ဓာတ်မတည့်ဖြစ်စဉ်တွေထဲမှာ တော်တော်လေးကို ရှားပါးတဲ့ ဖြစ်စဉ်လို့ ဆိုရမှာပါ။ များသောအားဖြင့် သောက်ဆေးအသစ်တွေကို စသောက်တဲ့အခါမှာ ဒီလိုဓာတ်မတည့်လက္ခဏာကို တွေ့ရနိုင်ပါတယ်။ ကိုယ်ခံအားစနစ်က တခြားဘက်တီးရီးယားနဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ရမယ့်အစား သောက်ဆေးနဲ့ ဓာတ်ပြုပြီး ဓာတ်မတည့်လက္ခဏာမျိုး ဖြစ်စေပါတယ်။

 

ဓာတ်မတည့်လက္ခဏာက ပြင်းထန်နိုင်လား

 

များသောအားဖြင့် ဓာတ်မတည့်လက္ခဏာက မပြင်းထန်ပါဘူး။ ပုံမှန်အရေပြားမှာ အင်ပျဉ်ထတာမျိုး လောက်ပဲ ဖြစ်နိုင်ပါတယ်။ ပြင်းထန်တဲ့ ဓာတ်မတည့်အခြေအနေမှာတော့ အသက်ရှူကျပ်ခြင်း၊ နှလုံးခုန်နှုန်း အရမ်းမြန်လာခြင်း၊ အရေပြားဖောရောင်လာခြင်း၊ သတိလစ်ခြင်း၊ အဖျားတက်ပြီး ချမ်းတုန်ခြင်းတွေပါ ဖြစ်နိုင်ပါတယ်။

 

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ

 

ကိုယ်ခံအားစနစ်ဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို တခြားဘက်တီးရီးယားနဲ့ ရောဂါပိုးမွှားတွေရန်ကနေ ကာကွယ်ပေးပါတယ်။ တခြားသော ဓာတ်မတည့်ဖြစ်စဉ်တွေလိုပဲ၊ ကိုယ်နဲ့ မတည့်တဲ့ ဆေးတစ်မျိုးမျိုးကို သောက်မိလိုက်တဲ့အခါ ကိုယ်ခန္ဓာက ဒီဆေးကို တခြားအန္တရာယ်ပြုနိုင်လောက်တဲ့ ပစ္စည်းတွေနဲ့ မှားယွင်းပြီး ဓာတ်ပြုကာ တိုက်ခိုက်ပါတယ်။ ကိုယ်ခံအားစနစ်က ဒီဆေးတွေနဲ့ ဓာတ်ပြုနေစဉ်မှာ အချက်ပေးတဲ့အနေနဲ့ ကိုယ်ခန္ဓာနဲ့ အရေပြားမှာ ဓာတ်မတည့်လက္ခဏာတွေ ဖြစ်လာရတာပါ။

 

ဘယ်လိုသောက်ဆေးတွေက ဓာတ်မတည့်နိုင်ခြေ အများဆုံးလဲ

 

ပင်နီဆလင် (Penicillin) ကဲ့သို့ ပဋိဇီဝပိုးသတ်ဆေးတွေ၊ Ibuprofen ကဲ့သို့ စတီးရွိုက်မဟုတ်တဲ့ အရောင်ကျစေတဲ့ ဆေးတွေ၊ Ccarbamazepine နဲ့ Lamotrigine အစရှိတဲ့ အတက်ကျဆေးတွေ၊ Docetaxel, Paclitaxel, Procarbazine ကဲ့သို့ ကင်ဆာကုထုံးဆေးတွေက ဓာတ်မတည့်ခြင်း ဖြစ်နိုင်ခြေ အများဆုံးပါပဲ။

 

တချို့သော အကိုက်အခဲပျောက်ဆေး၊ ကင်ဆာကုထုံးဆေးဝါးတွေ၊ ထုံဆေး၊ X-Ray ဓာတ်မှန်ရိုက်တဲ့အခါ သုံးရတဲ့ ဆိုးဆေးတွေကို ပထမဆုံးအကြိမ် အသုံးပြုတဲ့အခါ ဓာတ်မတည့်ခြင်းနဲ့ ပုံစံချင်းဆင်တူတဲ့ လက္ခဏာမျိုးတွေ ပြတတ်ပြီး နောက်ပိုင်းမှာတော့ အဆင်ပြေသွားပါတယ်။ ဒါကိုတော့ ဓာတ်မတည့်ခြင်းလို့ မဆိုပါဘူး။

