအနေအတွက် အားတင်းထားရပေမယ့်လည်း အဲဒီလောက်အထိဆိုးရွားတဲ့ အခြေအနေရောက် ရှိမယ်လို့ မျှော်မှန်းမထားဘူးလို့ ဆိုကြပါတယ်။

စားသုံးသူလျော့ကျ

နိုရင်ချုံကင် သုတေသနအင်စတီကျုက စီးပွားရေး ကျွမ်းကျင်သူအကြီးအကဲ တာကီရှီမီနာမီက နိုင်ငံ့ စီးပွားရေးဟာ စစ်မရောက်ခင်းကုန်မယ့် အခြေအနေမျိုး ဖြစ်မှာစိုးရတယ်လို့ ပြောကြားခဲ့ပါတယ်။ သဘာဝဘေး အန္တရာယ်တွေကြောင့် အထိနာခဲ့တာမျိုး ရှိခဲ့တာမှန်သလို အစိုးရက ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေအတွက် အစီအမံတွေ ချမှတ်ဆောင်ရွက်ပေးခဲ့ပေမယ့်လည်း အခွန်အခတွေ တိုးကောက်လိုက်ပြီးတဲ့နောက်မှာ အထူးသဖြင့် စားသုံးသူအလားအလာ လျော့ကျအားနည်းသွားတယ်လို့ ၎င်းက အေအက်ဖ်ပီသို့ ဖြေကြားခဲ့ပါတယ်။

စားသုံးခွန်မြင့်တက်မှုဂယက်

ဖေဖော်ဝါရီ ၁၇ ရက်မှာ ထွက်ပေါ်လာတဲ့ စာရင်းအချက်အလက်တွေအရ ၂၀၁၄ ခုနှစ်ရဲ့ ဒုတိယသုံးလပတ် အချိန်ကတည်းကစတင်ပြီး နိုင်ငံ့စီးပွားရေးဟာ ၁ ဒသမ ၉ရာခိုင်နှုန်းကျဆင်းသွားခဲ့ကာ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်း အကြီးအကျယ် ဆုတ်ယုတ်သွားခဲ့တာကို တွေ့ရပါတယ်။

အဲဒီသုံးလပတ်မတိုင်မီမှာ စားသုံးခွန်ကို ၅ ရာခိုင် နှုန်းကနေ ၈ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ပြီး နောက်ဆုံး ဖြစ်ပေါ်ခဲ့တဲ့ စီးပွားရေးကျဆင်းမှု အခြေအနေဟာဆိုရင် ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်မှာ စတင် အသက်ဝင်ခဲ့တဲ့ စားသုံးခွန် ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့် လိုက်ခြင်းကြောင့် ရိုက်ခတ်သွားတဲ့ဂယက် ဖြစ်တယ်လို့ စီးပွားရေး လေ့လာသူတွေက ကောက်ချက်ချကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရဲ့ သက်ရောက်မှု

ပုဂ္ဂလိကစားသုံးမှုမှာ အတော်လေး အထိနာခဲ့ပြီး ပထမငါးလမှာ ၂ ဒသမ ၉ ရာခိုင်နှုန်းအထိ ပထမဆုံး အကြိမ် ကျဆင်းခဲ့ပါတယ်။ စားသုံးသူတွေအနေနဲ့ အခွန်အခ ကြီးမြင့်မှုကနေ သက်သာရာရစေဖို့အတွက် အစိုးရက ငွေသားနဲ့ မဟုတ်တဲ့ ငွေပေးချေမှုစနစ်တွေကနေ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ဖို့ ဆောင်ရွက်ပေးခဲ့တာတွေ ရှိပေမယ့်လည်း စက်ရုံတွေနဲ့ပစ္စည်းကိရိယာတန်ဆာပလာတွေအတွက် အသုံးစရိတ် ၃ ဒသမ၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

လက်ရှိမှာတော့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ခြိမ်းခြောက်နေတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုက ကမ္ဘာ့စီးပွားရေးအင်အားကြီး တတိယနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံကို ဘယ်လိုသက်ရောက်မှု ရှိလာမလဲဆိုတာ စီးပွားရေးပညာရှင်တွေက မျက်စိဒေါက်ထောက်ပြီး စောင့်ကြည့်နေပါတယ်။ ဗိုင်းရပ်စ်ပျံ့နှံ့မှုက အခုဆို ဂျပန် ကုမ္ပဏီတွေရဲ့ ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်မှုတွေနဲ့ ခရီးသွားလုပ်ငန်းတွေကို စပြီးအနှောင့်အယှက်ပေးနေပါပြီ။

အလားအလာမှေးမှိန်

ဒီတော့ ယခုနှစ်ရဲ့ ပထမလေးလပတ်မှာ ဂျပန်အနေနဲ့ စီးပွားရေး ပြန်လည်တိုးတက်မှုရှိလာဖို့ အလားအလာ ကတော့ မှေးမှိန်လွန်းတယ်လို့ မီနာမီက သုံးသပ်ပြောဆို ခဲ့ပါတယ်။ အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ သုံးလပတ်အတွင်း ပုဂ္ဂလိကစားသုံးမှုနှုန်းကို စာရင်းကောက်ဖို့ရှိဦးမှာ ဖြစ်ပေမယ့် လာမယ့် လအနည်းငယ်အတွင်းမှာ စီးပွားရေးအခြေအနေ ပြန်ကောင်းလာဖို့ ရ ှိမရှိဆိုတာက ဗိုင်းရပ်စ်ပျံ့နှံ့မှု ဘယ်လိုရှိလာဦးမလဲဆိုတဲ့အပေါ် မူတည်နေတယ်လို့ သိရပါတယ်။