 

သောက်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ ဓာတ်မတည့်တာ တူသလား

 

လုံးဝမတူပါဘူး။ ဓာတ်မတည့်ခြင်း (Drug Allergy) သည် ဆေးကြောင့်မဟုတ်ဘဲ လူရဲ့ကိုယ်ခံအားစနစ်က ဆေးကို လက်မခံတာကြောင့် ဖြစ်ရတာပါ။ ဘေးထွက်ဆိုးကျိုး (Side Effect) ကတော့ ဒီဆေးကို သောက်လိုက်တဲ့သူတိုင်း ဖြစ်နိုင်ပြီး ဓာတ်တည့်ခြင်း မတည့်ခြင်းနဲ့ မဆိုင်ပါဘူး။ တချို့သောဘေးထွက်ဆိုးကျိုးတွေကတော့ ဆေးသောက်ကာစမှာသာ ဖြစ်တတ်ပြီး အချိန်ကြာလာတာနဲ့အမျှ ဝေဒနာသက်သာသွားပါတယ်။

 

ဘယ်လိုကုသနိုင်မလဲ

 

သောက်ဆေးအသစ် သောက်ပြီးလို့ အထက်မှာပြောခဲ့တဲ့ လက္ခဏာတွေ တွေ့ရပြီဆိုတာနဲ့ ဆေးညွှန်းပေးခဲ့တဲ့ ဆရာဝန်နဲ့ ပြန်သွားပြဖို့လိုပါတယ်။ ကိုယ့်ရဲ့ ဓာတ်မတည့်အခြေအနေက မပြင်းထန်ဘူးဆိုရင်တော့ ဆရာဝန်အနေနဲ့ ဆေးပြောင်းတာမျိုး၊ ဒီဆေးကိုပဲ ဆက်သောက်ဖို့ ပြောမှာပါ။ အရမ်းပြင်းထန်လာတဲ့အခြေအနေမှာတော့ ဆေးကို လုံးဝရပ်လိုက်မှာဖြစ်ပြီး ဒီဆေးရဲ့ ဓာတ်ပစ္စည်းတွေ မပါဝင်တဲ့ ဆေးအသစ်တစ်မျိုးကို ပေးပါလိမ့်မယ်။ ဆေးပြောင်းပြီးတဲ့အခါမှာလည်း ဆရာဝန်အနေနဲ့ ဓာတ်မတည့်အခြေအနေ ရှိနိုင်သေးလားဆိုတာကို သေချာကြည့်ရှုပြီး စိတ်ချရပြီဆိုမှ ဒီဆေးကို ဆက်သောက်ဖို့ အတည်ပြုမှာပါ။ ကိုယ့်သဘောနဲ့ ကိုယ် ဆေးရပ်လိုက်တာမျိုးတော့ လုံးဝလုပ်လို့မရပါဘူး။ အထူးသဖြင့် ရောဂါကုသဖို့အတွက် သောက်တဲ့ဆေးနဲ့ ဓာတ်မတည့် တာမျိုးမှာတော့ ဆရာဝန်နဲ့ မဖြစ်မနေပြကိုပြရပါမယ်။

 

ရှားပါးဓာတ်မတည့်ဖြစ်စဉ်ဆိုပေမယ့် လုံးဝမရှိတာမျိုး မဟုတ်တာကြောင့် ဘယ်လို သောက်ဆေးအသစ်ကိုမဆို သောက်ပြီးတာနဲ့ နာရီဝက်ကနေ တစ်နာရီအတွင်း ကိုယ့်မှာ ပုံမှန်မဟုတ်တဲ့ ထူးခြားမှုမျိုး၊ ဓာတ်မတည့်လက္ခဏာတွေ တွေ့ရတတ်လားဆိုတာ သေချာစောင့်ကြည့်ဖို့လိုပါတယ်။ ဒီအချိန်အတွင်းမှာမှ လက္ခဏာမပြဘူးဆိုရင် ကိုယ်နဲ့ သောက်နေတဲ့ဆေး တည့်တယ်လို့ ဆိုနိုင်ပါတယ်။

 

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”