ဝယ်လိုအားကွင်းဆက်ကို ထိခိုက်နိုင်

ဒါ့အပြင် တရုတ်နိုင်ငံဆီက ကုန်သင်္ဘောတွေ ဝင်ရောက်မှု နှောင့်နှေးကြန့်ကြာတာတွေကလည်း ဝယ်လိုအား ကွင်းဆက်ကို လာပြီးတော့ ထိခိုက်နိုင်ပါသေးတယ်။ ဒုတိယသုံးလပတ်မှာ စီးပွားရေးထပ်သွားဖို့ ဖြစ်နိုင်ခြေ ရှိတယ်လို့လည်း ခန့်မှန်းတွက်ချက် နေကြပါတယ်။

ဂျပန်ကျန်းမာရေးဝန်ကြီး နာအိုယာအိုရှီကူဘိုက ပြည်သူလူထုအနေနဲ့ လူထူထပ်များပြားတဲ့ နေရာတွေကို ရှောင်ကြဉ်ဖို့နဲ့ လုပ်ငန်းခွင်သွားတဲ့ ရထားတွေမှာ လူတွေ ပြည့်ညပ်နေအောင် စီးနင်းတာတွေ အပါအဝင် မလိုအပ်ဘဲ လူထုစုဝေးတာမျိုးတွေ မလုပ်ကြဖို့ ဗိုင်းရပ်စ်ပျံ့နှံ့မှုကာကွယ်ရေး သတိပေးနှိုးဆော်ချက်အနေနဲ့ တိုက်တွန်းထားပါတယ်။

ဝယ်လိုအားမြင့်တက်ဖို့ မျှော်မှန်းထား

ဒါပေမယ့်လည်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုဟာ ၂၀၂၀ ပြည့်နှစ်ရဲ့ ပထမလေးလပတ်အတွင်းမှာ စီးပွားရေး ပြန်လည်ကောင်းမွန်ဖို့ အဟန့်အတားဖြစ်မှာ မဟုတ်ဘူးလို့ အကြီးတန်း စီးပွားရေး အကြံပေးတစ်ဦးဖြစ်တဲ့ နာအိုယာအိုရှီကူဘိုက ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတာ မှန်ပေမယ့်လည်း ၂၀၂၀ ပြည့်နှစ်ရဲ့ ပထမလေးလပတ်မှာ ပြင်ပဝယ်လိုအားဟာ ဆက်လက် တိုးတက်လာသင့်တယ်။ ဂျပန်ရဲ့ တကယ့် ဂျီဒီပီ ပမာဏရဲ့ ၀ ဒသမ ၈ ရာခိုင်နှုန်းလောက်သာ ပါဝင်နေတဲ့  ပြည်တွင်းခရီးသွားလုပ်ငန်းအပေါ်မှာ သေးငယ်တဲ့ သက်ရောက်မှုတစ်ခုလောက်တော့ ရှိနိုင်ပေမယ့် ဝယ်လိုအား ဆက်လက်မြင့်တက်လာဖို့ကိုတော့ မျှော်မှန်းတယ်လို့ အစိုးရစာရင်းအင်းအချက်အလက်တွေ မထုတ်ပြန်ခင်မှာ ၎င်းက ပြောခဲ့တာပါ။

ရန်ပုံငွေခွဲဝေသတ်မှတ်မည်

ရှေ့ဆက်သွားမယ်ဆိုရင် ၂၀၂၀ ပြည့်နှစ်ရဲ့ ပထမ လေးလပတ်နဲ့ အဲဒီကာလအလွန်မှာ ကောင်းမွန်တဲ့ တိုးတက်မှု အခြေအနေကို တွေ့ရနိုင်တယ်။ ပိုမိုကြီးမြင့်လာတဲ့ စားသုံးခွန်ရဲ့ အကျိုးဆက်အနေနဲ့ ပြည်တွင်း စားသုံးမှု အခြေအနေလည်း ပြန်ကောင်းလာသင့်တယ်လို့ ဆိုပါတယ်။ လအနည်းငယ်ကြာအောင် နောက်ဆုတ်လိုက်တဲ့ တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲတွေနဲ့အတူ ဂျပန်နိုင်ငံရဲ့ စီးပွားရေးအတွက် စီးပွားရေးအရ သိသာထင်ရှားတဲ့ ကောင်းကျိုးရလဒ်တွေ တွေ့မြင်ရနိုင်တယ် လို့လည်း စီးပွားရေးကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

ဗိုင်းရပ်စ်ကြောင့် စီးပွားရေးအပေါ်မှာ သက်ရောက် လာနိုင်တာကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် ဂျပန်အစိုးရက လေဆိပ်တွေမှာ စစ်ဆေးစုံစမ်းမှုတွေ ဆောင်ရွက်ဖို့ အပါအဝင် ဂျပန်ယန်းငွေ ၁၅ ဒသမ ၃ ဘီလီယံ (အမေ ရိကန်ဒေါ်လာ ၁၃၉ သန်း) ရန်ပုံငွေ ခွဲဝေသတ်မှတ်ဖို့ စီစဉ်နေပါတယ်။ ။

ကလျာမိုးမြင့်

ကိုးကား-အေအက်ဖ်ပီ